ပါလက်စတိုင်းပြည်သူ ၁ ဒသမ ၅ သန်း ပိတ်မိနေသော ရာဖာမြို့ကို အကြီးစားစစ်ဆင်ရေးမလုပ်ရန် အမေရိကန်က အစ္စရေးကို ထပ်လောင်းတောင်းဆို

ပါလက်စတိုင်းပြည်သူ ၁ ဒသမ ၅ သန်း ပိတ်မိနေသော ရာဖာမြို့ကို အကြီးစားစစ်ဆင်ရေးမလုပ်ရန် အမေရိကန်က အစ္စရေးကို ထပ်လောင်းတောင်းဆို
ခန်းယူနစ်ကို အစ္စရေးဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် မီးခိုးများ ထွက်နေပုံကို  ဖေဖော်ဝါရီ ၁၅ ရက်တွင် ရာဖာမှ ရိုက်ထားသောပုံ၌ တွေ့ရစဉ်(Photo: AFP)
ခန်းယူနစ်ကို အစ္စရေးဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် မီးခိုးများ ထွက်နေပုံကို  ဖေဖော်ဝါရီ ၁၅ ရက်တွင် ရာဖာမှ ရိုက်ထားသောပုံ၌ တွေ့ရစဉ်(Photo: AFP)
Published 17 February 2024

အစ္စရေးသည် ပါလက်စတိုင်းပြည်သူ ၁ ဒသမ ၅ သန်းပိတ်မိနေသော ဂါဇာတောင်ပိုင်းမြို့ ရာဖာကို အကြီးစား စစ်ဆင်ရေးလုပ်ဆောင်ခြင်းမပြုရန် ဖေဖော်ဝါရီ ၁၆ ရက်တွင် အဓိကမဟာမိတ်အမေရိကန်ပြည်ထောင်စုထံမှ ထပ်လောင်းတောင်းဆိုမှုကို ရင်ဆိုင်ခဲ့ရသည်။

အစ္စရေးဝန်ကြီးချုပ်ဘင်ဂျမင်နေတန်ယာဟုက ဟားမာ့စ်စစ်သွေးကြွအုပ်စုကို အလုံးစုံ အနိုင်ရရန် လူများပြည့်ကျပ်နေသော ရာဖာမြို့၌ အင်အားကြီးသော စစ်ဆင်ရေးကို လုပ်ဆောင်နေသည်ဟု ပြောကြား ထားသည်။

အမေရိကန်သမ္မတဂျိုးဘိုင်ဒင်သည် ဖေဖော်ဝါရီ ၁၅ ရက်ညပိုင်းတွင် နေတန်ယာဟုနှင့် ဖုန်းစကားပြောခဲ့ရာတွင် အရပ်သားများ ဘေးကင်းရေး အစီအမံမရှိဘဲ ရာဖာကို တိုက်ခိုက်ခြင်းမပြုရန် တိုက်တွန်းခဲ့သည်ဟု အိမ်ဖြူတော်က ထုတ်ပြန်ခဲ့သည်။

ဂါဇာပြည်သူ ထောင်ပေါင်းများစွာသည်  ရာဖာကို ရောက်ရှိလာခဲ့ကြပြီး အီဂျစ်နယ်စပ်အနီး၌ တမျှော်တခေါ်ရှိသော ယာယီစခန်းများတွင် နေထိုင်လျက်ရှိကြသည်။

ရာဖာမြို့သည် ယခုအခါ  ဂါဇာလူဦးရေ၏ တစ်ဝက်ကျော်ကို လက်ခံထားသည်။ ထို့ကြောင့် စစ်ပွဲရှောင်ပြည်သူများသည် ဂါဇာကမ်းမြောင်၏ ၂၀ ရာခိုင်နှုန်းမပြည့်သော ရာဖာတွင် ပြည့်ကျပ်လျက်ရှိသည်ဟု ကုလသမဂ္ဂလူသားချင်းစာနာမှုအေဂျင်စီ OCHA က ထုတ်ပြန်ထားသည်။

