ဇလွန်မြို့ မာရ်အောင်မြင်ပြည်တော်ပြန်ဘုရားကြီး တပေါင်းပွဲတော် မတ်လအတွင်း ကျင်းပမည်

ဇလွန်မြို့ မာရ်အောင်မြင်ပြည်တော်ပြန်ဘုရားကြီး တပေါင်းပွဲတော် မတ်လအတွင်း ကျင်းပမည်
Published 20 February 2024

ဧရာဝတီတိုင်းဒေသကြီး၌ ထင်ရှားသည့် ဇလွန်မြို့ မာရ်အောင်မြင်ပြည်တော်ပြန်ဘုရားကြီး တပေါင်းပွဲတော်ကို လာမည့်မတ်လအတွင်း စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

တပေါင်းပွဲတော်ကို မတ် ၁၈ ရက် (တပေါင်းလဆန်း ၉ ရက်) မှ မတ် ၂၅ ရက် (တပေါင်းလပြည့်ကျော်တစ်ရက်) အထိ  ရှစ်ရက်ကြာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

“ဗုဒ္ဓပူဇနိယပွဲတော်ကြီးမှာ သြဝါဒါစရိယဆရာတော်ကြီးများ ဦးဆောင်ပြီး ပြည်တော်ပြန်ဘုရားကြီးကို ဗုဒ္ဓါဘိသေကအနေကဇာတင်ခြင်း၊ အထက်စေတီတော် ရွှေသင်္ကန်းကပ်လှူခြင်း၊ ဘုရားကြီးအမှူးပြုပြီး သံဃာတော်အပါး ၆၀၀ ကျော်အား ဆွမ်းလုံးကြီးနှင့် ဆွမ်းဆန်စိမ်းလောင်းလှူခြင်း၊ စာရေးတံမဲလောင်းလှူခြင်းစတဲ့ ကုသိုလ်ပြုရေးလုပ်ငန်းများ ဆောင်ရွက်ပြီး လှူဒါန်းမှုအစုစုကို ရေစက်သွန်းချအမျှပေးဝေကြမှာဖြစ်ပါတယ်” ဟု ဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“သဒ္ဓါကြည်လင်ပါရမီရှင်များအနေနဲ့လည်း မိမိတို့တတ်စွမ်းသမျှ ရွှေသင်္ကန်းအလှူ၊ ဆွမ်းဆန်စိမ်းအလှူ၊ စာရေးတံမဲအလှူ၊ ဗုဒ္ဓပူဇာ၊ ဓမ္မပူဇာ၊ သံဃပူဇာအလှူများ ပါဝင်လှူဒါန်းကုသိုလ်ယူနိုင်ပါကြောင်းလည်း နိဗ္ဗာန်အကျိုးမျှော် နှိုးဆော်လိုပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

အဆိုပါ တပေါင်းပွဲတော်၌ ဖျော်ဖြေရေးအစီအစဉ်များ၊ ပျော်ပွဲရွှင်ပွဲများ၊ စျေးရောင်းပွဲတော်များလည်း ထည့်သွင်းကျင်းပသွားရန်ရှိကြောင်း သိရသည်။

Most Read

Most Recent