၂၀၂၃-၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်လျှောက်ထားကြသူများ ဖြေဆိုခွင့်ကတ်ပြားအား ဖေဖော်ဝါရီ ၂၇ ရက်မှစ၍ ထုတ်ယူခွင့်ပြု

၂၀၂၃-၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်လျှောက်ထားကြသူများ ဖြေဆိုခွင့်ကတ်ပြားအား ဖေဖော်ဝါရီ ၂၇ ရက်မှစ၍ ထုတ်ယူခွင့်ပြု
Published 24 February 2024

၂၀၂၃-၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်လျှောက်ထားကြသူများ ဖြေဆိုခွင့်ကတ်ပြားအား ဖေဖော်ဝါရီ ၂၇ ရက်မှစ၍ ထုတ်ယူခွင့်ပြုကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက သိရသည်။

တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြား ထုတ်ယူခြင်းနှင့်ပတ်သက်သော သတင်းကြေညာချက်အနေဖြင့် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ထုတ်ပြန်ခဲ့သည်။

ထုတ်ပြန်ချက်အရ တိုင်းဒေသကြီး/ပြည်နယ်များရှိ စာစစ်ဌာနအသီးသီးတွင် ဖြေဆိုကြမည့် ကျောင်းသား/သူများသည် မိမိတို့၏ ဓာတ်ပုံကပ်ထားသည့် ခုံအမှတ်စဉ်ပါသော စာမေးပွဲဖြေဆိုခွင့်ကတ်ပြား (Identity Card)များကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက် အင်္ဂါနေ့မှစ၍ ထုတ်ယူကြရမည်ဖြစ်ကြောင်း၊ အခြေခံပညာအထက်တန်းကျောင်း၊ (ကျောင်းခွဲ)နှင့်(တွဲဖက်)အခြေခံပညာအထက်တန်းကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများသည် မိမိတို့၏  စာမေးပွဲဖြေဆိုခွင့်ကတ်ပြား (Identity Card)များကို မိမိတို့ ကျောင်းအုပ်ကြီးများထံမှ ထုတ်ယူကြရပါမည်ဖြစ်ကြောင်း သိရသည်။

ပြင်ပမှ ဖြေဆိုသူများသည် စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြား (Identity Card) များကို မိမိတို့ ဖြေဆိုရမည့် စာစစ်ဌာနကြီးကြပ်ရေးမှူးများထံမှ ထုတ်ယူကြရပါမည်ဖြစ်ကြောင်း၊ ကျောင်းသား/ကျောင်းသူများအနေဖြင့် စာမေးပွဲဖြေဆိုခွင့်ကတ်ပြား (Identity Card) များ ထုတ်ယူရာတွင် အခက်အခဲရှိပါက သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများ၊ စာစစ်ဌာနကြီးကြပ်ရေးမှူးများ၊ မြို့နယ်ပညာရေးမှူးများနှင့် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနထံ တိုက်ရိုက်စုံစမ်းမေးမြန်းနိုင်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ထုတ်ပြန်သည်။

၂၀၂၃-၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၁၁ ရက်မှ ၁၉ ရက်အထိ တစ်ရက်လျှင် တစ်ဘာသာနှုန်းဖြင့် ကျင်းပမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ကြေညာသည်။

စာမေးပွဲကျင်းပမည့် အချိန်စာရင်းအရ ၂၀၂၄ ခုနှစ် မတ် ၁၁ ရက် တနင်္လာနေ့၌ နံနက် ၉ နာရီမှ ၁၂ နာရီအထိ မြန်မာစာ၊ မတ် ၁၂ ရက် အင်္ဂါနေ့၌ နံနက် ၉ နာရီမှ ၁၂ နာရီအထိ အင်္ဂလိပ်စာ၊ မတ် ၁၃ ရက် ဗုဒ္ဓဟူးနေ့၌ နံနက် ၉ နာရီမှ ၁၂ နာရီအထိ သချာင်္၊ မတ် ၁၄ ရက် ကြာသပတေးနေ့၌ နံနက် ၉ နာရီမှ ၁၂ နာရီအထိ ဓာတုဗေဒ/ပထဝီဝင်၊ မတ် ၁၅ ရက် သောကြာနေ့၌ နံနက် ၉ နာရီမှ ၁၂ နာရီအထိ ရူပဗေဒ/သမိုင်း၊ မတ် ၁၆ ရက် စနေနေ့၌ နံနက် ၉ နာရီမှ ၁၂ နာရီအထိ ဇီဝဗေဒ/ဘောဂဗေဒ၊ မတ် ၁၈ ရက် တနင်္လာနေ့၌ နံနက် ၉ နာရီမှ ၁၂ နာရီအထိ လူမှုရေးသိပ္ပံ၊ မတ် ၁၉ ရက် အင်္ဂါနေ့၌ နံနက် ၉ နာရီမှ ၁၂ နာရီအထိ စိတ်ကြိုက်မြန်မာစာ စသဖြင့် ကျင်းပသွားဖြစ်ကြောင်း သိရသည်။

၂၀၂၂-၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ၂၀၂၃ ခုနှစ်မတ် ၈ ရက်မှစ၍ ကျင်းပခဲ့ပြီး မတ် ၈ ရက်တွင် မြန်မာစာ၊ မတ် ၉ ရက်တွင် အင်္ဂလိပ်စာ၊ မတ် ၁၀ ရက်တွင် သချင်္ာ၊ မတ် ၁၃ ရက်တွင် ဓာတုဗေဒ၊ မတ် ၁၄ ရက်တွင် ရူပဗေဒ၊ မတ် ၁၅ ရက်တွင် ဇီဝဗေဒနှင့် ဘောဂဗေဒ၊ မတ် ၁၆ ရက်တွင် ပထဝီဝင်၊ မတ် ၁၇ ရက်တွင် သမိုင်းနှင့် မတ် ၁၈ ရက်တွင် စိတ်ကြိုက်မြန်မာစာ စသဖြင့် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ဖြေဆိုခဲ့သည့် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဝင်ရောက်ဖြေဆိုသူဦးရေ ၁၆၁၈၅၀ ရှိပြီး အောင်မြင်သူ ၁၀၉၈၅၁ ဦးရှိသည့်အတွက် အောင်ချက်ရာခိုင်နှုန်းမှာ ၆၇ ဒသမ ၈၇ ရာခိုင်နှုန်းရှိကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ သိရသည်။

ပုံစာ- ၂၀၂၂-၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုကြသည့် ကျောင်းသား ကျောင်းသူများကို တွေ့ရစဉ်။ (ဓာတ်ပုံ-ကြည်နိုင်)

Most Read

Most Recent