ပါကစ္စတန်ရွေးကောက်ပွဲတွင် အီမရန်ခန်းပါတီ ကျောထောက်နောက်ခံပြု ကိုယ်စားလှယ်လောင်းများက လွှတ်တော်အမတ်နေရာအများစုကို အနိုင်ရရှိ 

ပါကစ္စတန်ရွေးကောက်ပွဲတွင် အီမရန်ခန်းပါတီ ကျောထောက်နောက်ခံပြု ကိုယ်စားလှယ်လောင်းများက လွှတ်တော်အမတ်နေရာအများစုကို အနိုင်ရရှိ 
ဖေဖော်ဝါရီ ၁၁ ရက်က ကရာချိမြို့တွင် ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်း၏ PTI ပါတီ ထောက်ခံသူများကို တွေ့ရစဉ်(Photo: AFP)
ဖေဖော်ဝါရီ ၁၁ ရက်က ကရာချိမြို့တွင် ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်း၏ PTI ပါတီ ထောက်ခံသူများကို တွေ့ရစဉ်(Photo: AFP)
Published 12 February 2024

ပါကစ္စတန် နိုင်ငံလုံးဆိုင်ရာရွေးကောက်ပွဲ၏ အပြီးသတ်မဲရလဒ်များကို ထုတ်ပြန်ကြေညာခဲ့ရာတွင် ထောင်ဒဏ်ကျခံနေသည့် ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်းက ကျောထောက်နောက်ခံပေးထားသည့် တစ်သီးပုဂ္ဂ လ ကိုယ်စားလှယ်လောင်းများက ဦးဆောင်နေပြီး အမတ်နေရာ ၂၆၄ နေရာအနက် ၉၃ နေရာကို အနိုင်ရရှိခဲ့သည်။

နောက်ထပ်ဝန်ကြီးချုပ်ဟောင်းတစ်ဦးဖြစ်သူ နဝပ်ဇ်ရှရစ်ဖ်၏ ပါကစ္စတန် မွတ်စလင်အဖွဲ့ချုပ်ပါတီက အမတ်နေရာ ၇၅ နေရာရရှိထားပြီး ဒုတိယနေရာတွင် ရပ်တည်နေကာ အမတ်နေရာအများစုရရှိခဲ့ခြင်းမရှိသော် လည်း ၎င်းပါတီသည် လွှတ်တော်တွင် ပါတီတစ်ခုတည်းမှ အမတ်နေရာအများဆုံး ရထားသည့် ပါတီဖြစ်သည်။ ခန်း၏ပါတီမှ ကိုယ်စားလှယ်လောင်းများကမူ တစ်သီးပုဂ္ဂလအဖြစ် ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။

ညွန့်ပေါင်းအစိုးရဖွဲ့ရေးအတွက် ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိပြီး နိုင်ငံမြောက်ပိုင်းတွင် လမ်းပိတ်ဆို့ ဆန္ဒပြမှုများဖြစ်ပွားနေကာ မည်သူကဦးဆောင်၍အစိုးရဖွဲ့မည်ကိုလည်း ရှင်းရှင်းလင်းလင်း မသိရသေးပေ။

ဝန်ကြီးချုပ်ဟောင်း ရှရစ်ဖ်က ၎င်း၏ ပါတီသည် ပါလီမန်ရွေးကောက်ပွဲတွင် အလွယ်တကူ အနိုင်ရရှိကာ ၎င်းသည်လည်းဝန်ကြီးချုပ်ရာထူးကို စတုတ္ထအကြိမ်ရယူနိုင်မည်ဟု မျှော်လင့်ခဲ့သော်လည်း လတ်တလောတွင် အာဏာရရှိရန် အခက်အခဲများနှင့် ကြုံတွေ့နေရခြင်းကြောင့် ညွန့်ပေါင်းအစိုးရဖွဲ့ရန်ကြိုးပမ်းမည်ဟု ဖေဖော်ဝါရီ ၉ ရက်က ပြောကြားခဲ့သည်။

သို့သော် ပါကစ္စတန်၏ နက်နက်ရှိုင်းရှိုင်းသဘောထားကွဲလွဲနေသည့် နိုင်ငံရေးအခြေအနေကြောင့် ခိုင်မာသည့် ညွန့်ပေါင်းအစိုးရတစ်ရပ်ဖွဲ့စည်းနိုင်ရန် ရုန်းကန်နေရသည်။

