တရုတ်ငါးဖမ်းသမားနှစ်ဦး ရေနစ်သေဆုံးပြီးနောက် ထိုင်ဝမ်ကျွန်းအနီး ရေပိုင်နက်အတွင်း တရုတ်က ကင်းလှည့်လည်မှုများ တိုးမြှင့်မည်

တရုတ်ငါးဖမ်းသမားနှစ်ဦး ရေနစ်သေဆုံးပြီးနောက် ထိုင်ဝမ်ကျွန်းအနီး ရေပိုင်နက်အတွင်း တရုတ်က ကင်းလှည့်လည်မှုများ တိုးမြှင့်မည်
ဖေဖော်ဝါရီ ၁၄ ရက်က ထိုင်ဝမ်၏ ကင်မန်ကျွန်းစုအနီးတွင် တိမ်းမှောက်ခဲ့သည့် ရေယာဉ်တစ်စီးကို ထိုင်ဝမ်ကမ်းခြေစောင့်တပ်က စစ်ဆေးနေစဉ်(Photo: AFP)
ဖေဖော်ဝါရီ ၁၄ ရက်က ထိုင်ဝမ်၏ ကင်မန်ကျွန်းစုအနီးတွင် တိမ်းမှောက်ခဲ့သည့် ရေယာဉ်တစ်စီးကို ထိုင်ဝမ်ကမ်းခြေစောင့်တပ်က စစ်ဆေးနေစဉ်(Photo: AFP)
Published 19 February 2024

ထိုင်ဝမ်ကမ်းခြေစောင့်တပ်၏ လိုက်လံဖမ်းဆီးမှုအတွင်း တရုတ်ငါးဖမ်းသမားနှစ်ဦး ရေနစ်သေဆုံးခဲ့ပြီးနောက် ထိုင်ဝမ်ကျွန်းအနီး ရေပိုင်နက်အတွင်း ကင်းလှည့်လည်မှုများ တိုးမြှင့်လုပ်ဆောင်မည်ဟု တရုတ်က ဖေဖော်ဝါရီ ၁၈ ရက်တွင် ပြောကြားခဲ့သည်။

အဆိုပါ တရုတ်ငါးဖမ်းသမားများ၏ စပိဘုတ်သည် ရေပိုင်နက်ကျူးကျော်ခဲ့သည်ဟု ထိုင်ဝမ်ကစွပ်စွဲထားပြီး ထိုင်ဝမ်ကျွန်းအနီးတစ်ဝိုက်ရှိ ရေပြင်နယ်နိမိတ်ထဲတွင် တရုတ်နိုင်ငံသားများ တရားမဝင်ငါးဖမ်းခြင်းမပြုအောင် ထိန်းချုပ်ရန် ဖေဖော်ဝါရီ ၁၅ ရက်တွင် ထိုင်ဝမ်က တရုတ်ကို တိုက်တွန်းခဲ့ပြီး တရုတ်နိုင်ငံသားနှစ်ဦး သေဆုံးခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်၍လည်း ထိုင်ဝမ်ကမ်းခြေစောင့်တပ်၏ လုပ်ရပ်ကို ကာကွယ်ပြောဆိုခဲ့ သည်။

ဖေဖော်ဝါရီ ၁၄ ရက်က လူလေးဦးကို တင်ဆောင်လာသည့် တရုတ်၏ စပိဘုတ်တစ်စီးသည် ထိုင်ဝမ်ကမ်းခြေစောင့်တပ်က လိုက်လံဖမ်းဆီးစဉ်အတွင်း ကင်မန်ကျွန်းစုအနီးတွင် တိမ်းမှောက်မှုဖြစ်ပွားခဲ့သည်။

၎င်းဖြစ်စဉ်တွင် စပိဘုတ်ပေါ်၌လိုက်ပါလာသူလေးဦးစလုံး ရေနစ်ခဲ့ပြီး နှစ်ဦးသေဆုံးခဲ့ကြောင်း ထိုင်ဝမ်ကမ်းခြေစောင့်တပ်ကဆိုသည်။ တရုတ်က ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ထိုင်ဝမ်ကိုရှုတ်ချခဲ့ပြီး ယင်းသည် ထိုင်ဝမ်ရေ လက်ကြားတစ်ဖက်တစ်ချက်တွင် နေထိုင်သည့် တစ်နယ်တည်းသားချင်းများကို ဆိုးရွားစွာ ထိခိုက်ခံစားမှု ဖြစ်စေခဲ့ကြောင်း ပြောဆိုခဲ့သည်။