“ကျွန်မတို့ဟာ ဂါဇာစီးတီးကနေတောင်ပိုင်းကို စစ်ရှောင်လာခဲ့ကြတာဖြစ်ပါတယ်။ အဲဒီနောက်ရာဖာကိုသွားဖို့ ကျွန်မတို့ကို ပြောခဲ့ပါတယ်။ ဒီလိုနဲ့ကျွန်မတို့ ရာဖာကို သွားခဲ့ရတာပါ”ဟု အာလမ်အဘူအဆီက ပြောသည်။

“ကျွန်မတို့ သွားလိုက် ပြန်လိုက် မလုပ်နိုင်ပါဘူး။ ကျွန်မတိုု့အတွက် ဘေးကင်းတဲ့နေရာမရှိပါဘူး”ဟု ၎င်းက ဖြည့်စွက်ပြောသည်။

အစ္စရေးက ရာဖာမြို့ကို မြေပြင်စစ်ဆင်ရေးလုပ်ဆောင်ခြင်းမပြုရန် ဗြိတိန်၊သြစတြေးလျ၊ ကနေဒါ၊ နယူးဇီလန်တို့ကလည်း တိုက်တွန်းထားသည်။

ရာဖာကို စစ်ဆင်ရေးလုပ်ခြင်း၏ ဆိုးရွားဖွယ်ရာရှိနေသော လူသားချင်းစာနာမှုဆိုင်ရာ သက်ရောက်မှုကို စိုးရိမ်သည်ဟု ဗြိတိန်ဝန်ကြီးချုပ်ရီရှီဆူနက်က နေတန်ယာဟုနှင့်ဖုန်းစကားပြောရာတွင် ပြောကြားခဲ့သည်ဟု ဆူနက်၏ရုံးက ထုတ်ပြန်ခဲ့သည်။

အစ္စရေးတိုက်ခိုက်မှုများကြောင့် ဖေဖော်ဝါရီ ၁၆ ရက် စောစောပိုင်းတွင် ဂါဇာကမ်းမြောင်တစ်ခွင်၌ လူ ၁၁၂ ဦးသေဆုံးခဲ့သည်ဟု ဟားမာ့စ်ဦးစီးနေသော ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ဖေဖော်ဝါရီ ၁၆ ရက် စောစောပိုင်း၌  နောက်ထပ်စစ်သားတစ်ဦး ကျဆုံးသွားသည်ဟု အစ္စရေးစစ်တပ်က ထုတ်ပြန်ခဲ့သည်။ ထို့ကြောင့် ဂါဇာ၌ အစ္စရေးကလုပ်ဆောင်နေသော မြေပြင်စစ်ဆင်ရေးများတွင် ကျဆုံးခဲ့ သည့် အစ္စရေးစစ်သားအရေအတွက်သည် ၂၃၃ ဦးအထိရှိလာခဲ့သည်ဟု ဆိုသည်။

အောက်တိုဘာ ၇ ရက်တွင်ဟားမာ့စ် ကအစ္စရေးကို နယ်စပ်ဖြတ်ကျော်တိုက်ခိုက်ခဲ့ခြင်းကြောင့် အစ္စရေးတွင်အရပ်သား အများစုဖြစ်သည့် လူ ၁,၁၄၀ သေဆုံးခဲ့ပြီးလူ ၂၅၀ ခန့် ပြန်ပေးဆွဲခံခဲ့ရသည်ဟု အစ္စရေးက ပြောကြားသည်။ အကြမ်းဖျင်းအားဖြင့် ဓားစာခံ ၁၃၀ သည် ဂါဇာတွင်ရှိနေသည်ဟု ယုံကြည် ထားဆဲဖြစ်ကြောင်း အစ္စရေးတာဝန်ရှိသူများက  ပြောကြားခဲ့သည်။

Ref: AFP

Most Read

Most Recent