ရာဖာမြို့တွင် အစ္စရေး၏စစ်ဆင်ရေးသည် လူပေါင်းသောင်းချီ သေဆုံးစေနိုင်ကြောင်း ဟားမာ့စ် သတိပေး

ရာဖာမြို့တွင် အစ္စရေး၏စစ်ဆင်ရေးသည် လူပေါင်းသောင်းချီ သေဆုံးစေနိုင်ကြောင်း ဟားမာ့စ် သတိပေး
ဖေဖော်ဝါရီ ၁၁ ရက်က ရာဖာမြို့မှ ရိုက်ယူထားသော ဓာတ်ပုံတစ်ပုံအရ ဂါဇာတောင်ပိုင်းရှိခန်းယူနစ်တွင် အစ္စရေးတို့က ဗုံးကြဲတိုက်ခိုက်နေစဉ် (Photo:AFP)
ဖေဖော်ဝါရီ ၁၁ ရက်က ရာဖာမြို့မှ ရိုက်ယူထားသော ဓာတ်ပုံတစ်ပုံအရ ဂါဇာတောင်ပိုင်းရှိခန်းယူနစ်တွင် အစ္စရေးတို့က ဗုံးကြဲတိုက်ခိုက်နေစဉ် (Photo:AFP)
Published 11 February 2024

ရွှေ့ပြောင်းနေထိုင်သော ပါလက်စတိုင်းများအတွက် နောက်ဆုံးခိုလှုံရာဖြစ်သည့် လူဦးရေများပြားသော ရာဖာမြို့တွင် အစ္စရေး၏ စီစဉ်ထားသော စစ်ဆင်ရေးသည် မြို့တွင်းရှိ လူပေါင်းသောင်းချီကို သေဆုံးစေနိုင်ဖွယ်ရှိသည်ဟု ဟားမာ့စ်တို့က ဖေဖော်ဝါရီ ၁ဝရက်တွင် သတိပေးခဲ့သည်။

အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုက ရာဖာကို အာရုံစိုက်ရန် စစ်တပ်ကိုအမိန့်ပေး ခဲ့သည်။တောင်ပိုင်းမြို့ဖြစ်သော ရာဖာရှိဟား မာ့စ်တပ်ဖွဲ့ဝင်များကို ဖြိုခွင်းရန်အတွက် အရပ်သားများကို ရွှေ့ပြောင်းရန် ပေါင်းစပ်အစီအစဉ်တစ်ရပ်ကို အစိုးရအဖွဲ့ထံတင်ပြရန် နေတန်ယာဟုက ဖေဖော်ဝါရီ ၉ ရက်နှောင်းပိုင်းတွင် စစ်တပ်နှင့် လုံခြုံရေးတာဝန်ရှိသူများကို ပြောကြားခဲ့သည်။

“ရာဖာကို ကျူးကျော်လာရင် ဘယ်လို စစ်ဘက်ဆိုင်ရာ လုပ်ဆောင်ချက်ပဲဖြစ်ဖြစ် လူပေါင်းသောင်းချီ သေဆုံးဒဏ်ရာရနိုင်ဖွယ်ရှိတဲ့ ကပ်ဘေးကိုပဲ ဦးတည်နေပါတယ်”ဟု ဟားမာ့စ်က ထုတ်ပြန်ခဲ့သည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုအပေါ် အစ္စရေး၏လက်တုံ့ပြန်မှုကို ပြင်းပြင်းထန်ထန် ဝေဖန်ကြောင်း ထုတ်ပြန်ချက်ပေါ် ကမ္ဘာ့ခေါင်းဆောင်များနှင့် ကုလသမဂ္ဂကြားစိုးရိမ်မှုများ မြင့်တက်ခဲ့ပြီးနောက် နေတန်ယာဟုက ယခုကဲ့သို့ ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