ယင်းဒေသတွင် တရားဥပဒေစိုးမိုးမှု ထိန်းသိမ်းရေးအတွက် ကင်းလှည့်လည်မှုများ ပုံမှန်ပြုလုပ်မည်ဖြစ်ကြောင်း တရုတ်ကမ်းခြေစောင့်တပ်က ဖေဖော်ဝါရီ ၁၈ ရက်တွင် ပြောကြားခဲ့သည်။

သက်ဆိုင်ရာ ရေပိုင်နက်အတွင်း ကင်းလှည့်မှုများ အစီအစဉ်တကျ လုပ်ဆောင်နေမှုကို ဆက်လက်ထိန်းသိမ်းရန်နှင့် ငါးဖမ်းသမားများ၏ အသက်အန္တရာယ်လုံခြုံမှုကိုကာကွယ်စောင့်ရှောက်ရန် ရည်ရွယ်ကြောင်း တရုတ်ကမ်းခြေစောင့်တပ်ပြောခွင့်ရ ကန်ယွီက ကြေညာချက်ထုတ်ပြန်ခဲ့သည်။

တရုတ်က ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ထိုင်ဝမ်ကို ရှုတ်ချထားပြီး ထိုင်ဝမ်ကဖမ်းဆီးထားသော အသက်ရှင်ကျန်ရစ်သည့် ငါးဖမ်းသမားနှစ်ဦးကို ပြန်လွှတ်ပေးရန်လည်း တရုတ်က တိုက်တွန်းခဲ့သည်။

ထိုင်ဝမ်ကမူ ၎င်းစပိဘုတ်သည် ကင်မန်ကျွန်းစုတစ်ဝိုက်ရှိ တားမြစ်ခံရေပိုင်နက်အတွင်း ဝင်ရောက်ခဲ့သည်ဟုဆိုကာ တရုတ်ကိုတန်ပြန်အပြစ်တင်ခဲ့သည်။

၎င်းစပိဘုတ်တိမ်းမှောက်ခဲ့ပြီးနောက်တွင် မိမိတို့အမှုထမ်းများက ချက်ချင်းရှာဖွေကယ်ဆယ်မှုများ လုပ်ဆောင်ခဲ့သည်ဟုလည်း ထိုင်ဝမ်ကဆိုသည်။ ထိုင်ဝမ်၏တရုတ်ပြည်မရေးရာ ကောင်စီကလည်း မလျော်မကန်လုပ်ထုံးလုပ်နည်းကို ကျင့်သုံးခဲ့ခြင်းမရှိဟု ပြောကြားခဲ့သည်။

ကင်မန်ကျွန်းစုသည် ထိုင်ဝမ်အုပ်ချုပ်ခံနယ်မြေဖြစ်သော်လည်း တရုတ်နိုင်ငံရှာမန်မြို့နှင့် ငါးကီလိုမီတာခန့်သာ ကွာဝေးသည်။

ထိုင်ဝမ်ရေလက်ကြား တစ်လျှောက်တွင်တင်းမာမှုများ မြင့်တက်နေစဉ် ဖေဖော်ဝါရီ ၁၄ ရက်က ၎င်းဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ထိုင်ဝမ်သည် ၎င်းတို့၏ ပိုင်နက်နယ်မြေဖြစ်သည်ဟု တရုတ်က အခိုင်အမာပြောဆိုထားပြီး လိုအပ်လာပါက တစ်ချိန်ချိန်တွင် အင်အားသုံး၍ ပြန်လည်ပေါင်းစည်းသွားမည်ဟု ထပ်တလဲလဲ ပြောဆိုထားသည်။

မကြာသေးမီနှစ်များအတွင်း တရုတ်က ထိုင်ဝမ်အပေါ် စစ်ရေးအရတိုးမြှင့်ဖိအားပေးလာခဲ့ပြီး ထိုင်ဝမ်ကျွန်းအနီးသို့ စစ်လေယာဉ်များနှင့် ရေတပ်သင်္ဘောများ နေ့စဉ်နီးပါး စေလွှတ်လေ့ရှိသည်။

ထိုင်ဝမ်ကျွန်းအနီးတွင် တရုတ်၏မိုးပျံ ပူဖောင်းရှစ်လုံးကို စံချိန်တင်တွေ့ရှိခဲ့ပြီး ၎င်းတို့အနက် မိုးပျံပူဖောင်းနှစ်လုံးသည် ထိုင်ဝမ်ကျွန်းတည့်တည့်ပေါ်သို့ ပျံသန်းခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေး ဝန်ကြီးဌာနက ဖေဖော်ဝါရီ ၁၀ ရက်တွင် ပြောကြားခဲ့သည်။

Ref: AFP

         

Most Read

Most Recent