အတင်းအဓမ္မ စစ်သားစုဆောင်းခြင်း၊ ပေါ်တာဆွဲခြင်းများကို ကြုံတွေ့ရပါက ထုတ်ပြန်ပေးထားသည့် ဖုန်းနံပါတ်များသို့ အချိန်မရွေး ဆက်သွယ်မေးမြန်း တိုင်ကြားနိုင်ကြောင်း နစက ပြောရေးဆိုခွင့်ရှိသူ ပြောကြား

အတင်းအဓမ္မ စစ်သားစုဆောင်းခြင်း၊ ပေါ်တာဆွဲခြင်းများကို ကြုံတွေ့ရပါက ထုတ်ပြန်ပေးထားသည့် ဖုန်းနံပါတ်များသို့ အချိန်မရွေး ဆက်သွယ်မေးမြန်း တိုင်ကြားနိုင်ကြောင်း နစက ပြောရေးဆိုခွင့်ရှိသူ ပြောကြား
Published 25 February 2024

အတင်းအဓမ္မ စစ်သားစုဆောင်းခြင်း၊ ပေါ်တာဆွဲခြင်းများကို ကြုံတွေ့ရပါက ထုတ်ပြန်ပေးထားသည့် ဖုန်းနံပါတ်များသို့ အချိန်မရွေး ဆက်သွယ်မေးမြန်း တိုင်ကြားနိုင်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ  ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေ စတင်ပြီးအာဏာတည်ကြောင်း ပြဋ္ဌာန်းလိုက်သည့်အချိန်တွင် Exile မီဒီယာများ၊ အဖွဲ့အစည်းအချို့သည် လူငယ်တိုင်း ယခုချက်ချင်း တပ်ထဲဝင်ရမည်၊ စစ်ဆင်ရေးတာဝန် ထမ်းဆောင်ရမည်ဆိုသကဲ့သို့ ခြောက်လှန်ခဲ့ကြောင်း၊ ယင်းကိစ္စများနှင့်ပတ်သက်ပြီး ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဗဟိုအဖွဲ့နှင့် သတင်းထုတ်ပြန်ရေးအဖွဲ့များ ဖွဲ့စည်း၍ ပြန်ကြားနိုင်ရေး ဆောင်ရွက်ခဲ့ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

" ပြန်ကြားပေးဖို့အတွက် ဖုန်းနံပါတ်တွေ ပေးပြီး ပြည်သူလူထုနဲ့ တိုက်ရိုက်ထိတွေ့ ဖြေရှင်းတဲ့အခါမှာ ဒါတွေသည် မဟုတ်ဘူး၊ အလှည့်ကျ ဆောင်ရွက်ရမယ်။ နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ဘာကြောင့် တာဝန်ယူခိုင်းတာဖြစ်တယ်။ နိုင်ငံတော်ကာကွယ်ရေး တာဝန်ကို ဘာကြောင့် ဆောင်ရွက်ခိုင်းတာ ဖြစ်တယ်ဆိုတဲ့ အဖြေမျိုး ပြည်သူလူထုဆီကို ရောက်သွားတဲ့အခါမှာ အခုချိန်မှာ တစ်မျိုးပြောင်းပြီးတော့ ပြည်သူလူထုကို စိုးရိမ်ထိတ်လန့်မှုဖြစ်အောင်လုပ်နေပါတယ်။ ဒီဟာတွေကတော့ လူငယ်တွေ ဘယ်နေရာ ပျောက်သွားတယ်တို့၊ ဘယ်နေရာမှာ ဖမ်းဆီးခံရတယ်တို့၊ ဘယ်နေရာမှာ အတင်းအဓမ္မစစ်သား စုဆောင်းနေပြီတို့၊ ဘယ်နေရာမှာ ပေါ်တာဆွဲပြီဆိုတဲ့ ကောလာဟလ ထုတ်လွှင့်ချက်များ ဆက်တိုက် ဖြစ်ပေါ်လာတာကို တွေ့ရပါတယ်။ အခြေအမြစ်မရှိတဲ့ဟာတွေပဲ ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ရှင်းရှင်းလင်းလင်း ပြောကြားချင်တာက ဘယ်နေရာမှာ နာမည်ဘယ်သူ၊ ဘယ်အဖွဲ့အစည်းက လုပ်ခဲ့တယ်။ ဘယ်နေရာမှာ နာမည်ဘယ်သူနဲ့ လူငယ်တွေပျောက်ဆုံးနေတယ်။ ဘယ်နေရာမှာ နာမည်ဘယ်သူနဲ့ လူငယ်အဖွဲ့တွေကို ပေါ်တာဆွဲသွားတယ်ဆိုတာကို သိရရင်၊ သတင်းတိကျတယ်ဆိုရင် ကျွန်တော်တို့ ပေးထားတဲ့ ဖုန်းနံပါတ်များရှိပါတယ်။ အချိန်မရွေးဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါတယ်" ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

