ရုရှားအစိုးရက အတိုက်အခံခေါင်းဆောင် နာဗာနီ၏ညီကို  အလိုရှိစာရင်း၌ ထပ်မံထည့်သွင်း

ရုရှားအစိုးရက အတိုက်အခံခေါင်းဆောင် နာဗာနီ၏ညီကို  အလိုရှိစာရင်း၌ ထပ်မံထည့်သွင်း
Published 21 February 2024
Radio Free Europe

ပြီးခဲ့သည့်တစ်ပတ်က ရုရှားအကျဉ်းထောင်အတွင်း သေဆုံးသွားသည့် အတိုက်အခံနိုင်ငံရေးသမား  အလက်ဆီနာဗာနီ၏ညီ အိုလက်ဂ်နာဗာနီကို ရုရှားပြည်ထဲရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂၀ ရက်တွင် အလိုရှိစာရင်း၌ ထပ်ထည့်လိုက်သည်။

အိုလက်ဂ်နာဗာနီသည် ၂၀၂၂ ခုနှစ် ၊ ဇန်နဝါရီကလည်း ယခုကဲ့သို့ပင် စာရင်းသွင်းခံထားရသည်။

လက်ရှိ သူ မည်သည့်နိုင်ငံတွင်ရောက်နေသည်ကို မည်သူမှမသိကြပေ။ကိုဗစ်စည်းမျဉ်းများကို ချိုးဖောက်မှုဖြင့် အိုလက်ဂ်နာဗာနီကို ၂၀၂၁ ခုနှစ်၊ ဩဂုတ်တွင် မော်စကိုတရားရုံးက ဆိုင်းငံ့ထောင်ဒဏ်တစ်နှစ် ချမှတ်ခဲ့သည်။

သို့သော်ဆိုင်းငံ့ထောင်ဒဏ်ကို လက်တွေ့ကျခံစေရန် အကျဉ်းထောင်အရာရှိများက တောင်းဆိုသဖြင့် ၂၀၂၂ ခုနှစ် ၊ ဖေဖော်ဝါရီတွင် မော်စကိုတရားရုံးက သဘောတူလိုက်သည်။ထိုအချိန် အိုလက်ဂ်နာဗာနီက ရုရှားမှ ထွက်ပြေးသွားပြီဖြစ်သည်။

၂၀၁၄ ခုနှစ်တွင် အိုလက်ဂ်နှင့် အလက်ဆီနာဗာနီတို့ ညီအစ်ကိုနှစ်ဦးကို ရုရှားကုမ္ပဏီနှစ်ခုမှ ဒေါ်လာငါးသိန်းခန့် ခိုးမှု၊ ငွေမည်းခဝါချမှုတို့ဖြင့် ထောင်ဒဏ်သုံးနှစ်ခွဲချမှတ်လိုက်သည်။သို့သော်အလက်ဆီ၏ထောင်ဒဏ်က ဆိုင်းငံ့ခံရသည်။၂၀၁၈ ခုနှစ်၊ ဇွန်တွင် အိုလက်ဂ်နာဗာနီ ထောင်မှလွတ်လာသည်။

ရုရှားအစိုးရဝေဖန်ရေးသမား အလက်ဆီနာဗာနီကမူ  အာတိတ်ဒေသရှိ Polar Wolf အကျဉ်းထောင်တွင် ပြီးခဲ့သည့်တစ်ပတ်က သေဆုံးသွားပြီဖြစ်သည်။သူသည် ၎င်းအကျဉ်းထောင်သို့ မနှစ်က ဒီဇင်ဘာကတည်းက ရွှေ့ပြောင်းခံထားရသည်။

 

 

Most Read

Most Recent