သထုံမြို့နယ် ကရင်လေးဆိပ်ကျေးရွာအနီး ရန်ကုန် - မော်လမြိုင် ကားလမ်းတွင် တွဲကားယာဉ် နှင့် Probox ယာဉ်တို့ ယာဉ်တိုက်မှုဖြစ်ပွားခဲ့ရာ Probox ယာဉ်ပေါ်လိုက်ပါလာသူ ခုနစ်ဦးလုံးသေဆုံး

သထုံမြို့နယ် ကရင်လေးဆိပ်ကျေးရွာအနီး ရန်ကုန် - မော်လမြိုင် ကားလမ်းတွင် တွဲကားယာဉ် နှင့် Probox ယာဉ်တို့ ယာဉ်တိုက်မှုဖြစ်ပွားခဲ့ရာ Probox ယာဉ်ပေါ်လိုက်ပါလာသူ ခုနစ်ဦးလုံးသေဆုံး
Published 15 February 2024

မွန်ပြည်နယ်၊ သထုံမြို့နယ် ကရင်လေးဆိပ်ကျေးရွာအနီး ရန်ကုန် - မော်လမြိုင်ကားလမ်းမတွင် ယနေ့ (ဖေဖော်ဝါရီ ၁၅ ရက်) နံနက် ၁၁ နာရီခွဲခန့်က တွဲကားယာဉ် နှင့် Probox ယာဉ်တို့ ယာဉ်တိုက်မှုဖြစ်ပွားခဲ့ရာ Probox ယာဉ်ပေါ်လိုက်ပါလာသူ အမျိုးသား ငါး ဦး နှင့် အမျိုးသမီး နှစ် ဦး စုစုပေါင်း ခုနစ် ဦးလုံးသေဆုံးခဲ့ကြောင်း သိရသည်။

ယာဉ်တိုက်မှုဖြစ်စဉ်မှာ သထုံဘက်မှ ဘီးလင်းဘက်သို့ ယာဉ်မောင်း စိုးထွဋ်အောင် မောင်းနှင်ပြီး၊ ယာဉ်နောက်လိုက် ဇော်ထက်အောင်လိုက်ပါလာသည့် တွဲကားယာဉ် နှင့် ဘီးလင်းဘက်မှ သထုံဘက်သို့ မောင်းနှင်လာသည့် Probox ယာဉ်တို့ မှာ သထုံမြို့နယ်၊ မိုးကောင်းကျေးရွာအုပ်စု၊ ကရင်လေးဆိပ်ကျေးရွာအနီး မော်လမြိုင် - ရန်ကုန် ကားလးမ်း မိုင်တိုင်အမှဝ် (၁၃၄/၇) နှင့် (၁၃၄/၈) ကြားတွင် မျက်နှာချင်းဆိုင်တိုက်မှုဖြစ်ပွားခဲ့ပြီး၊ လမ်း၏ ညာဘက် ရေမြောင်းအတွင်းသို့ ထိုးကျကာ တွဲကားယာဉ်ခေါင်းမှာ Probox ယာဉ်ပေါ်သို့ ပိကျနေသည့် အနေအထားမျိုးဖြစ်ခဲ့ကြောင်း သိရသည်။

အခင်းဖြစ်ပြီးနောက် Probox ယာဉ်ပေါ်လိုက်ပါလာကြသည့် အမျိုးသား (၃) ဦး နှင့် အမျိုးသမီး (၂) ဦး ရုပ်အလောင်းများအား ဆွဲထုတ်ထားနိုင်ခဲ့ကြောင်း လူမှုကူညီကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး " Probox ယာဉ်က မြောင်းထဲရောက်နေပြီးတော့ အပေါ်ကနေ တွဲကားခေါင်းက ပိနေတော့ Probox ထဲမှာ ကျန်တဲ့ Dead Body တွေကိုဆွဲထုတ်လို့ မရဘူး။ တွဲကခေါင်းကို ကရိန်းနဲ့ မရွေ့ပြီးမှ Probox ကားထဲက ကျန်တဲ့ အမျိုးသား (၂) ဦးနဲ့ အမျိုးသမီး (၁) ဦးရဲ့ Dead Body တွေကို ထပ်ရခဲ့ပါတယ်" ဟု ပြောကြားသည်။

ထိုယာဉ်တိုက်မှုကြောင့် သေဆုံးခဲ့ကြသူများအား ဘီးလင်းမြို့နယ်မီးသတ်ဦးစီးဌာနနှင့် သထုံမြို့နယ် သုဝဏ္ဏဝတီမြို့မီးသတ်စခန်းမှ မီးသတ် RESCUE TEAM များနှင့် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များ ပူး‌ပေါင်းကာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ကြကြောင်း သိရသည်။

ထို့နောက် ယာဉ်တိုက်မှု‌ကြောင့်သေဆုံးခဲ့ကြသူများအား လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များက သိမ်ဆိပ်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်းနှင့် ယာဉ်တိုက်မှုကြောင့် သေဆုံးခဲ့ကြသူများနှင့် ပတ်သက်ပြီး စုံစမ်းမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

နောက်ဆက်တွဲသတင်းများ အဆိုပါ ယာဉ်တိုက်မှုဖြစ်ပွားခဲ့သည့် Probox ယာဉ်မှာ သံဖြူဇရပ်မြို့နယ် ထင်းရှူးကျေးရွာမှ ဖြစ်ကြောင်း နှင့် ယာဉ်ပေါ်လိုက်ပါလာသည့် ခရီးသည်များမှာ သံဖြူဇရပ်မြို့နယ် ထင်းရှူးကျေးရွာ၊ စက်စဲကျေးရွာ နှင့် ကျိုက္ခမီမြို့မှ ဖြစ်ကြသည်ဟု ကနဦး သိရသည်။

ဘိုဘိုမြင့်

Photo Credit - မိုးကောင်း လူမှုကူညီကယ်ဆယ်ရေးအသင်း

Photo Credit - MFSD

Most Read

Most Recent