အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင် ဆေးရုံပြန်တက်နေရသဖြင့် ၎င်း၏  လုပ်ငန်း၊တာဝန်များကို ဒုတိယကာကွယ်ရေးဝန်ကြီးထံ လွှဲပြောင်း

အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင် ဆေးရုံပြန်တက်နေရသဖြင့် ၎င်း၏  လုပ်ငန်း၊တာဝန်များကို ဒုတိယကာကွယ်ရေးဝန်ကြီးထံ လွှဲပြောင်း
ဖေဖော်ဝါရီ ၁ ရက် ပင်တဂွန်သတင်းစာရှင်းလင်းပွဲတွင် လွိုက်အော်စတင်ကို တွေ့ရစဉ်(Photo: AFP)
ဖေဖော်ဝါရီ ၁ ရက် ပင်တဂွန်သတင်းစာရှင်းလင်းပွဲတွင် လွိုက်အော်စတင်ကို တွေ့ရစဉ်(Photo: AFP)
Published 12 February 2024

ဆီးကျိတ်ကင်ဆာရောဂါကို ရင်ဆိုင်နေရသည့် အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က ၎င်း၏တာဝန်များကို ဒုတိယကာကွယ်ရေးဝန်ကြီးထံလွှဲပြောင်းပေးခဲ့ပြီးနောက် ဆီးအိမ်ပြဿနာဖြင့် ဖေဖော်ဝါရီ ၁၁ ရက်တွင် အရေးပေါ်ကုသဆောင်ကို တက်ရောက်ခဲ့ရသည်။

ဒုတိယ ကာကွယ်ရေးဝန်ကြီး ကက်သလင်းဟစ်သည် ယင်းနေ့ ညနေ ၅ နာရီမထိုးမီ လုပ်ငန်း၊ တာဝန်များကို လွှဲပြောင်းရယူခဲ့သည်ဟု ပင်တဂွန်ပြောရေးဆိုခွင့်ရှိသူ ပတ်ရိုက်ဒါက ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။ ယင်းကိစ္စကို အိမ်ဖြူတော်နှင့်ကွန်ဂရက်တို့ ကိုအကြောင်းကြားခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖြည့်စွက်ဖော်ပြထားသည်။

အထောက်အကူပြုသော ကုသမှုပေးရန်နှင့် အနီးကပ်စောင့်ကြည့်ရန်တို့အတွက် အော်စတင်ကို ဝေါလ်တာရိဒ်အမျိုးသားစစ်ဆေးရုံရှိ အရေးပေါ်ကုသဆောင်သို့တင်လိုက်သည်ဟု နောက်ပိုင်းထုတ်ပြန်ချက်တွင် ပင်တဂွန်က ဖော်ပြခဲ့ကာ ယင်းထုတ်ပြန်ချက်တွင် ဆရာဝန်များ၏ ပြောဆိုမှုများကို ကိုးကားဖော်ပြခဲ့သည်။

ကြိုတင်ကုသမှုလုပ်ဆောင်ရင်း ရောဂါသစ်တိုးလာသည့်အတွက် အော်စတင်သည် ဇန်နဝါရီ ၁ ရက်တွင် ဝေါလ်တာရိဒ်အမျိုးသား စစ်ဆေးရုံကို တက်ရောက်ခဲ့ရသည်ဆိုသော်လည်း ပင်တဂွန်သည် နောက်လေးရက်ကြာသည်အထိ အော်စတင်ဆေးရုံတက်နေရသည့်အကြောင်းကို အများပြည်သူထံ ထုတ် ပြန်ပေးခြင်းမရှိခဲ့ပေ။ ထို့အပြင် အခြားအစိုး ရထိပ်တန်းတာဝန်ရှိသူများကို အသိပေးရန်လည်းရက်များ ကြာနေခဲ့သည်။

အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်သည် ၎င်းဆေးရုံတက်ရသည့်အကြောင်းကို အိမ်ဖြူတော်နှင့် ကွန်ဂရက်တို့ကို အသိပေးရန်ရက်များစွာ စောင့်ဆိုင်းခဲ့သည့်အတွက် ဝေဖန်မှုတိုးလာသည့် အ ရေးနှင့်ရင်ဆိုင်နေရပြီး ကြီးကြီးမားမား အရှေ့အလယ်ပိုင်းပဋိပက္ခဖြစ်ပွားနေချိန်အတွင်း ၎င်း၏အခြေအနေနှင့်ပတ်သက်၍ အဓိကတာဝန်ရှိသူများကိုအသိမပေးခဲ့ပေ။

အော်စတင်သည် အသေးစိတ်ဖော်ပြထားခြင်းမရှိသော ဆေးစစ်မှုကို ဒီဇင်ဘာ ၂၂ ရက်တွင် လုပ်ဆောင်ခဲ့ကြောင်း၊ ဒီဇင်ဘာ ၂၃ ရက်တွင် ဆေးရုံမှ ဆင်းလာခဲ့ကြောင်း၊ သို့ရာတွင် ဇန်နဝါရီ ၁ ရက်တွင် ပြင်းပြင်းထန်ထန် စတင်နာကျင်လာကြောင်း၊ ထို့ကြောင့် လူနာတင်ယာဉ်ဖြင့် ဝေါလ်တာရိဒ်ဆေးရုံကို တင်လိုက်ရကြောင်း ပင်တဂွန်ပြောရေးဆိုခွင့်သူ ဗိုလ်ချုပ်ပက်ရိုက်ဒါက ဇန်နဝါရီလထဲတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

ယခုတစ်ကြိမ်ဆေးရုံတက်ရာတွင် အော်စတင်သည် အချိန်မည်မျှကြာမလဲဆိုသည်ကို ရှင်းရှင်းလင်းလင်းမသိရဟု မေရီလန်းပြည်နယ်ရှိ ဝေါလ်တာရိဒ်စစ်ဆေးရုံက ဒေါက်တာဂျွန်မက်ဒေါ့နှင့် ဒေါက်တာဂရီဂိုရီချက်စနက်တို့က ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့ကြသည်။

“လတ်တလောဖြစ်နေတဲ့ ဆီးအိမ်ပြဿနာဟာ သူမျှော်လင့်ထားတဲ့ အပြည့်အဝပြန် လည်ကောင်းမွန်မှုကို အပြောင်းအလဲဖြစ်စေလိမ့်မှာမဟုတ်ပါဘူး။ သူ့ရဲ့ကင်ဆာရောဂါအခြေအနေကလည်း အကောင်းဆုံးအနေ အထားမှာရှိနေပါတယ်”ဟု ထုတ်ပြန်ချက်တွင် ဆရာဝန်ကြီးများက ဖော်ပြထားသည်။

အော်စတင်သည် ယခင်က ဆေးရုံတက်နေခဲ့ရသည့်ကိစ္စကို လျှို့ဝှက်ထားသည့်အတွက် နိုင်ငံရေးအသိုင်းအဝိုင်း၏ ပြင်းထန်သော ဝေဖန်မှုများကို ခံခဲ့ရပြီးနောက် ယင်းကိစ္စအတွက် ယခုလထဲတွင် တောင်းပန်ခဲ့သည်။                                        

 Ref: AFP

Most Read

Most Recent