၂၀၂၂ ခုနှစ်မှ ၂၀၂၃ ခုနှစ် နှစ်နှစ်အတွင်း တရားမဝင်ကုန်သွယ်မှုမှ အမှုတွဲ ၁၀၃၉၅ မှုနှင့် ကာလတန်ဖိုး ကျပ်ဘီလျံ ၂၀၀ ကျော် ဖမ်းဆီးရမိ

၂၀၂၂ ခုနှစ်မှ ၂၀၂၃ ခုနှစ် နှစ်နှစ်အတွင်း တရားမဝင်ကုန်သွယ်မှုမှ အမှုတွဲ ၁၀၃၉၅ မှုနှင့် ကာလတန်ဖိုး ကျပ်ဘီလျံ ၂၀၀ ကျော် ဖမ်းဆီးရမိ
Published 20 February 2024

နစကလက်ထက် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ ဖွဲ့စည်းပြီးနောက်ပိုင်း ၂၀၂၂ ခုနှစ်မှ ၂၀၂၃ ခုနှစ် နှစ်နှစ်အတွင်း တရားမဝင်ကုန်သွယ်မှုမှ အမှုတွဲ ၁၀၃၉၅ မှုနှင့် ကာလတန်ဖိုး ကျပ်ဘီလျံ ၂၀၀ ကျော် ဖမ်းဆီးရမိခဲ့ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောကြားသည်။ 

နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမ၌ ဖေဖော်ဝါရီ ၁၉ ရက်က ကျင်းပသည့် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၄) တွင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ထိုသို့ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။ 

ယင်းအစည်းအဝေးတွင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက တရားမဝင်ကုန်စည်များကြောင့် ကုန်စည်အတုအပများ စျေးကွက်အတွင်း များပြားလာပါက စားသုံးသူများအနေဖြင့် ယုံကြည်မှုပျောက်ဆုံးလာနိုင်ကြောင်း၊ တရားမဝင်ကုန်သွယ်မှု၏ ၆၀ ရာခိုင်နှုန်းခန့်သည် မှောင်ခိုကုန်သွယ်မှုဖြစ်ပြီး ၃၀ ရာခိုင်နှုန်းခန့်က ကျသင့်တန်ဖိုးအောက်ဖော်ပြ၍ ကုန်သွယ်ခြင်းနှင့် ၁၀ ရာခိုင်နှုန်းသည် တရားဝင်၊ တရားမဝင် အပြိုင်တင်သွင်းနေခြင်းတို့ဖြစ်ကြောင်း၊ တရားမဝင်ကုန်သွယ်မှုကြောင့် နောက်ဆက်တွဲ ဆုံးရှုံးမှုများအနေဖြင့် အဂတိလိုက်စားမှုများကို ဖြစ်ပေါ်စေခြင်း၊ အမှန်တကယ်လုပ်ကိုင်နေသူများကို ထိခိုက်နစ်နာစေခြင်းနှင့်နိုင်ငံ့အတွက် အခွန်ဘဏ္ဍာများမရရှိသည့်အတွက် ဝင်ငွေအကြီးအကျယ်ဆုံးရှုံးခြင်းတို့ ဖြစ်ပေါ်နိုင်ကြောင်းကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် တရားမဝင်ကုန်သွယ်မှုများကို တိုက်ဖျက်သည့် လုပ်ငန်းများအား “အမျိုးသားရေးတာဝန်” အဖြစ် သတ်မှတ်ပြီး ဝိုင်းဝန်းကြိုးပမ်းကြရန် ထပ်မံတိုက်တွန်းလိုကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့်လည်း တရားမဝင်ကုန်သွယ်မှုများကြောင့် ကမ္ဘာလုံးဆိုင်ရာ တရားမဝင်ကုန်သွယ်မှုအခြေအနေ အညွှန်းကိန်းလျှော့ချနိုင်ရေး ဆောင်ရွက်ရန်အတွက် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီကို ပြင်ဆင်ဖွဲ့စည်းပြီး လုပ်ငန်းညှိနှိုင်းအစည်းအဝေးများ ကျင်းပလာသည်မှာ ယနေ့အစည်းအဝေးပါဆိုလျှင် (၁၃) ကြိမ်ရှိပြီ ဖြစ်ကြောင်း၊ ယခင်အစည်းအဝေး (၁၂) ကြိမ်က ဆုံးဖြတ်ချက် ၄၂၄ ချက် ချမှတ်ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ဦးဆောင်ကော်မတီ ဖွဲ့စည်းခဲ့ပြီးနောက်ပိုင်း ၂၄ လကာလအတွင်း အမှုတွဲ ၁၀၃၉၅ မှုနှင့် ခန့်မှန်းတန်ဖိုးကျပ် ၂၀၀ ဒသမ ၄၂၂ ဘီလျံ ဖမ်းဆီးရမိခဲ့ကြောင်း ပြောကြားသည်။ 

