ညောင်လေးပင်မြို့နယ်၊ ကျောက်တံခါးနှင့် ပိန်းဇလုပ် ဘူတာအကြား တံတားအမှတ် ၁၄၅ မိုင်းဖောက်ခွဲခံရပြီး သံလမ်း ပေ ၇၀ ခန့်နှင့် ကွန်ကရစ်ဇလီဖားတုံး ၃၆ တုံး ပျက်စီးခဲ့

ညောင်လေးပင်မြို့နယ်၊ ကျောက်တံခါးနှင့် ပိန်းဇလုပ် ဘူတာအကြား တံတားအမှတ် ၁၄၅ မိုင်းဖောက်ခွဲခံရပြီး သံလမ်း ပေ ၇၀ ခန့်နှင့် ကွန်ကရစ်ဇလီဖားတုံး ၃၆ တုံး ပျက်စီးခဲ့
Published 21 February 2024

ညောင်လေးပင်မြို့နယ်၊ ကျောက်တံခါးနှင့် ပိန်းဇလုပ် ဘူတာအကြား တံတားအမှတ်(၁၄၅) မိုင်းဖောက်ခွဲခံရပြီး သံလမ်း ပေ (၇၀) ခန့်နှင့် ကွန်ကရစ်ဇလီဖားတုံး (၃၆)တုံး ပျက်စီးခဲ့ကြောင်း နစကမှ ထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၂၀ ရက်က ည ၉ နာရီ ၃၀ မိနစ်အချိန်က ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ကျောက်တံခါးဘူတာနှင့် ပိန်းဇလုပ်ဘူတာအကြား မိုင်တိုင်အမှတ်၊ ၁၀၃/၆-၇ ရှိ တံတားအမှတ်၊ (၁၄၅)တွင် မိုင်းပေါက်ကွဲသံများကြားရသဖြင့် ကျောက်တံခါး-ပိန်းဇလုပ် ရထား လမ်းပိုင်းအား ခေတ္တပိတ်ထားခဲ့ရကြောင်း သိရသည်။

အဆိုပါ မိုင်းခွဲဖျက်ဆီးခံရမှုကြောင့် ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းအတွင်း ပြေးဆွဲ နေသည့် အမှတ်(၉၁၄)အစုန်ကုန်ရထားသည် ကညွတ်ကွင်းဘူတာ၊ အမှတ်(၉၂၄-A) အစုန်ကုန်ရထားသည် ဖြူးဘူတာ၊ အမှတ်(၉၂၄-B) အစုန်ကုန်ရထားသည် ကျွဲပွဲဘူတာ၊ အမှတ် (၆၅၃) အဆန်ကျောက်ရထားသည် အုတ်တွင်းဘူတာနှင့် အမှတ်(၉၀၂) အစုန် ကုန်ရထားသည် သောင်းတိုင်ကုန်းဘူတာတို့တွင် ဖေဖော်ဝါရီ ၂၀ ရက်က ရပ်နားထားခဲ့ရကြောင်း သိရသည်။

ထို့အတူ ယနေ့(ဖေဖော်ဝါရီ ၂၁ ရက်) နံနက်ပိုင်းတွင် ရန်ကုန်မှ ပုံမှန်ထွက်ခွာလာသော အမှတ် (၁၁)အဆန်လူစီးရထားသည် ယနေ့ နံနက် ၉ နာရီ ၄၈ မိနစ် အချိန်တွင် ညောင်လေးပင်ဘူတာ၌ ခေတ္တရပ်နားခဲ့ရပြီး အဆိုပါရထားဖြင့် လိုက်ပါလာသော ခရီးသည်များအား သောက်ရေသန့်နှင့် နေ့လည်စာ ဝေငှပေးခြင်းများကို မြန်မာ့မီးရထား ဝန်ထမ်းများက ဆောင်ရွက်ပေးခဲ့ကြောင်း နစကမှ ထုတ်ပြန်သည်။

မိုင်းပေါက်ကွဲမှုဖြစ်စဉ် ဖြစ်ပွားရာနေရာသို့ နယ်မြေဒေသတာဝန်ရှိသူများ၊ နယ်မြေခံ လုံခြုံရေး တပ်ဖွဲ့ဝင်များက နယ်မြေရှင်းလင်း စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပြီး မြန်မာ့မီးရထားဝန်ထမ်းများက ရထားလမ်းအား သွားရောက် စစ်ဆေးရာတွင် တံတားအမှတ် (၁၄၅)ပေါ်ရှိ ရထားသံလမ်း(၂)ချောင်းမှာ ပေ(၇၀)ခန့်စီ ပြတ်ထွက် ပျက်စီးခြင်း၊ ကွန်ကရစ်ဇလီ ဖားတုံး(၃၆)တုံး ပျက်စီးခြင်း၊ တံတားကွန်ကရစ် ကြမ်းခင်း၌ (၅)ပေပတ်လည် အပေါက် (၅)ပေါက် ဖြစ်ပေါ်ပျက်စီးဆုံးရှုံးခဲ့ရကြောင်းနှင့် လမ်းပိုင်းအား အမြန်ဆုံး ပြန်လည်ဖွင့်လှစ်နိုင်ရေး ရထားလမ်းပြုပြင်ခြင်းကို နံနက် (၁၁) နာရီမှစတင် ဆောင်ရွက်ခဲ့ရာ လမ်းပိုင်းအား မွန်းလွဲ ၃ နာရီခွဲတွင် ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း နစကမှ ထုတ်ပြန်သည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ(၁)ရက်နေ့မှ စ၍ ယခုအချိန်အထိ မြန်မာ့မီးရထားလမ်း ကွန်ယက်တစ်ခုလုံးတွင် ရထားလမ်းနှင့် ရထားဘူတာ နယ်မြေအတွင်း ဗုံးထောင်မိုင်းခွဲ/ဖျက်ဆီးခြင်း(၁၃၀)ကြိမ်၊ ရထားတံတား များအား မိုင်းခွဲဖျက်ဆီးခြင်း (၄၇) ကြိမ်၊ ဘူတာအဆောက်အဦနှင့် ဝန်ထမ်းနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း(၁၂)ကြိမ် ကျူးလွန်ခဲ့ကြကြောင်း နစကမှ ထုတ်ပြန်ထားသည်။

Most Read

Most Recent