မန္တလေး Passport ရုံးတွင် တန်းစီရာ၌ လူအုပ်ပိ၍ အမျိုးသမီးနှစ်ဦး အသက်ရှုကြပ်သေဆုံး

မန္တလေး Passport ရုံးတွင် တန်းစီရာ၌ လူအုပ်ပိ၍ အမျိုးသမီးနှစ်ဦး အသက်ရှုကြပ်သေဆုံး
Published 19 February 2024

မန္တလေး Passport ရုံးတွင် တန်းစီရာ၌ လူအုပ်ပိ၍ အမျိုးသမီးနှစ်ဦး အသက်ရှူကြပ်သေဆုံးမှု ဖေဖော်ဝါရီ ၁၉ ရက် နံနက် ၂ နာရီဝန်းကျင်က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ၁၂ လမ်း ၆၅ လမ်းနှင့် ၆၆ လမ်းကြားရှိ နိုင်ငံကူးလက်မှတ်ထုတ်ရေးရုံးရှေ့တွင် passport ပြုလုပ်ရန် တန်းစီကြစဉ် တိုးဝှေ့ရာမှ လူအုပ်ပိ၍ အသက်ရှူကြပ်သတိလစ်သည့်ဖြစ်စဉ်များဖြစ်ခဲ့ပြီး သေဆုံးရခြင်းဖြစ်သည်ဟု စုံစမ်းသိရှိရသည်။

အဆိုပါဖြစ်စဉ်တွက် သွားရောက်ကယ်ဆယ်မှုများပြုလုပ်ခဲ့သည့် “မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့၊  နန်းတော်ရှေ့နယ်လုံးဆိုင်ရာလူမှုကယ်ဆယ်ရေးအသင်း” ၏ ၂၄ နာရီကျန်းမာရေးဝန်ဆောင်မှုမှ လူမှုကွန်ယက်စာမျက်နှာတွင် “ဖေဖော်ဝါရီ ၁၉ ရက် နံနက် ၂ နာရီ ၃၅ အချိန်က မန္တလေး၊ အောင်မြေသာစံမြို့နယ် ၁၂ လမ်းရှိ passport ရုံးတွင် တန်းစီတိုးကြရာလူအုပ်ပိ၍ အသက်ရှုကြပ်သတိလစ် ဒဏ်ရာရအမျိုးသမီး သုံးဦးအား မန္တလေးပြည်သူ့ဆေးရုံကြီးသို့ အရေးပေါ်ပို့ဆောင်ပေး” ဟူသော သတင်းကို ဖော်ပြထားခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး “မူးတာ မော်တာကတော့ ငါးဦးလောက်ပေါ့။ တန်းစီးရင်းတိုးရင်း ရေမြောင်းထဲကို ပြုတ်ကျကြတာ။ အသက်ရှူကြပ်တဲ့သုံးဦးကို စိုးရိမ်ရလို့ ဆေးရုံပို့တာမှာ တစ်ယောက်က ကားပေါ်တင်ဆုံးပြီး နောက်တစ်ယောက်က ဆေးရုံမှာဆုံးတယ်။ ကျန်တဲ့တစ်ယောက်ကတော့ မျက်နှာမှာ သွားကျိုးတဲ့ဒဏ်ရာတွေတို့၊ ခြေထောက်ပွန်းပဲ့တဲ့ ဒဏ်ရာတွေရလိုက်တယ်။ သိရသလောက် မနက် ၂ နာရီလောက်ကို လူအုပ်က တစ်ထောင်လောက်ရှိနေပြီ။ တိုးကြဝှေ့ကြရင်း ဖြစ်သွားတာ” လို့ နန်းတော်ရှေ့လူမှုကယ်ဆယ်ရေးအသင်းဥက္ကဌ ဦးသိန်းထွန်းအောင်က ပြောကြားခဲ့သည်။

အဆိုပါသတိလစ်ဒဏ်ရာရသူ သုံးဦးထဲမှ အမျိုးသမီး နှစ်ဦးမှာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent