စတီဂန်အတွက် ဆော်ဒီအာရေဗျမှ ကမ်းလှမ်းမှုများကို ဘာစီလိုနာ နားစွင့်နေပြီး ဆာဂျီရောဘတ်တိုနှင့် မားကို့စ်အလွန်ဆိုတို့လည်း အသင်းမှထွက်ခွာမည်

စတီဂန်အတွက် ဆော်ဒီအာရေဗျမှ ကမ်းလှမ်းမှုများကို ဘာစီလိုနာ နားစွင့်နေပြီး ဆာဂျီရောဘတ်တိုနှင့် မားကို့စ်အလွန်ဆိုတို့လည်း အသင်းမှထွက်ခွာမည်
Photo : Getty Images
Photo : Getty Images
Published 26 February 2024

စပိန်ထိပ်သီးကလပ် ဘာစီလိုနာအသင်းသည် လာမည့်နွေရာသီတွင် ကစားသမားအပြောင်းအလဲများစွာ ပြုလုပ်သွားဖွယ်ရှိနေပြီး အသင်း၏ အဓိကဂိုးသမားဖြစ်သူ ဂျာမနီလက်ရွေးစင်ဂိုးသမား စတီဂန်အတွက် ဆော်ဒီအာရေဗျကလပ်အသင်းများ၏ ကမ်းလှမ်းမှုကို နားစွင့်နေကြောင်း စပိန်အားကစားသတင်းစာ Football Espana  ကဖော်ပြခဲ့သည်။

အသက် (၃၁)နှစ်အရွယ်ရှိ ဂျာမန်ဂိုးသမား စတီဂန်သည် ၂၀၁၄ နွေရာသီအပြောင်းအရွှေ့က ဂျာမန်ကလပ် မိုချန်ဂလာဘတ်အသင်းမှ ဘာစီလိုနာအသင်းသို့ ယူရို (၁၂)သန်းဖြင့်ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး အစောပိုင်းတွင် ပုံမှန်ပွဲထွက်ခွင့်အတွက် ရုန်းကန်ခဲ့ရသော်လည်း အချိန်တိုအတွင်း အသင်း၏ အဓိကဂိုးသမားအဖြစ် ကာလရှည်လက်စွမ်းပြနိုင်ခဲ့သူဖြစ်သည်။ စတီဂန်သည် ဘာစီလိုနာအသင်းအတွက် (၁၀)ရာသီအတွင်း ပြိုင်ပွဲစုံ (၃၉၈)ပွဲအ ထိကစားပေးခဲ့ပြီး အသင်းနှင့်အတူ လာလီဂါချန်ပီယံဆု (၅) ကြိမ်၊ ချန်ပီယံလိဂ် (၁) ကြိမ်အပါအဝင် ဆုဖလား (၁၅)လုံးအထိရယူနိုင်ခဲ့သလို ပြီးခဲ့သည့် ၂၀၂၂-၂၃ ရာသီ က လာလီဂါရွှေလက်အိတ်ဆု (ဇာမိုရာဆု)ကို ရယူနိုင်ခဲ့သူဖြစ်သည်။ စတီဂန်အနေဖြင့် အသက်အရွယ်၊ လက်စွမ်း နှင့် အတွေ့အကြုံအရ လက်ရှိဥရောပအကောင်းဆုံးဂိုး သမားများထဲတွင် တစ်ဦးအပါအဝင်ဖြစ်သော်လည်း ယခုရာသီတွင် ဒဏ်ရာပြဿနာကြောင့် ကာလရှည်အနားယူခဲ့ရသလို၊ ၎င်း၏မြင့်မားသည့် လစာငွေမှာလည်း ဘဏ္ဍာရေးအကျပ်အတည်းကြုံတွေ့နေသည့် ဘာစီလိုနာအသင်းအတွက် ဖိအားဖြစ်လာဖွယ်ရှိနေကြောင်းသိရသည်။

ထို့ကြောင့် ဘာစီလိုနာအသင်းအနေဖြင့် ၂၀၂၈ ခုနှစ်အထိ စာချုပ်သက်တမ်းကျန်ရှိနေသည့် စတီဂန်အား လာမည့်နွေရာသီတွင် ရောင်းချရန်ပြင်ဆင်နေပြီး ဥရောပထိပ်တန်းကစားသမားများအား မြင့်မားသည့် ပြောင်းရွှေ့ ကြေးများဖြင့် ခေါ်ယူနေသာ ဆော်ဒီအာရေဗျကလပ်အသင်းများ၏ ကမ်းလှမ်းမှုကိုနားစွင့်နေကြောင်း စပိန်မီဒီယာများကဖော်ပြခဲ့ကြသည်။ လတ်တလောထွက်ပေါ်နေသည့် သတင်းများအရ ဂျာမန်စတား စတီဂန်အားခေါ်ယူရန် ဆော်ဒီအာရေဗျထိပ်သီးကလပ် အယ်လ်အစ်တီဟတ်ဒ်အသင်းက စိတ်ဝင်စားနေပြီး အသင်း၏အားကစားဒါရိုက်တာဖြစ်သူ ရာမွန်ပလာနက်စ်က ဘာစီလိုနာအားကစားဒါရိုက်တာဘဝတွင် လက်တွဲခဲ့ဖူးသည့် စတီဂန်အား ခေါ်ယူရန် ဆန္ဒရှိနေကြောင်းသိရသည်။

ထို့ပြင် ဘာစီလိုနာအသင်းသည် လာမည့်နွေရာသီတွင် စာချုပ်သက်တမ်းကုန်ဆုံးမည့် ဝါရင့်ကွင်းလယ်လူ ဆာဂျီရောဘတ်တို (၃၂ နှစ်)နှင့် စပိန်နောက်ခံလူ မားကို့စ် အလွန်ဆို (၃၃ နှစ်)တို့ကိုလည်း စာချုပ်သစ်ချုပ်ဆိုတော့ မည်မဟုတ်ဘဲ အသင်းမှထွက်ခွာခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။ လာမာစီယာအကယ်ဒမီထွက်ကစားသမား ဖြစ်သူ ဆာဂျီရောဘတ်တိုသည် လက်ရှိတွင် ဘာစီလိုနာ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူနေသူဖြစ်ပြီး စာချုပ်စည်းမျဉ်းအရ တစ်နှစ်သက်တမ်းတိုးခွင့်ရှိနေသော်လည်း အသင်းတာဝန်ရှိသူများမှ စာချုပ်သက်တမ်းမတိုးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း စပိန်အားကစားသတင်းစာ Football Espana ကဖော်ပြခဲ့သည်။

Most Read

Most Recent