ပါကစ္စတန်တွင် X ဆိုရှယ်မီဒီယာဝန်ဆောင်မှုများ သုံးရက်ဆက်တိုက် ပြတ်တောက်မှုဖြစ်ပွား

ပါကစ္စတန်တွင် X ဆိုရှယ်မီဒီယာဝန်ဆောင်မှုများ သုံးရက်ဆက်တိုက် ပြတ်တောက်မှုဖြစ်ပွား
Photo: ANN
Photo: ANN
Published 20 February 2024

မဲမသမာမှု စွပ်စွဲချက်များ ထွက်ပေါ်ခဲ့သည့်  အထွေထွေရွေးကောက်ပွဲအပြီးတွင် ဖေဖော်ဝါရီ ၂၀ ရက်က ပါကစ္စတန်နိုင်ငံတစ်ဝန်း X ဆိုရှယ်မီဒီယာ ဝန်ဆောင်မှုများ သုံးရက်ဆက်တိုက် ပြတ်တောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၈ ရက် ရွေးကောက်ပွဲအပေါ် စိုးမိုးခြယ်လှယ်မှုများရှိခဲ့သည်ဟု အကြီးတန်း အစိုးရအရာရှိတစ်ဦးက လူသိရှင်ကြား ဝန်ခံခဲ့သည့် ဖေဖော်ဝါရီ ၁၇ ရက်ညပိုင်းတွင် အဆိုပါလူမှုကွန်ရက် ပြတ်တောက်မှုများ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

"ဖေဖော်ဝါရီ ၁၇ ရက်(စနေနေ့)ကစပြီး ပါကစ္စတန်မှာ X အသုံးပြုလို့မရတော့ပါဘူး။ လူထုကဆန္ဒပြမှုတွေ လုပ်ဆောင်ရာမှာ X ကို အသုံးပြုနေလို့ပါပဲ" ဟု ဒစ်ဂျစ်တယ်အခွင့်အရေး တက်ကြွလှုပ်ရှားသူ အူဆာမာ ခီလ်ဂျီက AFP သတင်းဌာနသို့ ပြောကြားသည်။

ဖေဖော်ဝါရီ ၂၀ ရက်အထိ မြို့တော်အစ္စလမ္မာဘတ်နှင့် မြို့ကြီးများဖြစ်သည့် လာဟိုးနှင့် ကရာချိတို့တွင် ၎င်းအက်ပလီကေးရှင်း ဝန်ဆောင်မှုများ ပြတ်တောက်နေဆဲဖြစ်ကြောင်း သိရသည်။

ပါကစ္စတန်၏ ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့ကမူ တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုခြင်းမရှိသေးပေ။

ရွေးကောက်ပွဲ မသမာမှုများ ရှိနေသည်ဆိုသော ဝန်ခံချက်ထွက်ပေါ်လာပြီးနောက် ထောင်ဒဏ်ကျခံနေရသည့် ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်း၏ Pakistan Tehreek-e-Insaaf(PTI)ပါတီက နိုင်ငံတစ်ဝန်း ဆန္ဒပြပွဲများပြုလုပ်ရန် တိုက်တွန်းထားပြီး မြို့ပြဧရိယာများတွင် ၎င်းပါတီထောက်ခံသူအချို့လမ်းပေါ်ထွက်ဆန္ဒပြခဲ့သည်။

PTI ပါတီသည် ၎င်းတို့၏ မဲဆွယ်စည်းရုံးမှုများအပေါ် ကန့်သတ်ပိတ်ပင်သည့် ဖိနှိပ်မှုများကို လနှင့်ချီ အန်တုရင်ဆိုင်ခဲ့ပြီး  ပါတီကိုယ်စားလှယ်လောင်းများသည်လည်း တစ်သီးပုဂ္ဂလအဖြစ် ယှဉ်ပြိုင်ခဲ့ရသည်။ သို့သော် PTI ပါတီ ကျောထောက်နောက်ခံပြု ကိုယ်စားလှယ်လောင်းများသည် ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် အခြားပါတီများထက် အမတ်နေရာ ပိုမိုရရှိခဲ့သည်။

Ref: AFP

Most Read

Most Recent