ငြိမ်းချမ်းရေးဆွေးနွေးမှုများအတွက် အားကြိုးမာန်တက်ဆောင်ရွက်ရန် အာမေးနီးယားနှင့် အဇာဘိုင်ဂျန်ခေါင်းဆောင်များ သဘောတူ

ငြိမ်းချမ်းရေးဆွေးနွေးမှုများအတွက် အားကြိုးမာန်တက်ဆောင်ရွက်ရန် အာမေးနီးယားနှင့် အဇာဘိုင်ဂျန်ခေါင်းဆောင်များ သဘောတူ
ဖေဖော်ဝါရီ ၁၆ ရက်က မြူးနစ်မြို့တွင် အဇာဘိုင်ဂျန်သမ္မတ အလီယက်ဗ် (ယာ)၊ ဂျာမနီဝန်ကြီးချုပ် အိုလက်ဖရှောဇ် (လယ်) နှင့် အာမေးနီးယားဝန်ကြီးချုပ် ပါရှင်ယန်တို့ကို တွေ့ရစဉ်(Photo:AFP)
ဖေဖော်ဝါရီ ၁၆ ရက်က မြူးနစ်မြို့တွင် အဇာဘိုင်ဂျန်သမ္မတ အလီယက်ဗ် (ယာ)၊ ဂျာမနီဝန်ကြီးချုပ် အိုလက်ဖရှောဇ် (လယ်) နှင့် အာမေးနီးယားဝန်ကြီးချုပ် ပါရှင်ယန်တို့ကို တွေ့ရစဉ်(Photo:AFP)
Published 18 February 2024

ကော့ကေးဆပ်အိမ်နီးချင်း နှစ်နိုင်ငံဖြစ်သည့် အာမေးနီးယားနှင့် အဇာဘိုင်ဂျန်အကြား တင်းမာမှုများဖြစ်ပွားခဲ့ပြီးနောက် ငြိမ်းချမ်းရေးဆွေးနွေးမှုများအတွက် အားကြိုးမာန်တက်လုပ်ဆောင်ရန် နှစ်နိုင်ငံခေါင်းဆောင်များအကြား ဖေဖော်ဝါရီ ၁၇ ရက်က မြူးနစ်မြို့တွင် ပြုလုပ်သည့် ဆွေးနွေးပွဲတွင် သဘောတူခဲ့ကြသည်ဟု နှစ်နိုင်ငံအစိုးရက ထုတ်ပြန်ခဲ့သည်။

အာမေးနီးယားဝန်ကြီးချုပ် နစ်ကိုးလ် ပါရှင်ယန်နှင့် အဇာဘိုင်ဂျန် သမ္မတ အီလ်ဟမ်အလီယက်ဗ်သည် ဂျာမနီ ဝန်ကြီးချုပ် အိုလက်ဖ်ရှောဇ်နှင့် သုံးပွင့်ဆိုင် အစည်းအဝေးပြုလုပ်ခဲ့ပြီးနောက် ဖေဖော်ဝါရီ ၂၇ ရက်တွင် မြူးနစ်မြို့၌ ပါရှင်ယန်နှင့် အလီယက်ဗ်တို့၏ တိုက်ရိုက်ဆွေးနွေးပွဲ ဖြစ်မြောက်ခဲ့ခြင်း ဖြစ်သည်။

သုံးပွင့်ဆိုင်အစည်းအဝေးအတွင်း အာမေးနီးယားနှင့် အဇာဘိုင်ဂျန် နှစ်နိုင်ငံစလုံးက တင်းမာမှုများကို အင်အားမသုံးဘဲ ငြိမ်းချမ်းစွာ အဖြေရှာရန် ကတိပြုခဲ့ကြသည်ဟု ဂျာမနီဝန်ကြီးချုပ်ရုံးက ထုတ်ပြန်ခဲ့သည်။

အဇာဘိုင်ဂျန်သည် လက်နက်အင်အား အပြည့်အစုံပါသော စစ်ပွဲကို ဆင်နွှဲရန် စီစဉ်နေသည်ဟု အာမေးနီးယားဝန်ကြီးချုပ် ပါရှင်ယန်က ဖေဖော်ဝါရီ ၁၆ ရက်တွင် သတိပေးခဲ့ပြီးနောက် နှစ်နိုင်ငံစလုံးက ပဋိပက္ခကို ရှောင်လွှဲနိုင်ရန် ထိုကဲ့သို့ ကတိပြုခဲ့ကြခြင်းဖြစ်သည်။

