■ လာမည့်နွေတွင် PSG အသင်းမှထွက်ခွာတော့မည်ဖြစ်ကြောင်း အသင်းဥက္ကဋ္ဌ အယ်လ်ခီလိုင်ဖီကို ဘာပေ တရားဝင်အသိပေး     

■ လာမည့်နွေတွင် PSG အသင်းမှထွက်ခွာတော့မည်ဖြစ်ကြောင်း အသင်းဥက္ကဋ္ဌ အယ်လ်ခီလိုင်ဖီကို ဘာပေ တရားဝင်အသိပေး     
Photo: Getty Images
Photo: Getty Images
Published 16 February 2024

PSG အသင်း၏ ပြင်သစ်တိုက်စစ်မှူး ဘာပေသည် လာမည့်နွေရာသီတွင် အသင်းမှထွက်ခွာတော့မည်ဖြစ်ကြောင်း ဥက္ကဋ္ဌ အယ်လ်ခီလိုင်ဖီကို တရားဝင်အသိပေးပြောကြားလိုက်ပြီဟု အားကစားမီဒီယာများစွာက ကြာသပတေးနေ့တွင် ဖော်ပြခဲ့သည်။

    

ဘာပေသည် အစောပိုင်းကတည်းက စာချုပ်သက်တမ်းကုန်ဆုံးမည့် ၂၀၂၄ နွေရာသီတွင် PSG အသင်းနှင့် လမ်းခွဲတော့မည်ဟု သတင်းများထွက်ပေါ်နေခဲ့သော်လည်း ယခုမှ တရားဝင်အသိပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

PSG အသင်းသည် နောက်ဆုံးအချိန်အထိ ဘာပေကို အသင်းတွင် ဆက်ထိန်းထားနိုင်ရန် ကြိုးပမ်းခဲ့သော်လည်း ယခုအခါ လမ်းခွဲရရန် ရာနှုန်းပြည့်သေချာသွားခဲ့ပြီဖြစ်သည်။ 

ဘာပေသည် ၎င်း၏ ငယ်ဘဝအိပ်မက်အသင်းဖြစ်သည့် ရီးယဲလ်မက်ဒရစ်အသင်းထံ ပြောင်းရွှေ့တော့မည်ဖြစ်ကြောင်း ထင်ကြေးပေးမှုများ ထွက်ပေါ်နေသော်လည်း ယင်းသတင်းအတွက်မူ အတည်ပြုနိုင်ခြင်းမရှိသေးပေ။ 

ဘာပေသည် PSG အသင်းနှင့် စာချုပ်သက်တမ်းပြည့်ပြီး လမ်းခွဲမည်ဖြစ်သောကြောင့် ရီးယဲလ်အသင်းအနေဖြင့် ၎င်းအား ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ခေါ်ယူနိုင်မည်ဖြစ်သော်လည်း လက်မှတ်ထိုးကြေးအဖြစ် ယူရိုသန်း(၁၃၀)ဝန်းကျင် ပေးချေရဖွယ်ရှိကြောင်း သိရသည်။ 

ထို့ပြင် မြင့်မားသည့် လစာနှုန်းထားနှင့် အခြားခံစားခွင့်များလည်း ပေးချေရမည်ဖြစ်သည့်အတွက် ရီးယဲလ်အသင်းအနေဖြင့် ငွေကြေးများစွာ သုံးစွဲသွားရမည်ဖြစ်သည်။

    

PSG အသင်းသည် ဘာပေကို ဆုံးရှုံးရတော့မည်ဖြစ်သည့်အတွက် ကမ္ဘာ့အဆင့် ကြယ်ပွင့်ကစားသမားသစ် ပြန်လည်အားဖြည့်ဖွယ်ရှိရာ နာပိုလီအသင်းမှ နိုင်ဂျီးရီးယားတိုက်စစ်မှူး အိုဆင်မန်ကို ပစ်မှတ်ထားကြိုးပမ်းဖွယ်ရှိကြောင်း ခန့်မှန်းမှုများလည်း ထွက်ပေါ်လာခဲ့သည်။ 

အိုဆင်မန်သည် နာပိုလီအသင်းနှင့် ၂၀၂၆ ခုနှစ်အထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုထားသော်လည်း ယူရိုသန်း(၁၂၀)တန် လျော်ကြေးစာချုပ် ထည့်သွင်းချုပ်ဆိုထားသည်။ 

အိုဆင်မန်ကို ချယ်လ်ဆီးအပါအဝင် ပရီးမီးယားလိဂ်ထိပ်သီးအသင်းအချို့ကလည်း ခေါ်ယူရန် ချိန်ရွယ်နေသောကြောင့် လာမည့်နွေရာသီတွင် PSG အသင်းနှင့် အပြိုင်ကြိုးပမ်းဖွယ်ရှိနေသည်။

Most Read

Most Recent