ပေါင်မြို့နယ်အတွင်း စုပ်ခွက်ငါးနှင့် ပတ်သက်ပြီး မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနက အသိပညာပေးလုပ်ငန်းများ လုပ်ဆောင်နေ

ပေါင်မြို့နယ်အတွင်း စုပ်ခွက်ငါးနှင့် ပတ်သက်ပြီး မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနက အသိပညာပေးလုပ်ငန်းများ လုပ်ဆောင်နေ
Published 11 February 2024
ဘိုဘိုမြင့်

မွန်ပြည်နယ် ပေါင်မြို့နယ်အတွင်း စုပ်ခွက်ငါးနှင့် ပတ်သက်ပြီး မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနက အသိပညာပေးလုပ်ငန်းများ လုပ်ဆောင်နေကြောင်းသိရသည်။

စုပ်ခွက်ငါးနှင့် ပတ်သက်ပြီး အသိပညာပေးလုပ်ငန်းအား သထုံခရိုင်ငါးလုပ်ငန်းဦးစီးဌာန၊ ပေါင်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာန၊ မွန်ပြည်နယ် ငါးလုပ်ငန်းအဖွဲ့ချုပ်နှင့် သက်ဆိုင်ရာရပ်/ကျေး အုပ်ချုပ်ရေးမှူးအဖွဲ့များ ပူးပေါင်းကာ လုပ်ဆောင်နေကြောင်း မွန်ပြည်နယ် ငါးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “စုပ်ခွက်ငါးတွေ များလာရင် မြစ်ချောင်းတွေထဲမှာရှိ သဘာဝငါးမျိုးတွေကုန်သွားမှာပေါ့။ လက်ရှိမှာ ရှားပါးလာနေတဲ့ ငါးပြေမ၊ ငါးရံ့၊ ငါးကျည်းတို့လိုမျိုး၊ ငါးမြွေထိုး တို့လိုမျိုးငါးတွေက မျိုးပြုန်းလုဖြစ်နေပါပြီး။  စုပ်ခွက်ငါးတွေက သဘာဝမြစ်ချောင်းတွေအတွင်းမှာရှိတဲ့ ငါးသားပေါက်လေးတွေအပြင်၊ ငါးတွေစားတဲ့ အစာတွေအကုန်လုံးကို စားတယ်” ဟု မွန်ပြည်နယ် ငါးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

စုပ်ခွက်ငါးကို နှိမ်နင်းနိုင်မည့် နည်းလမ်းအနေဖြင့် လယ်သမားများ၊ ငါးဖမ်းသမားများအနေနှင့် စုပ်ခွက်ငါးများကို ဖမ်းဆီးရမိပြီးနောက် စားသောက်နိုင်ပြီး၊ ရေထဲကိုတော့ ပြန်မလွှတ်ကြရန်လိုအပ်ကြောင်း ၎င်းကဆိုသည်။

ပြီးခဲ့သည့် ဖေဖေါ်ဝါရီလ (၉) ရက်ကပေါင်မြို့နယ် ဖြူဘကျေးရွာ၊ ဆားဖိုစုရပ်ကွက် နှင့် ကဒုံစီးရပ်ကွက်များအတွင်း အသိပညာပေးပိုစတာများလိုက်လံစိုက်ခဲ့ကြကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက ပေါင်မြို့နယ်အတွင်းရှိ ချောင်းရိုးမြောင်းရိုးများအတွင်း အသားစားစုပ်ခွက်ငါး အများအပြားတွေ့လာရသည့်အတွက် ဒေသငါးမျိုးရင်းများ ပျောက်ကွယ်မည်ကို စိုးရိမ်နေကြရကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။

ပေါင်မြို့နယ် ကျုံဟော်ကျေးရွာအတွင်းရှိ ချောင်းရိုးမြောင်းရိုးများအတွင်း စုပ်ခွက်ငါး အများအပြားတွေ့ရှိလာရကြောင်း ငါးပက်သူ ဒေသခံတစ်ဦးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “ဒီစုပ်ခွက်ငါးတွေကို တွေ့နေရတာ သုံးလေးနှစ်လောက်တော့ရှိပြီး။ ခါတိုင်း ဒီငါးတွေက အကောင်သေးသေးလေးတွေ။ အခုနောက်ပိုင်းမှာ ဖမ်းမိရင် ငါးတွေအရင်ကထက် နှစ်ဆ သုံးဆလောက်ပိုကြီးလာတယ်။ အရှည်က တစ်ပေလောက်အကောင်တွေ၊ လုံးပတ်က (၅) လက်မလောက်အကောင်မျိုးတွေ တွေ့လာရတယ်” ဟု ပြောကြားသည်။

ထိုစုပ်ခွက်ငါးများ ပပျောက်ရေးအတွက် သက်ဆိုင်ရာ ဌာနဆိုင်များနှင့် ပူးပေါင်းလုပ်ဆောင်သွားရန် လိုအပ်မည်ဟု ယူဆပါကြောင်း ၎င်းကဆိုသည်။

စုပ်ခွက်ငါးများမှာ အသားစားငါး အမျိုးအသားဖြစ်သည့်အပြင် သားပေါက်နှုန်းက မြန်သည့် ငါးမျိုးစိတ်တစ်မျိုးဖြစ်ကြောင်း ပေါင်မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “စုပ်ခွက်ငါးတွေက ငါးချင်းချင်းပြန်စားတယ်။ သူကိုတော့ ကျန်တဲ့ငါးတွေက စားမရဘူး။ ဘာကြောင့်လဲဆိုတော့ စုပ်ခွက်ငါးက ဆူးတောင်ရှည်ပြီး ချွန်ထက်တယ်။ အကြေးခွံက မာတဲ့အတွက်ကြောင့်ရယ် ကျန်တဲ့ငါးတွေက သူ့ကို စားမရတာပါ။ အဲ့ဒီ စုပ်ခွက်ငါးတွေရှိနေရင် ကျန်တဲ့ ငါးတွေမျိုးတုန်းသွားနိုင်တဲ့ အန္တရာယ်ရှိပါတယ်” ဟု ပြောကြားသည်။

ထိုစုပ်ခွက်ငါးများအား ဖမ်းဆီးမိသော်လည်း ချက်စားရန် မဝံ့ရဲကြသည့်အတွက် ချောင်း၊မြောင်းများအတွင်း ပြန်လွတ်ပေးထားကြကြောင်း၊ ထိုအခြေအနေကြောင့် ငါးဂေဟစနစ်ပျက်ဆီးသွားနိုင်သည့်အခြေအနေမျိုး ကြုံတွေ့လာနိုင်ကြောင်း နှင့် စုပ်ခွက်ငါးများ ပေါက်ပွားပြန့်နှံ့မှုမရှိစေရန် စီမံချက်များရေးဆွဲပြီး ဆောင်ရွက်သင့်ကြောင်း အကြံပြု ပြောဆိုမှုများရှိသည်။

 

Most Read