ဖေဖော်ဝါရီ ၁၃ ရက်က အာမေးနီးယားနှင့် အဇာဘိုင်ဂျန်နယ်စပ်တွင် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး ထိုပစ်ခတ်မှုများနှင့် ပတ်သက်ပြီး တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန်စွပ်စွဲမှုများ ထွက်ပေါ်ခဲ့ကာ အာမေးနီးယားကမူ ၎င်း၏ စစ်သားလေးဦး သေဆုံးခဲ့သည်ဟု ပြောကြားခဲ့သည်။

အဇာဘိုင်ဂျန်နိုင်ငံသည် ပြီးခဲ့သည့်နှစ် စက်တင်ဘာလက အာမေးနီးယားလူမျိုးများ နေထိုင်သည့် နာဂေါ်နို-ကာရာဘက်ဒေသကို ထိုးစစ်ဆင်တိုက်ခိုက်ပြီး ပြန်လည် သိမ်းယူခဲ့ပြီးကတည်းက နှစ်နိုင်ငံအကြား တင်းမာ မှုများ မြင့်တက်လျက်ရှိသည်။

လက်ရှိတွင် နှစ်နိုင်ငံအကြား ဆက်ဆံရေးများ ပုံမှန်ပြန်လည်ထူထောင်ရန်၊ နယ်စပ် ဒေသကန့်သတ်မှု ပြဿနာနှင့် ငြိမ်းချမ်းရေး စာချုပ်ချုပ်ဆိုရန် ဆွေးနွေးပွဲများ ပြုလုပ်ရေးကို ပြောဆိုခဲ့သည်ဟု အဇာဘိုင်ဂျန် သမ္မတရုံးက ထုတ်ပြန်ခဲ့့သည်။

နှစ်နိုင်ငံအကြား နောက်ဆက်တွဲ အစည်းအဝေးများ ထပ်မံကျင်းပရန်အတွက် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများက တာဝန်ယူလုပ်ဆောင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

အာမေးနီးယား အစိုးရကလည်း နှစ်ဖက်စလုံးသည် ငြိမ်းချမ်းရေး စာချုပ်ချုပ်ဆိုရေးအတွက် ဆက်လက်လုပ်ဆောင်ရန် သဘောတူညီခဲ့ကြောင်း သီးခြားထုတ်ပြန်ခဲ့သည်။

“အာမေးနီးယား-အဇာဘိုင်ဂျန် ဆက်ဆံရေးများကို မှန်ကန်စွာ ထိန်းညှိရန် လုပ်ငန်းစဉ်နှင့် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို စိတ်ချသေချာစေရေးအတွက် ဆွေးနွေးခဲ့ကြသည်ဟုလည်း ထုတ်ပြန်ချက် တွင် ဖော်ပြခဲ့သည်။

အဇာဘိုင်ဂျန်သည် ၎င်း၏ နက်ခ်ချီဗန် နယ်မြေငယ်ကို ကုန်းမြေတံတားတစ်ခု ဆက်သွယ်ဖန်တီးရန်အတွက် အာမေးနီးယားနိုင်ငံကို ကျူးကျော်ဝင်ရောက်မည့်အရေးအား အာမေးနီးယားကး စိုးရိမ်လျက်ရှိသည်။

ယခုလအတွင်း သမ္မတအဖြစ် ပြန်လည် ရွေးကောက်ခံခဲ့ရသည့် အလီယက်ဗ်သည် ဖေဖော်ဝါရီ ၁၄ ရက်က ကျမ်းသစ္စာကျိန်ဆိုပွဲတွင် မိန့်ခွန်းပြောကြားခဲ့ချိန်က နယ်မြေပိုင်ဆိုင်ကြောင်း ထွက်ဆိုမှုများကို အာမေးနီး ယားကသာ ပြောကြားရမည်ဟု ဆိုသည်။

ပါရှင်ယန်နှင့် အလီယက်ဗ်တို့သည် ငြိမ်းချမ်းရေးသဘောတူညီချက်ကို ပြီးခဲ့သည့် နှစ်ကုန်ပိုင်းတွင် လက်မှတ်ရေးထိုးနိုင်လိမ့်မည်ဟု အစောပိုင်းက ပြောကြားခဲ့သော်လည်း နိုင်ငံတကာက ကြားဝင်စေ့စပ်ပေးခဲ့သည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများသည် အောင်မြင်မှုမရခဲ့ပေ။

အာမေးနီးယားနှင့် အဇာဘိုင်ဂျန်တို့သည် ကာရာဘက်ဒေသပိုင်ဆိုင်ရေးနှင့် ပတ်သက်ပြီး ၂၀၂၀ ခုနှစ်နှင့် ၁၉၉၀ ပြည့်နှစ်များတွင် စစ်ပွဲနှစ်ကြိမ် ဖြစ်ပွားခဲ့သည်။

                                              Ref:AFP

Most Read

Most Recent