တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့က ဖိလစ်ပိုင်အစိုးရ၏ ထောက်ပို့သင်္ဘောကို ပိတ်ဆို့ဟန့်တားရန် ကြိုးပမ်းခဲ့ကြောင်း ဖိလစ်ပိုင် စွပ်စွဲ

တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့က ဖိလစ်ပိုင်အစိုးရ၏ ထောက်ပို့သင်္ဘောကို ပိတ်ဆို့ဟန့်တားရန် ကြိုးပမ်းခဲ့ကြောင်း ဖိလစ်ပိုင် စွပ်စွဲ
ဖေဖော်ဝါရီ ၂၂ ရက်က တောင်တရုတ်ပင်လယ်အတွင်း ဖိလစ်ပိုင်ထောက်ပို့သင်္ဘော BRP Datu အနီးတွင် မောင်းနှင်နေသည့် တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့သင်္ဘောကို တွေ့ရစဉ်(Photo:AFP)
ဖေဖော်ဝါရီ ၂၂ ရက်က တောင်တရုတ်ပင်လယ်အတွင်း ဖိလစ်ပိုင်ထောက်ပို့သင်္ဘော BRP Datu အနီးတွင် မောင်းနှင်နေသည့် တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့သင်္ဘောကို တွေ့ရစဉ်(Photo:AFP)
Published 25 February 2024

တရုတ်၏ ကမ်းခြေစောင့်တပ်ဖွဲ့သည် ငါးဖမ်းသမားများအတွက် လောင်စာများ ထောက်ပံ့သည့် ဖိလစ်ပိုင်အစိုးရ၏ ထောက်ပို့သင်္ဘောတစ်စင်းကို ပိတ်ဆို့ဟန့်တားရန် ကြိုးပမ်းခဲ့ကြောင်း ဖိလစ်ပိုင်က ဖေဖော်ဝါရီ ၂၅ ရက် တွင် စွပ်စွဲခဲ့ပြီး ယင်းသည် သီတင်းနှစ်ပတ်အတွင်း ပိုင်ဆိုင်မှု အငြင်းပွားနေသည့် ကျောက်တန်းတစ်ခုအနီးတွင် ဒုတိယမြောက် ဖြစ်စဉ်တစ်ခုဖြစ်သည်။

ဖေဖော်ဝါရီ ၂၂ ရက်က တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့၏ သင်္ဘောတစ်စင်းနှင့် အခြား တရုတ်သင်္ဘောသုံးစင်းသည် စကာဘိုရော့သောင်အနီးရှိ ငါးဖမ်းသမားများအတွက် လောင်စာများ ဖြည့်တင်းပေးနေသည့် ဖိလစ်ပိုင်အစိုးရ၏ BRP Datu Sanday သင်္ဘောကို အနှောင့်အယှက်ပေးခဲ့သည်ဟု ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့က ပြောကြားခဲ့သည်။

တရုတ်သင်္ဘောလေးစင်းထဲမှ သုံးစင်းသည် Datu Sanday သင်္ဘော၏ ဦးပိုင်းမှ မီတာ ၁၀၀(၃၂၈ ပေ) အကွာအဝေးအတွင်း ဝင်ရောက်လာခဲ့ပြီး နောက်ယောင်ခံလိုက်ခြင်း၊ သင်္ဘော၏ ဆက်သွယ်ရေးစက်ကို အ နှောင့်အယှက်ပေးခြင်းနှင့် အခြားအန္တရာယ်ရှိသည့် ချဉ်းကပ်မောင်းနှင်မှုများ ပြုလုပ်ခဲ့သည်ဟု ဖိလစ်ပိုင်က ပြောကြားခဲ့သည်။

ထိုကဲ့သို့ လုပ်ဆောင်ချက်များရှိခဲ့သည့်တိုင် BRP Datu Sanday သင်္ဘော၏ မာလိန်မှူးသည် ထူးချွန်သည့် သင်္ဘောမောင်းနှင်မှု  စွမ်းရည်များကို ပြသခဲ့ပြီး ပိတ်ဆို့ဟန့်တားမည့် ကြိုးပမ်းမှုများကို ရှောင်ရှားနိုင်ခဲ့သည်ဟု ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့၏ တောင်တရုတ်ပင်လယ်အရေးနှင့်ပတ်သက်သည့် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဂျေးတာရီ ယယ်လာက ပြောကြားခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်အတွင်းကလည်း BRP Datu Tamblot သင်္ဘောသည် အဆိုပါ ရေပြင်နယ်နိမိတ်တွင် အလားတူဖြစ်စဉ်မျိုးနှင့် ရင်ဆိုင်ခဲ့ရသည်ဟု ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့က ပြောကြားခဲ့သည်။

