၆၄ ရက်ကြာ ကျင်းပမည့် မန်းရွှေစက်တော်ဘုရားပွဲကို ဖေဖော်ဝါရီ ၁၄ ရက်တွင် စတင်ဖွင့်လှစ်မည်

၆၄ ရက်ကြာ ကျင်းပမည့် မန်းရွှေစက်တော်ဘုရားပွဲကို ဖေဖော်ဝါရီ ၁၄ ရက်တွင် စတင်ဖွင့်လှစ်မည်
Published 13 February 2024

မကွေးတိုင်းဒေသကြီး မင်းဘူး (စကု)မြို့နယ်အတွင်း နှစ်စဉ် တပို့တွဲလဆန်း ၅ ရက်နေ့မှ မြန်မာနှစ်ဆန်းတစ်ရက်နေ့အထိ ကျင်းပလေ့ရှိသည့် မန်းရွှေစက်တော်ဘုရားပွဲတော်ကို အစဉ်အလာမပျက်ကျင်းပမည်ဖြစ်ပြီး ဖေဖော်ဝါရီ ၁၄ ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

တပို့တွဲလဆန်း ၅ ရက်နေ့တွင် စတင်ဖွင့်လှစ်လေ့ရှိသည့် မန်းရွှေစက်တော်ဘုရားပွဲတော်ကို  မြန်မာနှစ်ဆန်းတစ်ရက်နေ့ (ဧပြီ ၁၇ ရက်) အထိ ကျင်းပမည်ဖြစ်သောကြောင့် ပွဲတော်ကာလသည် ၆၄ ရက် ကြာမြင့်မည်ဖြစ်ကြောင်း၊ ပွဲတော်ကျင်းပရေးအတွက် တည်းခိုဆောင် (တဲကျောင်း) နှင့် ဆိုင်ခန်းများ ဆောက်လုပ်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

မန်းရွှေစက်တော် ဘုရားပွဲတော်ဖွင့်ပွဲနေ့တွင် အောက်စက်တော်ရာနှင့် အထက်စက်တော်ရာတို့ကို ဖွင့်လှစ်ကာ အပူဇော်ခံလေ့ရှိကြောင်း၊ ပွဲတော်ပိတ်ပွဲနေ့တွင် စက်တော်ရာ နှစ်ဆူကို ပြန်လည်ပိတ်ထားလေ့ရှိကြောင်း၊ အောက်စက်တော်ရာကို အလင်းပေါက်ဖန် အုပ်ဆောင်းဖြင့် ဖုံးအုပ်ထားသောကြောင့် ပွဲတော်ချိန်ပြင်ပတွင်လည်း မြင်တွေ့ဖူးမြော်နိုင်ကြောင်း သိရသည်။

“ပွဲတော်တွင်း တဲကျောင်းနဲ့ ဆိုင်ခန်းတွေ အားလုံး တည်ဆောက်ပြီးစီးနေပါပြီ။ ဆိုင်ခန်းတွေ တဲကျောင်းတွေလည်း ပုံမှန်ကျင်းပနေကျ အရေအတွက်တွေအတိုင်း တည်ဆောက်ထားတယ်လို့ သိရပါတယ်။ ကျွန်တော်တို့ စျေးသည်တွေကတော့ ပွဲတော်ရာသီချိန်တစ်ခုလုံးစာ အရင်းအနှီးထည့်ပြီး လုပ်ကိုင်ရတာဆိုတော့ စိန်ခေါ်မှုတွေရှိပြီး တချို့လည်းမထွက်နိုင်ကြတာတွေရှိပါတယ်” ဟု ရွှေစက်တော်ဘုရားပွဲတော်တွင် နှစ်စဉ်စျေးရောင်းလေ့ရှိသူတစ်ဦးက ပြောကြားသည်။

မန်းရွှေစက်တော်ဘုရားပွဲတော်တွင် နှစ်စဉ်တဲကျောင်းပေါင်း ၁၀၀၀ ခန့်နှင့် ဆိုင်ခန်းပေါင်း ၅၀၀ ခန့် တည်ဆောက်လေ့ရှိကြောင်း၊ မန်းရွှေစက်တော် ဘုရားပွဲတော်သို့ စနေ၊ တနင်္ဂနွေရက်များ၊ တပေါင်းလပြည့်နေ့နှင့် သင်္ကြန်ရက်များတွင် ဘုရားဖူးများ အများဆုံး လာရောက်ဖူးမြော်လေ့ရှိကြောင်း သိရသည်။

Most Read

Most Recent