ယူကရိန်း၏ အက်ဗ်ဒိဗ်ကာမြို့ကို အပြည့်အဝထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ရုရှား ပြောကြား

ယူကရိန်း၏ အက်ဗ်ဒိဗ်ကာမြို့ကို အပြည့်အဝထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ရုရှား ပြောကြား
အက်ဗ်ဒိဗ်ကာမြို့အနီးရှိ ရှေ့တန်းတစ်နေရာတွင် တိုက်ပွဲဝင်ရန်ပြင်ဆင်နေသည့် ယူကရိန်းစစ်သားများကို Bradley ကျည်ကားကားပေါ်တွင် တွေ့ရစဉ်(Photo:AFP)
အက်ဗ်ဒိဗ်ကာမြို့အနီးရှိ ရှေ့တန်းတစ်နေရာတွင် တိုက်ပွဲဝင်ရန်ပြင်ဆင်နေသည့် ယူကရိန်းစစ်သားများကို Bradley ကျည်ကားကားပေါ်တွင် တွေ့ရစဉ်(Photo:AFP)
Published 18 February 2024

ယူကရိန်းနိုင်ငံအရှေ့ပိုင်းရှိ အက်ဗ်ဒိဗ်ကာမြို့မှ ယူကရိန်းတပ်ဖွဲ့များ ဆုတ်ခွာသွားခဲ့ပြီးနောက် ထိုမြို့ကို အပြည့်အဝ ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ရုရှားက ဖေဖော်ဝါရီ ၁၇ ရက်တွင် ပြောကြားခဲ့သည်။

ရုရှားကာကွယ်ရေးဝန်ကြီး ဆယ်ဂေးရွှိုက်ဂူက ထိုမြို့အား သိမ်းပိုက်နိုင်ကြောင်းကို သမ္မတ ဗလာဒီမာပူတင်အား အကြောင်းကြားခဲ့သည်ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာနက အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။

ထိုကဲ့သို့ အရေးကြီးသည့် အောင်ပွဲရရှိမှုအတွက် ပူတင်က မိမိတို့စစ်တပ်နှင့် တိုက်ခိုက်ရေးသမားများကို ချီးကျူးဂုဏ်ပြုခဲ့သည်ဟု ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်ကော့ဗ်က နိုင်ငံပိုင်မီဒီယာကို ပြော ကြားခဲ့သည်။

စစ်မြေပြင်တွင် လက်နက်ခဲယမ်းပြတ်လပ်မှုများနှင့် စစ်သားအင်အားချင်းမမျှမှုတို့ကြောင့် ယူကရိန်းတပ်ဖွဲ့များသည် ထိုမြို့မှ ဆုတ်ခွာကြောင်း ဖေဖော်ဝါရီ ၁၇ ရက်အစောပိုင်းက ကြေညာခဲ့သည်။

ရုရှားတပ်ဖွဲ့များသည် ပြီးခဲ့သည့် အောက်တိုဘာလက ထိုမြို့ကို သိမ်းပိုက်နိုင်ရန် အားထုတ်ကြိုးပမ်းမှုများကို အရှိန်မြှင့်တင်ခဲ့သဖြင့် လနှင့်ချီသည့် ဖိအားများကို ခံခဲ့ရပြီးနောက် ယူကရိန်းတပ်ဖွဲ့များ ဆုတ်ခွာခဲ့ ရခြင်းဖြစ်သည်။

ယူကရိန်းစစ်သားများသည် ၀ိုင်းပတ် ပိတ်ဆို့ခံရမည့် အရေးမှ ရှောင်ရှားရန် ရှေ့တန်းစစ်မျက်နှာပြင်ဖြစ်သည့် အက်ဗ်ဒစ်ဗ်ကာမြို့မှ ဆုတ်ခွာခဲ့ကြောင်း စစ်ဦးစီးချုပ်အသစ် အိုလက်ဇန်းဒါး ဆိုစကီးက ဖေဖော်ဝါရီ ၁၇ ရက်တွင် ပြောကြားခဲ့ပြီး ယင်းသည် ပြီးခဲ့သည့်နှစ် နွေရာသီက စတင်ခဲ့သည့် ယူကရိန်း၏ အောင်မြင်မှုမရှိသည့် တန်ပြန်ထိုးစစ်အပြီးတွင် ရုရှားတပ်များအတွက် ကြီးမားသည့် အောင်မြင်မှုတစ်ခုဖြစ်ခဲ့သည်။