၂၀၁၂ ခုနှစ်က တရုတ်သည် ဖိလစ်ပိုင်ထံမှ ထိုကျောက်တန်းကို သိမ်းယူခဲ့ပြီးကတည်းက ထိုကျောက်တန်းအနီးတစ်ဝိုက်ရှိ ရေပြင်နယ်နိမိတ်များသည် နှစ်နိုင်ငံအကြား   ပေါက်ကွဲလုနီးပါး အခြေအနေတစ်ခု ဖြစ်ခဲ့သည်။

ထိုအချိန်ကတည်းက တရုတ်သည် ကင်းလှည့်သင်္ဘောများကို ဖြန့်ကြက်ချထားခဲ့ပြီး တရုတ်၏ ထိုသင်္ဘောများသည် ဖိလစ်ပိုင်သင်္ဘောများကို နှောင့်ယှက်ခြင်း၊ ဖိလစ်ပိုင်သင်္ဘောများကို ငါးများပေါကြွယ်ဝသည့် ရေပြင်များသို့ သွားရောက်မှုကို တားဆီးခြင်းတို့ ပြုလုပ်ခဲ့သည်။

စကာဘိုရော့သောင်ခုံသည် ဖိလစ်ပိုင်၏ လူဇွန်ကျွန်း အနောက်ဘက် ၂၄၀ ကီလိုမီတာ (မိုင် ၁၅၀) အကွာတွင်တည်ရှိပြီး တရုတ်၏ ဟိုင်နန်ပြည်နယ်နှင့် ကီလိုမီတာ ၉၀၀ နီးပါးအကွာတွင် တည်ရှိသည်။

ဖိလစ်ပိုင်နှင့် တရုတ်အကြား ပြီးခဲ့သည့် နှစ်အတွင်း ပင်လယ်ရေကြောင်းဆိုင်ရာ နယ် နိမိတ်ပိုင်ဆိုင်မှုများနှင့်ပတ်သက်ပြီး ထိပ်တိုက်တွေ့ခဲ့ကာ ဖိလစ်ပိုင်ကမူ ၎င်း၏ အထူးစီးပွားရေးဇုန်အတွင်းတွင် တရုတ်သည် ရန်လိုသည့် လုပ်ရပ်များကို မကြာခဏ ပြုလုပ်နေသည်ဟု စွပ်စွဲခဲ့သည်။

တရုတ်ကမူ ဖိလစ်ပိုင်၏ စွပ်စွဲချက်များကို ငြင်းဆိုခဲ့ပြီး ဖိလစ်ပိုင်သည် တရုတ်၏ နယ်နိမိတ်အတွင်း ကျူးကျော်ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်ဟု တုံ့ပြန်ခဲ့သည်။

ဖိလစ်ပိုင်သည် ၎င်း၏ စစ်စခန်းများအား အမေရိကန်ကို အသုံးပြုခွင် ့ပိုမိုချဲ့ထွင်ပေးခဲ့ပြီး ပူးတွဲစစ်ရေး လေ့ကျင့်မှုများအပါအဝင် အမေရိကန်နှင့် ကာကွယ်ရေးပူးပေါင်း ဆောင်ရွက်မှုများ မြှင့်တင်ခဲ့ချိန်တွင် တရုတ် နှင့် တင်းမာမှုများ ပိုမိုမြင့်တက်ခဲ့သည်။

ဒေသတွင်း၌ တရုတ်က အင်အားပြမှုများ တိုးမြှင့်လာစဉ် အမေရိကန်သည် ၎င်းဒေသရှိ မဟာမိတ်နိုင်ငံများနှင့် ကာကွယ်ရေးဆိုင်ရာ ဆက်ဆံမှုများ ခိုင်မာအားကောင်းအောင် လုပ်ဆောင်ရန် ကြိုးပမ်းနေစဉ် ယခုလအတွင်း တောင်တရုတ်ပင်လယ်၌ ဖိလစ်ပိုင်နှင့်အတူ ရေကြောင်းနှင့်လေကြောင်းမှ ပူးတွဲ ကင်းလှည့်လည်မှုများကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

                   Ref:Reuters/AFP

Most Read

Most Recent