အစိုးရအနေနှင့် ပြည်သူလူထု၏ လူမှုစီးပွားဘဝ လုံခြုံရေး၊ နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ ကာကွယ်ရေးအင်အားများ တောင့်တင်းစေရေးအတွက် ဆောင်ရွက်နေခြင်းသာဖြစ်ကြောင်း၊ ယင်းသို့ဆောင်ရွက်နေချိန်တွင် ခြိမ်းခြောက်မှုများ၊ စိုးရိမ်ထိတ်လန့်အောင် ဆောင်ရွက်မှုများ၊ ကောလဟလ ထုတ်လွှင့်မှုများကို မီဒီယာအချို့နှင့် အဖွဲ့အစည်းအချို့က ဆက်လက်ဆောင်ရွက်နေဦးမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက " ဘာကြောင့်လဲဆိုတော့ ကျွန်တော် ယခင်ကပြောခဲ့သလို သူတို့အကြောက်ဆုံးက မြန်မာတွေ စုစည်းသွားမှာ သိပ်ကြောက်တယ်။ အဖြစ်မှန်ကို ပြည်သူတွေ သိသွားမှာ သိပ်ကြောက်တယ်။ ဒါကြောင့်မို့ ကောလာဟလ လှိုင်းလုံး တစ်လုံးပြီး တစ်လုံးနဲ့ ဆောင်ရွက်နေမှာဖြစ်ပါတယ်။ ကောလာဟလနဲ့ ပတ်သက်ပြီး ပြည်သူလူထုအနေနဲ့ မေးမြန်းစုံစမ်းနိုင်ပါတယ်။ အချိန်မရွေး တိုင်ကြားနိုင်ပါတယ်။ ပြောနိုင်တယ်လို့ ကျွန်တော့်အနေနဲ့ ပြောကြားလိုပါတယ်" ဟု ပြောကြားသည်။

ပြည်သူများအနေနှင့် သတင်းခေတ်ကာလတွင် စိုးရိမ်ထိတ်လန့်အောင် လုပ်ကြံဖန်တီးဆောင်ရွက်နေသည့် မီဒီယာများ၏ ဆောင်ရွက်ချက်များ၊ NUG၊ CRPH နှင့် အချို့သော EAOs များ၏ ခြောက်လန့်မှုများအပေါ်၌ အားလုံးသည် မိမိ၏ အသိဉာဏ်၊ မိမိ၏ သတင်းအပေါ်၌ ချင့်ချိန်နိုင်သည့်ဉာဏ်များနှင့် ဆောင်ရွက်ပြီး အားလုံးစည်းလုံးညီညွတ်ကြပါရန်လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်စပ်လျဉ်း၍ ကောလဟလသတင်းများကြောင့် ပြည်သူများ ထင်ယောင်ထင်မှားမဖြစ်စေရန်အတွက် ပြည်သူများအနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိရှိလိုသည့် အချက်များကို ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့၏ ဖုန်းနံပတ်များဖြစ်သော ၀၆၇-၃၄၀၄၉၁၁၊ ၃၄၀၄၉၂၂၊ ၃၄၀၄၉၃၃၊ ၃၄၀၄၉၄၄၊ ၃၄၀၄၉၅၅ သို့ ရုံးချိန်အတွင်း စုံစမ်းမေးမြန်းနိုင်ကြောင်း နစကမှ ထုတ်ပြန်သည်။

အထက်ပါ ဖုန်းနံပါတ်များသို့ စုံစမ်းမေးမြန်းခြင်းမဟုတ်ဘဲ အနှောက်အယှက်ပေး ဆက်သွယ်လာသည့် တယ်လီဖုန်းနံပါတ်များကို မှတ်တမ်းတင်ကာ ယင်းဖုန်းဆင်းကဒ်များကို ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

Most Read

Most Recent