ထို့ပြင်  ပြီးခဲ့သည့် နှစ်မေလက ဘက်ခ်မွတ်မြို့ကို သိမ်းပိုက်ခဲ့ပြီးနောက် ယခုဖြစ်စဉ်သည် ရုရှားတပ်ဖွဲ့များ အတွက် သိသာထင်ရှားသည့် နယ်မြေသိမ်းပိုက်ရရှိမှု ဖြစ်လာခဲ့သည်။

ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးကမူ မိမိတို့ပြည်သူများကို ကာကွယ်နိုင်စွမ်းရှိမှုသည် မိမိတို့အတွက် အရေးအကြီးဆုံး တာဝန်ဖြစ်သည်ဟု ဖေဖော်ဝါရီ ၁၇ ရက်က ဂျာမနီနိုင်ငံတွင်ပြုလုပ်သည့် မြူးနစ်လုံခြုံရေး ဖိုရမ်တွင် ပြောကြားခဲ့သည်။

“အဝိုင်းခံရမယ့် အခြေအနေကို ရှောင်ရှားနိုင်ဖို့အတွက် စစ်သားတွေကို ပြန်လည်ရုပ်သိမ်းဖို့ ဆုံးဖြတ်ခဲ့တာ  ဖြစ်ပါတယ်။ ဒါဟာ ရုရှားတပ်ဖွဲ့တွေက တစ်ခုခုကို သိမ်းပိုက်နိုင်တဲ့ သဘောမဟုတ်ပါဘူး။ ရုရှားဟာ ဘာကိုမှ မသိမ်းခဲ့ပါဘူး” ဟု ဇယ်လန်စကီးက ပြောကြားခဲ့သည်။

 “ကျွန်တော်တို့တပ်ဖွဲ့တွေကို မြို့ထဲက ပြန်လည်ရုပ်သိမ်းပြီး အခြားသင့်တော်တဲ့ နေရာတွေမှာ ခံစစ်ပြင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်”ဟု ဆိုစကီးက Facebook တွင် ပြောကြားခဲ့သည်။

“ကျွန်တော်တို့ စစ်သားတွေဟာ သူတို့ရဲ့ စစ်ရေးတာဝန်တွေကို ဂုဏ်သိက္ခာရှိရှိ ထမ်းဆောင်ခဲ့ပါတယ်။ ပြီးတော့ ရုရှားတပ်ဖွဲ့တွေကို အကောင်းဆုံး ချေမှုန်းနိုင်ခဲ့ပြီး ရန်သူတွေကို ကြီးမားတဲ့ ဆုံးရှုံးမှုတွေဖြစ်အောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်”ဟု ဆိုစကီးက ပြောကြားခဲ့သည်။

တပ်ဖွဲ့များ ပြန်လည်ဆုတ်ခွာသည့် စစ်ဆင်ရေးအတွင်း ရုရှားစစ်သားအနည်းငယ် ဖမ်းဆီးခံခဲ့ရသည်ဟု စစ်ဘက်အရာရှိအချို့က ပြောကြားခဲ့သည်။

ယခုကဲ့သို့ တပ်များပြန်လည်ရုပ်သိမ်းမှုသည် ဆိုစကီးအတွက် စစ်ဦးစီးချုပ်တာဝန်ကို ရယူခဲ့ပြီးနောက် ချမှတ်ခဲ့သည့် ပထမဆုံး ဆုံးဖြတ်ချက်ဖြစ်သည်။                     Ref:AFP

 

 

 

Most Read

Most Recent