အစ္စရေးနှင့် ဂါဇာ၌ အသုံးပြုရန်အတွက် အီလွန်မက်စ်၏ စတားလင့်ခ် အင်တာနက်ကို အစ္စရေးအစိုးရက အတည်ပြု

အစ္စရေးနှင့် ဂါဇာ၌ အသုံးပြုရန်အတွက် အီလွန်မက်စ်၏ စတားလင့်ခ် အင်တာနက်ကို အစ္စရေးအစိုးရက အတည်ပြု
စတားလင့်ခ်၏ ဂြိုဟ်တုကွန်ရက်ဖြင့် အင်တာနက်ပေးပုံ သရုပ်ဖော်ပုံအားတွေ့ရစဉ်(Photo:AFP)
စတားလင့်ခ်၏ ဂြိုဟ်တုကွန်ရက်ဖြင့် အင်တာနက်ပေးပုံ သရုပ်ဖော်ပုံအားတွေ့ရစဉ်(Photo:AFP)
Published 15 February 2024

အစ္စရေးအစိုးရသည် အစ္စရေးနှင့်ဂါဇာ ကမ်းမြောင်၏ဒေသများတွင် အီလွန်မက်စ်၏ စတားလင့်ခ် ဂြိုဟ်တု အင်တာနက် ဝန်ဆောင်မှုများကို အသုံးပြုရန် အတည်ပြုလိုက်သည်ဟု ဖေဖော်ဝါရီ ၁၄ ရက်တွင် အစ္စရေး ဆက်သွယ်ရေးဝန်ကြီးက ထုတ်ပြန်ခဲ့သည်။

သဘောတူညီချက်အရ စတားလင့်ခ်သည် ဂါဇာတောင်ဘက်ဖျားရှိ ရာဖာမြို့တွင် ယူအေအီးက ဖွင့်လှစ်ထားသော ယာယီဆေးရုံကို အင်တာနက် ဝန်ဆောင်မှု ပေးသွားမည်ဖြစ်ပြီး အစ္စရေး၏ သဘောတူညီချက်ဖြင့် အဝိုင်းခံထားရသော ဂါဇာတွင် အင်တာနက် ဆက်သွယ်ရေးကို တိုးချဲ့ပေးသွားမည်ဖြစ် သည်။

ကမ္ဘာပတ်လမ်း၏ အနိမ့်ပိုင်းနေရာတွင် လှည့်ပတ်နေသော ဂြိုဟ်တုများဖြင့် အင်တာ နက်ဝန်ဆောင်မှုပေးနေသော စတားလင့်ခ်သည် ဝေလံသောနေရာများသို့မဟုတ် သာမန်ဆက်သွယ်ရေး တာဝါတိုင် မရှိသည့် နေရာများတွင် အင်တာနက်ပေးနိုင်သည်။

“ကွန်ရက်နှေးကွေးမှုနည်းပြီး မြန်နှုန်းမြင့် ဆက်သွယ်ရေးဖြစ်တဲ့ စတားလင့်ခ်ဟာ ဆေးရုံအချင်းချင်း ဗီဒီယိုအစည်းအဝေးလုပ်တာ၊ အဝေးကနေ အချိန်နဲ့တပြေးညီ ရောဂါ ရှာဖွေတာတွေ လုပ်လို့ရစေပါလိမ့်မယ်

” ဟု အစ္စရေးဆက်သွယ်ရေးဝန်ကြီး ရှလိုမိုခါဟီက ဖေဖော်ဝါရီ ၁၄ ရက်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အားထားရသည့် မြန်နှုန်းမြင့်အင်တာနက်သည် အချိန်နှင့်တပြေးညီ ဗီဒီယိုဖြင့် ဆက်သွယ်ဆောင်ရွက်ခြင်းမှတစ်ဆင့် လူ့အသက်ကယ်နိုင်သော ဆေးဘက်ဆိုင်ရာ ဆွေးနွေးမှုများကို လုပ်ဆောင်စေနိုင်လိမ့်မည်ဟု ယူအေအီး နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူ အက်ဖရာအယ်လ်ဟာမီလီ က ပြောကြားခဲ့ပြီး သဘောတူညီချက်ကို ကြိုဆိုသည်ဟု ပြောကြားခဲ့သည်။