ပါကစ္စတန် ရွေးကောက်ပွဲကော်မရှင်သည် ရွေးကောက်ပွဲကျင်းပပြီး နာရီ ၆၀ ကျော် ကြာပြီးမှသာ အပြီးသတ် မဲရလဒ်များကိုထုတ်ပြန်ခဲ့ပြီး ကြန့်ကြာနေသည့်အတွက် သံသယများကို ကြီးထွားစေခဲ့သည်။

သွေးထွက်သံယိုများသောရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလနှင့် ကြုံတွေ့ခဲ့ပြီး နောက် တရားဥပဒေစိုးမိုးမှုကိုထိန်းသိမ်းရန် ဖေဖော်ဝါရီ ၈ ရက် ရွေးကောက်ပွဲနေ့တွင် နိုင်ငံတစ်ဝန်း မိုဘိုင်းဖုန်းဆက်သွယ်ရေးကွန်ရက်များကို ယာယီဖြတ်တောက်ကြောင်းအာဏာပိုင်များက ကြေညာခဲ့သည်။

ပါကစ္စတန်၏ဝန်ကြီးချုပ်လောင်းတစ်ဦးသည် လာမည့်ရက်ပိုင်းအတွင်း အမျိုးသားလွှတ်တော်အစည်းအဝေး ကျင်းပချိန်တွင် အမတ်ဦးရေအများစုဖြစ်သော လွှတ်တော်အမတ် ၁၆၉ ဦး၏ ထောက်ခံမှုကို ရရှိရန်လိုအပ် မည်ဖြစ်သည်။

ယင်းသည် ညွန့်ပေါင်းဖွဲ့ရေး ဆွေးနွေးမှုများနှင့် ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်း၏ Pakistan Tehreek –e-Insaf(PTI)ပါတီမှ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းများက ပါတီငယ်တစ်ခုခုနှင့်ပူးပေါင်း၍ လွှတ်တော်တွင် အင်အားစုတစ်ခု တည်ဆောက်နိုင်ခြင်း ရှိမရှိအပေါ်တွင် မူတည်နေသည်။

မဲရလဒ်များကို ညတွင်းချင်းထုတ်ပြန်မပေးပါက နိုင်ငံတစ်ဝန်းငြိမ်းချမ်းစွာစုဝေးဆန္ဒပြမှုများ ပြုလုပ်မည်ဟု ခန်း၏ PTI က ပါတီက ဖေဖော်ဝါရီ ၁၁ ရက်တွင် ခြိမ်းခြောက်ခဲ့သည်။

PTI ပါတီက ပြီးခဲ့သည့် နိုင်ငံလုံးဆိုင်ရာရွေးကောက်ပွဲတွင် မသမာမှုများ ဖြစ်ပွားခဲ့သည်ဟု စွပ်စွဲပြီး ရွေးကောက်ပွဲဆိုင်ရာရုံးများ၏အပြင်ဘက်တွင် ဆန္ဒပြမှုများပြုလုပ်ရန် ပါတီထောက်ခံသူများကို တိုက်တွန်းခဲ့သည်။

မြို့တော် အစ္စလမ္မာဘတ်တောင်ပိုင်းရှိ ရာဝါလ်ပင်ဒီမြို့နှင့် နိုင်ငံအရှေ့ပိုင်းလာဟိုးမြို့တွင် ရဲတပ်ဖွဲ့နှင့် ဆန္ဒပြသူများ အဓိကရုဏ်းဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးအသုံးပြုကာ လူစုခွဲခဲ့သည်။ သို့သော် နိုင်ငံ တစ်ဝန်းရှိ အခြားနေရာဒေသများတွင် ပြုလုပ်ခဲ့သည့် ဆန္ဒပြမှုများတွင် ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ခြင်းမရှိပေ။

တရားမဝင်စုဝေးမှုများကို ပြင်းပြင်းထန်ထန်တုံ့ပြန်မည်ဟု ပါကစ္စတန်ရဲတပ်ဖွဲ့က အစောပိုင်းတွင် သတိပေးခဲ့သည်။

Ref: AFP

Most Read

Most Recent