ဖမ်းဆီးရမိမှုများကို အနီးကပ်ဆုံး တစ်နှစ်တာ ကာလဖြစ်သည့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအတွင်း ပြန်လည်သုံးသပ်ကြည့်မည်ဆိုပါက အကောက်ခွန်ဦးစီးဌာနက တာဝန်ယူဖမ်းဆီးသည့် အပြည်ပြည်ဆိုင်ရာ (လေဆိပ်)၊ အမြဲတမ်းစစ်ဆေးရေးစခန်းများ၊ ကုန်သွယ်ရေးဇုန်၊ ကုန်သွယ်ရေးစခန်းများနှင့် အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများက ဖမ်းဆီးရရှိမှုအများဆုံးဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဖမ်းဆီးရရှိမှုများတွင် မန္တလေးတိုင်းဒေသကြီးက အများဆုံးဖမ်းဆီးရမိ၍ ဒုတိယအများဆုံးအနေဖြင့် တနင်္သာရီတိုင်းဒေသကြီးနှင့် တတိယအများဆုံးအနေဖြင့် ကချင်ပြည်နယ်တို့က ဖမ်းဆီးရရှိခဲ့သည်ကို တွေ့ရှိရကြောင်း၊ ကုန်ပစ္စည်းအုပ်စုအလိုက် ဖမ်းဆီးရရှိမှုများကိုစိစစ်ရာတွင် လိုင်စင်မဲ့မော်တော်ယာဉ်နှင့် တရားမဝင်ကုန်ပစ္စည်းတင် မော်တော်ယာဉ်ဖမ်းဆီးရရှိမှုများက အများဆုံးဖြစ်ပြီး ဒုတိယအများဆုံးမှာ လုပ်ငန်းသုံးကုန်ကြမ်းများဖြစ်ကာ တတိယအများဆုံးမှာ ရင်းနှီးမြှုပ်နှံမှုပစ္စည်းများ ဖြစ်သည်ကို တွေ့ရှိရကြောင်း၊ ဖမ်းဆီးရရှိမှုများအနေဖြင့် ၂၀၂၂ ခုနှစ်ထက် ၂၀၂၃ ခုနှစ်တွင် တန်ဖိုးကျပ် ၇၀ ဒသမ ၃၁ ဘီလျံခန့် ပိုမိုဖမ်းဆီးနိုင်ခဲ့သည်ကို တွေ့ရှိရသော်လည်း တရားမဝင်ကုန်သွယ်မှုများ ဆက်လက်ဖြစ်ပေါ်နေဆဲဖြစ်သည်ကိုလည်း တွေ့ရှိရကြောင်း၊ ထို့ကြောင့် အပြည်ပြည်ဆိုင်ရာ လေဆိပ်များနှင့် ဆိပ်ကမ်းများ၊ နယ်စပ်စခန်းများနှင့် အမြဲတမ်းစစ်ဆေးရေးစခန်းများတွင် တာဝန်ကျသည့် ဝန်ထမ်းများ၊ နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့များအနေဖြင့် တရားမဝင်ကုန်သွယ်မှုများကို ယခုထက် ပိုမိုထိရောက်စွာ ကြပ်မတ်၊ တားဆီးစစ်ဆေးပြီး ဥပဒေနှင့်အညီဖမ်းဆီးအရေးယူဆောင်ရွက်ကြရန် လိုအပ်နေသည်မှာ ထင်ရှားနေကြောင်း ၎င်းက ဆိုသည်။ 