“အစ္စရေးရဲ့ သိမ်းပိုက်မှုဟာ ဒေသတွင်း နဲ့ ကမ္ဘာမှာ လုံခြုံရေးနဲ့ ငြိမ်းချမ်းရေးကို ခြိမ်းခြောက်တဲ့ လုပ်ရပ်ဖြစ်ပါတယ်။ဒါဟာ ကန့်သတ်ထားတဲ့ လိုင်းအားလုံးကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တာ ဖြစ်ပါတယ်”ဟု ပါလက်စတိုင်းသမ္မတ မာမွတ်အာဘက်စ်၏ ရုံးက ထုတ်ပြန်ခဲ့သည်။

“ရာဖာအပေါ် အစ္စရေးရဲ့ထိုးစစ်ဆင် တိုက်ခိုက်မှုဟာ မပြောပြနိုင်တဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကပ်ဘေးတစ်ရပ် ဖြစ်လာနိုင်ပြီ အီဂျစ်နဲ့ တင်းမာမှုတွေ ဖြစ်လာနိုင်ကြောင်း ဥရောပအဖွဲ့ဝင်နိုင်ငံအများစုက သတိပေးထားပါတယ်”ဟု အီးယူ၏ နိုင်ငံခြားရေးမူဝါဒအကြီးအကဲ ဂျိုးဆပ်ဘိုရဲလ်က လူမှုမီဒီယာ X တွင် ဖေဖော်ဝါရီ ၁၀ ရက်က ရေးသားခဲ့သည်။

“ဓားစာခံတွေကို ပြန်လွှတ်ပေးဖို့နဲ့ ရန်လိုမှုတွေကို ဆိုုင်းငံ့ဖို့ ဆွေးနွေးတာတွေကို ပြန်လည်လုပ်ဆောင်တာဟာ သွေးစွန်းမှုတွေကို ကာကွယ်နိုင်ဖို့ တစ်ခုတည်းသောနည်းလမ်း ဖြစ်ပါတယ်”ဟု ၎င်းက ဆိုသည်။

ဂျော်ဒန်နိုင်ငံခြားရေးဝန်ကြီး အေမန်ဆာဖာဒီကလည်း ဂါဇာတွင် နောက်ထပ်သွေးချောင်းစီးမှုများကို ခွင့်မပြုနိုင်ကြောင်း လူမှုမီဒီယာ X တွင် ရေးသားခဲ့သည်။

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ်ကင်မရွန်းက ၎င်းအနေဖြင့် ရာဖာတွင် စစ်တပ်၏ ထိုးစစ်ဆင်မှုနှင့်ပတ်သက်၍ အလွန်စိုးရိမ်ကြောင်း ပြောကြားခဲ့သည်။

“ဦးစားပေးလုပ်ရမယ့် အရာကတော့ တိုက်ခိုက်တာတွေကို ချက်ချင်းရပ်တန့်ပြီး အကူအညီတွေ ဝင်ရောက်ခွင့်ပြုဖို့နဲ့ ဓားစာခံတွေကို လွှတ်ပေးဖို့ဖြစ်ပါတယ်”ဟု ၎င်းက ဆိုသည်။

ဟားမာ့စ်အဖွဲ့က အောက်တိုဘာ ၇ ရက်တွင် အစ္စရေးကို ထိုးဖောက်ဝင်ရောက် တိုက်ခိုက်မှုကြောင့် အရပ်သားအများစုအပါအဝင် လူ ၁၁၆၀ ခန့် သေဆုံးခဲ့သည်ဟု အေအက်ဖ်ပီသတင်းဌာန၏ စစ်တမ်းတွင်ဖော်ပြခဲ့သည်။ ဟားမာ့စ်တို့ကို လက်တုံ့ပြန်သည့်အနေဖြင့် အစ္စရေးက ဂါဇာတွင် ကြီးမားသော စစ်ဘက်ဆိုင်ရာ တုံ့ပြန်မှုများကို လုပ်ဆောင်ခဲ့သည့်အတွက် အမျိုးသမီးများနှင့် ကလေးအများစုအပါအဝင် လူ ၂၈,၀၆၄ ဦးသေဆုံးခဲ့သည်။                                               Ref:AFP

Most Read

Most Recent