အချိန်လေးလ ကျော်ကြာမြင့်နေပြီ ဖြစ်သောစစ်ပွဲကြောင့် ဂါဇာ၏ ဆေးရုံများသည် မနိုင်မနင်းဖြစ်လျက်ရှိပြီး စစ်ဖြစ်နေသည့် ကာလအတွင်း လူ ၆၈,၂၉၂ ဦး ဒဏ်ရာရခဲ့သည်ဟု ဟားမာ့စ်အုပ်ချုပ်နေသော ဂါဇာရှိ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ဂါဇာကမ်းမြောင်တွင် စွမ်းရည်ပြည့်လည်ပတ်နိုင်သော ဆေးရုံမကျန်တော့ဟု လွန်ခဲ့သောသီတင်းပတ်တွင် ကုလသမဂ္ဂက ခန့်မှန်းခဲ့သည်။ ဆေးရုံ ၃၆ ခုထဲက ၁၃ ခုသာလျှင် လုပ်နိုင်စွမ်းအချို့ဖြင့် အလုပ်လုပ်နေ သည်ဟု ဆိုသည်။

ဆက်သွယ်ရေးလိုင်းများ ဖြတ်တောက်ထားချိန်တွင် ကုလသမဂ္ဂအေဂျင်စီများနှင့် အန်ဂျီအိုများက ၎င်းတို့၏ ဂါဇာအဖွဲ့များနှင့် အဆက်အသွယ်ပြတ်တောက်ခဲ့သည်ဟု ထုတ်ပြန်ခဲ့ကြပြီးနောက် စတားလင့်ခ်ပိုင်ရှင် အီလွန်မက်စ်က ဂါဇာတွင် အကူအညီပေးနေသော အဖွဲ့အစည်းများထံ အင်တာနက် တိုးချဲ့ပေးရေးအတွက် အောက်တိုဘာလထဲတွင် ကနဦးအားဖြင့် အဆိုပြုခဲ့သည်။

အစ္စရေးဆက်သွယ်ရေးဝန်ကြီးက အီလွန်မက်စ်၏ အဆိုပြုချက်ကို ထိုအချိန်တုန်းက ကန့်ကွက်ခဲ့သည်။ ဟားမာ့စ်စစ်သွေးကြွများသည် အင်တာနက်ဝန်ဆောင်မှုကို အခွင့်ကောင်းယူသွားလိမ့်မည်ဟု ပြောကြား ခဲ့သည်။

မက်စ်သည် အစ္စရေးကို သွားရောက်ခဲ့ပြီး ဟားမာ့စ်၏ အောက်တိုဘာ ၇ ရက် တိုက်မှု နေရာများကို ကြည့်ရှုခဲ့သည်။ ထို့နောက် ခါဟီက ၎င်း၏နိုင်ငံသည် စတားလင့်ခ် အသုံးပြုရေးအတွက် မူအားဖြင့် နားလည်မှုယူထားပြီးပြီဟု ပြောကြားခဲ့သည်။

လူသားချင်းစာနာမှု အကူအညီများနှင့် သက်ဆိုင်သော ရည်ရွယ်ချက်များအတွက် ဂါဇာကမ်းမြောင်တွင် ရောက်ရှိနေသော အဖွဲ့များသည် အစ္စရေး လုံခြုံရေးခွင့်ပြုမိန့်ကို အားပြုကြရလိမ့်မည်ဟု ဖေဖော်ဝါရီ ၁၄ ရက် တွင် ခါဟီက ပြောကြားခဲ့သည်။

အစ္စရေး၏ ဆောင်ရွက်ချက်ကို အလွန်ကျေနပ်မိသည်ဟု အီလွန်မက်စ်က လူမှုမီဒီယာ X တွင် ရေးသားခဲ့ပြီး အင်တာနက်အတွက် အစ္စရေး၏ သဘောတူညီချက်က အစ္စရေးပြည်သူများကိုလည်းကောင်း၊ ဂါဇာ ပြည်သူမျာကိုလည်းကောင်း အကူအညီပေးလိမ့်မည်ဟု ဆိုသည်။                    Ref:AFP