လွန်ခဲ့သောနှစ်ကလောင်ခဲ့သည့် တောမီးအကျန်များကြောင့် ယခုနှစ်တွင် ကနေဒါသည် ပြင်းထန်တောမီးရာသီကို ကြုံရဖွယ်ရှိနေ

လွန်ခဲ့သောနှစ်ကလောင်ခဲ့သည့် တောမီးအကျန်များကြောင့် ယခုနှစ်တွင် ကနေဒါသည် ပြင်းထန်တောမီးရာသီကို ကြုံရဖွယ်ရှိနေ
နှင်းများကျနေချိန် လောင်နေသော တောမီးများကို အယ်လ်ဘာတာမီးသတ်သမားများ ငြှိမ်းသတ်နေပုံကို ဖေဖော်ဝါရီ ၆ ရက်တွင် တွေ့ရစဉ် (Photo-AFP)
နှင်းများကျနေချိန် လောင်နေသော တောမီးများကို အယ်လ်ဘာတာမီးသတ်သမားများ ငြှိမ်းသတ်နေပုံကို ဖေဖော်ဝါရီ ၆ ရက်တွင် တွေ့ရစဉ် (Photo-AFP)
Published 23 February 2024
Ref:AFP

ကနေဒါအနောက်ပိုင်းက မြေကြီးများအောက်တွင် zombie fires ဟုခေါ်သည့် သစ်ဆွေးမြေများကို တမြေ့မြေ့လောင်နေသောမီးများသည် လွန်ခဲ့သောနှစ်တွင် စတင်လောင်ကျွမ်းခဲ့ရာ ယခုအထိ လောင်နေဆဲ ဖြစ်သည်ဟု သိရသည်။

ယခုနှစ်တွင် နှင်းပျောက်နေသည့် ဆောင်းတွင်းကာလဖြစ်သော်လည်း မိုးခေါင်သည့် အခြေအနေများပါဖြစ်ပေါ်နေခြင်းကြောင့် ကနေဒါပြည်သူများသည် နောက်ထပ်ဆိုးရွားသည့် တောမီးရာသီကို ရင်ဆိုင်ရမည့်အနေအထားဖြစ်နေသည်။

“ကျွန်တော်တို့ဟာ ထူးခြားတဲ့နွေအကုန်မှာ ထူးခြားတဲ့ ဆောင်းတွင်းကို ကြုံနေရပါ တယ်” ဟု အယ်လ်ဘာတာမီးသတ်သမားများအတွက် ပြောရေးဆိုခွင့်ရှိသူ ဂျိုဆီစိန့်အွန်ဂျီက ညည်းတွားသည်။

ယင်းသည် ဘယ်တော့မှ မဆုံးသည့် ဒုက္ခဖြစ်သည်ဟု ဆိုသည်။ အရိုးကွဲလောက်အောင်အေးသော အပူချိန်များဖြစ်ပေါ်နေသည့်တိုင် ကနေဒါမီးသတ်သမားများသည် လောင်နေသော မီး ၁၅၀ နီးပါးကို ငြှိမ်းသတ်ရန် ကြိုးစားပမ်းစားလုပ်ဆောင်လျက်ရှိသည်။

ယခုနှစ်တွင် ကနေဒါအနောက်ပိုင်း၌ zombie fires မီးများသည် ခါတိုင်းထက် ၁၀ ဆ၊ ၁၅ ဆလောက် ပိုလောင်နေသည်။ ၎င်းတို့သည် ကမ္ဘာ့မြောက်ဖျားစွန်းသစ်တောများဖြစ်သည့် ဘော်ရီးရဲလ်သစ်တောများ၏ အောက်တွင် ဆောင်းတွင်း၌လည်း တငွေ့ငွေ့လောင်လျက်ရှိသည်။ မြေဆွေးခြောက်များနှင့် အော်ဂဲနစ်အလွှာများကြားတွင် မီးများလောင်နေခြင်းဖြစ်သည်။