ထို့ပြင် ညောင်ခါးရှည်အမြဲတမ်းစစ်ဆေးရေးစခန်းတွင် အကောက်ခွန်ဦးစီးဌာနက ပို့ကုန်ယာဉ်စစ်ဆေးမည့် X-Ray စက်နှင့် ပတ်သက်ပြီး ခေတ်မီ X-Ray စက်တပ်ဆင်နိုင်ရေးကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ခွင့်ပြုခဲ့ပြီးဖြစ်၍ X-Ray စက်အသစ် တပ်ဆင်ခြင်းလုပ်ငန်းကို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအနေဖြင့် သတ်မှတ်လုပ်ထုံးလုပ်နည်းများနှင့်အညီ တင်ဒါခေါ်ယူပြီး မြန်မြန်ဆန်ဆန်တပ်ဆင်နိုင်ရေး ဆောင်ရွက်ရန်လိုကြောင်း၊ အလားတူ ရထား၊ ပြည်တွင်းရေကြောင်းသွားရေယာဉ်၊ ပြည်တွင်း ကမ်းရိုးတန်းသွားရေယာဉ်များတွင် အသုံးပြုမည့် ကုန်တင်လွှာစနစ်၊ စံပြုလုပ်ငန်းစဉ်များ (SOPs) ကိုလည်း ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁ ရက်မှစ၍ စမ်းသပ်ကာလ သုံးလသတ်မှတ်ပြီး စတင်ဆောင်ရွက်နေပြီဖြစ်၍ သတ်မှတ်စမ်းသပ်ကာလများအတွင်း ပညာပေးလုပ်ငန်းများအား ထိထိရောက်ရောက် ဆောင်ရွက်သွားကြရန်နှင့် စမ်းသပ်ကာလပြီးဆုံးပါက စံပြုလုပ်ငန်းစဉ်များ(SOPs)နှင့်အညီ ထိထိရောက်ရောက်စစ်ဆေးပြီး ကိုက်ညီမှုမရှိပါက အရေးယူဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားလိုကြောင်း ၎င်းက ပြောကြားသည်။ 

ထို့ပြင် လေကြောင်းနှင့်သယ်ယူပို့ဆောင်သည့် ကုန်စည်များကို စနစ်တကျစစ်ဆေးဆောင်ရွက်သည့် စံပြုလုပ်ငန်းစဉ် (SOPs)ကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၁ ရက်မှစပြီး စမ်းသပ်ကာလ သုံးလ သတ်မှတ်ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းဆောင်ရွက်မှုများအပေါ် အားနည်းချက်များ ပေါ်လာနိုင်သည့်အတွက် စောင့်ကြည့်ပြီး ပြုပြင်သင့်သည်များကို ပြုပြင်ရန်လိုအပ်ပါကြောင်း၊ မြန်မြန်ဆန်ဆန်နှင့် ငွေကုန်ကြေးကျမများဘဲ နှစ်ဦးနှစ်ဖက်အကျိုးရှိရှိ စစ်ဆေးဆောင်ရွက်ရန်လိုအပ်ကြောင်း၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် သမားရိုးကျပုံမှန်စစ်ဆေး ဆောင်ရွက်ခြင်းများအပြင် နိုင်ငံတကာတွင် အသုံးပြုနေသည့် ICT နည်းပညာ အသုံးပြုနည်းလမ်းများနှင့် ရှာဖွေစစ်ဆေးနိုင်ရေးကိုလည်း ရည်မှန်းချက်ထား ဆောင်ရွက်ကြရန် ထပ်မံတိုက်တွန်းပြောကြားလိုကြောင်း၊ ထို့ပြင် စစ်ဆေးရေးဂိတ်၊ လုံခြုံရေးဂိတ်များကို ငွေပေးပြီး ဖြတ်သန်းနေသည်များရှိသကဲ့သို့ ပင်လယ်ရေကြောင်း ကုန်သွယ်မှုနှင့်ဆောင်ရွက်သည့် ဆိပ်ကမ်းများတွင်လည်း ကွန်တိန်နာများ ဖွင့်ဖောက်စစ်ဆေးရာတွင် သတ်မှတ်ဥပဒေလုပ်ထုံးလုပ်နည်းများနှင့် ညီညွတ်မှု အားနည်းနေကြောင်း ကြားသိနေရသည့်အတွက် အထူးအဖွဲ့ဥက္ကဋ္ဌများ၊ OSS ဌာနဆိုင်ရာ တာဝန်ခံညွှန်ကြားရေးမှူးချုပ်များအနေဖြင့် မိမိတာဝန်ယူရသည့် စစ်ဆေးရေးဂိတ်များ၊ လုံခြုံရေးဂိတ်များနှင့် ကုန်သေတ္တာဆိပ်ကမ်းများတွင် လာဘ်ပေးလာဘ်ယူမှုများမရှိအောင် လစဉ်ကွင်းဆင်း စစ်ဆေးကြပ်မတ်ဆောင်ရွက်ကြရန် မှာကြားလိုကြောင်း၊ ယင်းကိစ္စများကို ဦးဆောင်ကော်မတီ အစည်းအဝေးများ၌ အကြိမ်ကြိမ်မှာကြားထားပြီးဖြစ်သည့်အတွက် မှန်မှန်ကန်ကန်ဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောကြားခဲ့သည်။  

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဦးဝင်းရှိန်နှင့် ဦးထွန်းအုံ၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်၊ အခွန်အယူခံခုံအဖွဲ့ဥက္ကဋ္ဌ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ အသင်းအဖွဲ့များမှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့်ပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့ဥက္ကဋ္ဌများက ဗီဒီယိုကွန့်ဖရင့်စနစ်ဖြင့် တက်ရောက်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent