အင်ဒိုနီးရှားသမ္မတလောင်း ပရာဘိုဝိုက ရွေးကောက်ပွဲတွင် အနိုင်ရရှိကြောင်း ကြေညာခဲ့ပြီး ပြည်သူအားလုံးကို ကာကွယ်စောင့်ရှောက်မည်ဟု ကတိပြု

အင်ဒိုနီးရှားသမ္မတလောင်း ပရာဘိုဝိုက ရွေးကောက်ပွဲတွင် အနိုင်ရရှိကြောင်း ကြေညာခဲ့ပြီး ပြည်သူအားလုံးကို ကာကွယ်စောင့်ရှောက်မည်ဟု ကတိပြု
ဖေဖော်ဝါရီ ၁၄ ရက် ရွေးကောက်ပွဲနေ့တွင် မဲရုံများပိတ်သိမ်းပြီးနောက် မြို့တော်ဂျာကာတာ၌ ထောက်ခံသူများကို မိန့်ခွန်းပြောနေသည့် အင်ဒိုနီးရှားသမ္မတလောင်း ပရာဘိုဝို(ဝဲ)ကို တွေ့ရစဉ် (Photo:AFP)
ဖေဖော်ဝါရီ ၁၄ ရက် ရွေးကောက်ပွဲနေ့တွင် မဲရုံများပိတ်သိမ်းပြီးနောက် မြို့တော်ဂျာကာတာ၌ ထောက်ခံသူများကို မိန့်ခွန်းပြောနေသည့် အင်ဒိုနီးရှားသမ္မတလောင်း ပရာဘိုဝို(ဝဲ)ကို တွေ့ရစဉ် (Photo:AFP)
Published 15 February 2024

လက်ရှိ အင်ဒိုနီးရှားကာကွယ်ရေးဝန်ကြီး ပရာဘိုဝို ဆူဘီယန်တိုက ရွေးကောက်ပွဲတွင် ၎င်းအနိုင်ရရှိကြောင်း ကြေညာခဲ့ပြီးပြည် သူအားလုံးကို ဦးဆောင်ကာ ကာကွယ်စောင့်ရှောက်မည်ဖြစ်ကြောင်း ကတိပြုခဲ့သည်။

၎င်းသည် မဲရလဒ် ပြတ်ပြတ်သားသားဖြင့် အနိုင်ရရှိကာ ကမ္ဘာ့တတိယအကြီးဆုံး ဒီမိုကရေစီနိုင်ငံဖြစ်သော အင်ဒိုနီးရှား၏ သမ္မတသစ်ဖြစ်လာဖွယ်ရှိသည်။

ယုံကြည်စိတ်ချရပြီး အစိုးရက ထောက်ခံသည့် သီးခြားလွတ်လပ်သော မဲရေတွက်မှုများ၏ ကနဦးရလဒ်များ ထွက်ပေါ်လာပြီးနောက် စစ်ဗိုလ်ချုပ်ကြီးဟောင်း ပရာဘိုဝိုက ရွေးကောက်ပွဲတွင် ၎င်းအနိုင်ရရှိကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။

သို့သော် ၎င်း၏ပြိုင်ဘက်များကမူ ရွေးကောက်ပွဲတွင် ရှုံးနိမ့်ကြောင်း ထုတ်ဖော်ဝန်ခံခြင်း မရှိသေးပေ။

အင်ဒိုနီးရှား ရွေးကောက်ပွဲကော်မရှင်က နောက်ပိုင်းတွင်ထုတ်ပြန်ခဲ့သည့် တရားဝင် မဲရလဒ်များအရလည်း ဆန္ဒမဲအရေအတွက် ၄၂ ဒသမ ၅ ရာခိုင်နှုန်းကို ရေတွက်ပြီးချိန်တွင် အသက် ၇၂  နှစ်အရွယ် ပရာဘိုဝို သည် မဲအရေအတွက် ၅၆ ဒသမ ၄ ရာခိုင်နှုန်း ရရှိထားသည်။ ၎င်းသည် အနီးကပ်ဆုံးပြိုင်ဘက်ထက် မဲအရေအတွက် နှစ်ဆကျော် ပိုမိုရရှိထားသည်။

လက်ရှိသမ္မတဝီဒိုဒို၏ သားဖြစ်သူ ဂီဘရန် ရာကာဘူမင်ရာကာသည် ပရာဘိုဝို၏ ဒုသမ္မတလောင်းအဖြစ် ပါဝင်ယှဉ်ပြိုင်ခဲ့သည်။

“ဒီအောင်ပွဲဟာ အင်ဒိုနီးရှားလူထုတစ်ရပ်လုံးရဲ့ အောင်ပွဲဖြစ်သင့်ပါတယ်”ဟု ပရာဘိုဝိုက ဖေဖော်ဝါရီ ၁၅ ရက် ညနေပိုင်းတွင် မြို့တော်ဂျာကာတာ၌ ၎င်းကိုထောက်ခံသည့် လူအုပ်ကြီးအား ပြောကြားခဲ့သည်။

၎င်းအနေဖြင့် အင်ဒိုနီးရှား၏ အတော်ဆုံး သားကောင်းရတနာ၊ သမီးကောင်းရတနာများ ပါဝင်သည့် အစိုးရတစ်ရပ်ကို ဖွဲ့စည်းသွားမည်ဟုလည်း ပြောကြားခဲ့သည်။

 ပရာဘိုဝိုက သယံဇာတကြွယ်ဝသည့် အင်ဒိုနီးရှား၏ စီးပွားရေးကို ဆက်လက်အား ကောင်းအောင် လုပ်ဆောင်မည်ဟု ကတိပြုထားခြင်းနှင့်အတူ ၎င်း၏ပြတ်ပြတ်သားသား အသာရမှုကြောင့် အရှေ့တောင်အာရှ၏ စီးပွားရေးအင်အားအကြီးဆုံး အင်ဒိုနီးရှားတွင် စတော့စျေးကွက်များ နှစ်ရာခိုင်နှုန်းနီးပါး ခုန်တက်ခဲ့ကြောင်း သိရသည်။

ပရာဘိုဝို အနိုင်ရနေသည့် ကနဦးမဲရလဒ်များ ထွက်ပေါ်လာပြီးနောက် ၎င်းကို ထောက်ခံသူများသည် ဂျာကာတာရှိ ၎င်း၏ နေအိမ်အပြင်ဘက်တွင် ကခုန်အောင်ပွဲခံခဲ့ကြသည်။ ပရာဘိုဝိုသည် ပြီးခဲ့သည့် သမ္မတ ရွေးကောက်ပွဲနှစ်ကြိမ်တွင် လက်ရှိသမ္မတ ဂျိုကိုဝီဒိုဒိုကို ရှုံးနိမ့်ခဲ့သည်။

 ယခုရွေးကောက်ပွဲတွင် ပရာဘိုဝိုသည် အလယ်ပိုင်းဂျာဗားပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း ဂန်ဂျာပရာနို၀ိုနှင့် ဂျာကာတာ အုပ်ချုပ်ရေးမှူးဟောင်း အနီးစ်ဘာစ်ဝီဒန်တို့နှင့် ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။

ဒုတိယအကျော့ ယှဉ်ပြိုင်ရမည်ဆိုလျှင် ပရာဘိုဝိုနှင့် ယှဉ်ပြိုင်ရမည့်သူအဖြစ် ရှုမြင်ခံရသည့် သမ္မတလောင်းတစ်ဦးဖြစ်သူ ဘာစ်ဝီဒန်က အပြီးသတ်မဲရလဒ်များ ထွက်ပေါ်လာမှသာ ရလဒ်ကို အတည်ယူမည်ဟုဆိုသည်။

နောက်ထပ်သမ္မတလောင်း ဂန်ဂျာပရာ နို၀ို၏ ပြောရေးဆိုခွင့်ရှိသူက ရွေးကောက်ပွဲတွင် စနစ်တကျ ပြင်ဆင်ထားသည့် မသမာမှု ကြီးကြီးမားမားရှိနေသည်ကို တွေ့ရှိထားသည်ဟု ဆိုထားသော်လည်း အထောက်အထား ပြသခဲ့ခြင်းမရှိပေ။

Ref:AFP

Most Read

Most Recent