အက်ဖ်-၃၅ တိုက်လေယာဉ်၏ ပစ္စည်းအစိတ်အပိုင်းများကို အစ္စရေးသို့တင်ပို့နေခြင်းအား နယ်သာလန်က ရပ်ဆိုင်းရမည်ဟု တရားရုံး ဆုံးဖြတ်

အက်ဖ်-၃၅ တိုက်လေယာဉ်၏ ပစ္စည်းအစိတ်အပိုင်းများကို အစ္စရေးသို့တင်ပို့နေခြင်းအား နယ်သာလန်က ရပ်ဆိုင်းရမည်ဟု တရားရုံး ဆုံးဖြတ်
၂၀၂၂ ခုနှစ် ဇူလိုုင် ၁၉ ရက်က ဖမ်းဘရော့(အင်္ဂလန်)လေကြောင်းပြပွဲ၌ အက်ဖ်-၃၅ တိုက်လေယာဉ် ဟန်ရေးပြပျံသန်းနေပုံကို တွေ့ရစဉ်(Photo:AFP)
၂၀၂၂ ခုနှစ် ဇူလိုုင် ၁၉ ရက်က ဖမ်းဘရော့(အင်္ဂလန်)လေကြောင်းပြပွဲ၌ အက်ဖ်-၃၅ တိုက်လေယာဉ် ဟန်ရေးပြပျံသန်းနေပုံကို တွေ့ရစဉ်(Photo:AFP)
Published 14 February 2024

အက်ဖ်-၃၅ တိုက်လေယာဉ်များသည် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှုဥပဒေကို ချိုးဖောက်ရာတွင် ပါဝင်ပတ်သက်နေလိမ့်မည်ဟူသော ရှင်းလင်းမြင်သာသည့် အန္တရာယ်ရှိနေသည်ဟု နယ်သာလန်တရားရုံး တစ်ရုံက ဖေဖော်ဝါရီ ၁၂ ရက်တွင် ဆုံးဖြတ်လိုက်ပြီးနောက် နယ်သာလန်သည် ဂါဇာ၌  အစ္စရေး အသုံးပြုနေသော အက်ဖ်-၃၅ဂျက် တိုက်လေယာဉ်များအတွက် ပစ္စည်းအစိတ်အပိုင်းများ ပေးပို့နေခြင်းကို ရပ်ဆိုင်းရမည်ဟု ဆိုသည်။

အစ္စရေး-ဟားမာ့စ်စစ်ပွဲ၌ အဆိုပါ ပစ္စည်းအစိတ်အပိုင်းများက လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေချိုးဖောက်မှုများကို အစ္စရေး လုပ်ဆောင်ရာတွင် ပါဝင်နေသည်ဟု ပြောကြားခဲ့ကြသော လူ့အခွင့်အရေးအုပ်စုများဘက်မှ လိုက်ကာသည်ဟိတ်မြို့ရှိ အယူခံများ တရားရုံးကယင်းသို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

“အက်ဖ်-၃၅ ဂျက်တိုက်လေယာဉ် အစိတ်အပိုုင်းတွေ အစ္စရေးထံ ထပ်မံတင်ပို့တာကို ခုနစ်ရက်အတွင်း နယ်သာလန်အစိုးရက ရပ်ဆိုင်ဖို့ တရားရုံးက ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်”ဟု တရားရုံး၏စီရင်ထုံး၌ ဖော်ပြထား သည်။

“အစ္စရေးရဲ့အက်ဖ်-၃၅ ဂျက်တိုက် လေယာဉ်တွေနဲ့အတူ ဂါဇာကမ်းမြောင်မှာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေကို ဆိုးဆိုးရွားရွား ချိုးဖောက်နေတယ်ဆိုတဲ့ ထင်သာမြင်သာ အန္တရာယ်ရှိနေပါတယ်”ဟု တရားသူ ကြီးက ဖြည့်စွက်ဖော်ပြထားသည်။

 အမေရိကန်ပိုင်ဆိုင်သော အက်ဖ်-၃၅ တိုက်လေယာဉ် ပစ္စည်းအစိတ်အပိုင်းများကို နယ်သာလန်နိုင်ငံရှိ ဂိုဒေါင်တွင် သိုလှောင်ထားခြင်းဖြစ်ပြီး တည်ဆဲပို့ကုန် သဘောတူညီချက်များအရ အစ္စရေးအပါအဝင် မိတ်ဖက် နိုင်ငံများကို တင်ပို့ပေးလျက်ရှိသည်။

လေယာဉ်ပစ္စည်းအစိတ်အပိုင်းများကို ထောက်ပံ့ပေးနေခြင်းသည် အရင်းခံအားဖြင့် နိုင်ငံရေးဆိုင်ရာ ဆုံးဖြတ်ချက်ဖြစ်၍ တရားသူကြီးများက ကြားဝင်စွက်ဖက်ခြင်းမပြုသင့်ဟု သည်ဟိတ်မြို့ရှိ ခရိုင်တရားရုံးက ဒီဇင်ဘာလထဲတွင် ပြောကြားခဲ့သည်။

“ဝန်ကြီးကဆောင်ရွက်တဲ့ စဉ်းစားသုံးသပ်ချက်တွေဟာ ဝန်ကြီးကို လွတ်လပ်မှု အ များအပြား ပေးသင့်ပါတယ်”ဟု ထိုစဉ်က ခရိုင်တရားရုံး၏ ဆုံးဖြတ်ချက်၌ ဖော်ပြထားသည်။

သို့ရာတွင် အယူခံများ တရားရုံးက အဆိုပါဆုံးဖြတ်ချက်ကို ပယ်ဖျက်ခဲ့ပြီး စစ်ပွဲနှင့်သက်ဆိုင်သော လူသားချင်းစာနာမှု ဥပဒေကို ဆိုးဆိုးရွားရွား ချိုးဖောက်သည့် ရှင်းလင်းပြတ်သားသော အန္တရာယ်ရှိနေမည်ဆို ပါက နယ်သာလန်သည် စစ်ဘက်ဆိုင်ရာပစ္စည်းများ တင်ပို့ခြင်းကို တားမြစ်ရမည်ဟု ဖော်ပြထားသည်။

“အစ္စရေးဟာ တိုက်ခိုက်တာတွေကို လုပ်ဆောင်တဲ့အခါ အရပ်သားပြည်သူတွေအတွက် နောက်ဆက်တွဲ အကျိုးဆက်တွေကို အလုံအလောက် ထည့်မတွက်ပါဘူး”ဟု တရားရုံးထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဂါဇာတိုက်ခိုက်မှုများသည် ကလေးထောင်ပေါင်းများစွာအပါအဝင် အရပ်သားသေဆုံးမှု အချိုးအစား မညီသော အရေအတွက်ကို ဖြစ်ပေါ်စေခဲ့သည်ဟု ဆိုသည်။

ဂါဇာကို အစ္စရေးက ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းကြောင့် ဖေဖော်ဝါရီ ၁၂ ရက် အထိ ဂါဇာ၌ သေဆုံးသူ ၂၈,၃၄၀ ရှိနေပြီဟု ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။                                      Ref:AFP   

Most Read

Most Recent