၎င်းတို့ကို အမြစ်ဖြတ်ခြင်းသည် ခက်ခဲပင်ပန်းသောအလုပ်ဖြစ်သည်။ မြေကြီးထဲမှ မီးခိုးနည်းနည်းလေးသာ ထွက်နေသဖြင့် ၎င်းတို့ကို တွေ့ရန်ခက်ခဲပြီး မြေဆွေးများကို ဖော်ရန် မြေကြီးနက်နက် တူးရန်လိုအပ်သည်။ ထို့အပြင် သစ်ရွက်ဆွေးများ၊ ဆွေးမြေ့နေသော သစ်စေ့များပါသည့် ၃၁ လက်မ(၈၀ စင်တီမီတာခန့်ရှိသော အလွှာများကိုလည်း တူးဖော်ရန်လိုအပ်သည်။ အဆိုပါမြေဆွေး၊ သစ်ရွက်ဆွေး အလွှာများသည် တဖြည်းဖြည်း လောင်လျက်ရှိသည်။

ယခုနှစ်တွင် တောမီးရာသီသည် စောစောစတင်သည်ဟု ဖေဖော်ဝါရီ ၂၀ ရက်တွင် အယ်လ်ဘာတာအစိုးရအဖွဲ့က ကြေညာခဲ့သည်။ အယ်လ်ဘာတာပြည်နယ်တွင် တောမီးလောင်သော ရာသီသည် ပုံမှန်အားဖြင့် မတ်လ ၁ ရက်တွင်စတင်သည်။ လွန်ခဲ့သောနှစ်က လောင်နေသော zombie fires မီးများအပြင် ယခုနှစ်တွင် လောင်သော တောမီးများကို အာဏာပိုင်များက ငြှိမ်းသတ်နေရသည်။

ဗြိတိသျှကိုလံဘီယာပြည်နယ်တွင် စံချိန်တင်တောမီးများ လက်ရှိတွင် လောင်လျက်ရှိသည်။

“ယေဘုယျအားဖြင့် နှစ်တစ်နှစ်ရဲ့အခုလိုအချိန်မှာ မီးလောင်တာတွေ ခုနစ်ခု၊ ရှစ်ခု လောက်ရှိနေတတ်တယ်ဆိုပေမယ့် အခုလောင်နေတာ ၉၁ ခုရှိပါတယ်” ဟုဗြိတိသျှ ကိုလံဘီယာပြည်နယ်ရှိ မီးသတ်သမားများအတွက် ပြောရေးဆိုခွင့်ရှိသူ ဖော်ရက်စ်တာဝါက ပြောကြားသည်။ ကနေဒါနိုင်ငံ၏ အနောက်ဖျားတွင်တည်ရှိသော ဗြိတိသျှကို လံဘီယာပြည်နယ်သည် တောမီးဒဏ်ကို အများဆုံးခံရသော ပြည်နယ်ဖြစ်သည်။

နှင်းခဲများ ပျော်သွားပြီးနောက် အရှိန်ပြင်းစွာ ပြန်လည်ထွက်ပေါ်တတ်သော zombie fires မီးများကို မီးသတ်သမားများက အထူးသဖြင့် ကြောက်ကြသည်။

၂၀၂၃ ခုနှစ်တွင် ကနေဒါသည် နိုင်ငံ၏ သမိုင်းတွင် အဆိုးရွားဆုံး တောမီးရာသီကို ကြုံတွေ့ခဲ့ရသည်။ သစ်တောနှင့် မြက်ခင်းပြင် ဟက်တာ ၁၈ သန်း (၇၀၀၀ စတုရန်းမိုင်) ခန့် လောင်ကျွမ်းခံခဲ့ရပြီး ပြည်သူနှစ်သိန်းခန့်သည် တောမီးရှောင်ခဲ့ကြရသည်။ အဆိုပါတောမီးများမှ ထွက်လာသော မီးခိုးများသည် အမေရိကန်ပြည်ထောင်စုနှင့် ဥရောပတို့အထိ ရောက်သွားခဲ့သည်။

၂၀၂၃ တောမီးရာသီ တရားဝင်ပြီးဆုံးသွားသည်မှာ ယခုအခါသုံးလမျှကြာရှိသေးချိန်တွင် ကျွမ်းကျင်သူများသည် ယခုနှစ်တောမီးရာသီကို စိုးရိမ်နေကြသည်။

Most Read

Most Recent