ရွေးကောက်ပွဲတွင် ပြတ်ပြတ်သားသား အနိုင်ရသူမရှိသည့်အတွက် ညွန့်ပေါင်းအစိုးရဖွဲ့ရန် ကြိုးပမ်းမည်ဟု ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း နဝပ်ဇ်ရှရစ်ဖ် ပြောကြား

ရွေးကောက်ပွဲတွင် ပြတ်ပြတ်သားသား အနိုင်ရသူမရှိသည့်အတွက် ညွန့်ပေါင်းအစိုးရဖွဲ့ရန် ကြိုးပမ်းမည်ဟု ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း နဝပ်ဇ်ရှရစ်ဖ် ပြောကြား
ဖေဖော်ဝါရီ ၉ ရက်က လာဟိုးမြို့တွင် ထောက်ခံသူများကို မိန့်ခွန်းပြောနေသည့် ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်းနှင့် ပါကစ္စတန် မွတ်စလင်အဖွဲ့ချုပ်ပါတီ ခေါင်းဆောင် နဝပ်ဇ်ရှရစ်ဖ်(အလယ်)ကို တွေ့ရစဉ်(Photo: AFP)
ဖေဖော်ဝါရီ ၉ ရက်က လာဟိုးမြို့တွင် ထောက်ခံသူများကို မိန့်ခွန်းပြောနေသည့် ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်းနှင့် ပါကစ္စတန် မွတ်စလင်အဖွဲ့ချုပ်ပါတီ ခေါင်းဆောင် နဝပ်ဇ်ရှရစ်ဖ်(အလယ်)ကို တွေ့ရစဉ်(Photo: AFP)
Published 10 February 2024

ဖေဖော်ဝါရီ ၈ ရက် အထွေထွေရွေးကောက်ပွဲတွင် ပြတ်ပြတ်သားသား အသာရသူ မရှိသည့်အတွက် ညွန့်ပေါင်းအစိုးရဖွဲ့ရန် ကြိုးပမ်းသွားမည်ဟု ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း နဝပ်ဇ်ရှရစ်ဖ်က ပြောကြားခဲ့သည်။

ရှရစ်ဖ်၏ပြိုင်ဘက်ဖြစ်ပြီး ထောင်ဒဏ်ကျခံနေရသည့် အီမရန်ခန်းက ကျောထောက်နောက်ခံပေးထားသည့် တစ်သီးပုဂ္ဂလကိုယ် စားလှယ်လောင်းများသည် ဖေဖော်ဝါရီ ၉ ရက်က ဆန္ဒမဲများရေတွက်ရာတွင် ထိပ်ဆုံးမှ ဦးဆောင်လျက်ရှိသည်။ ယင်းသည် ခန်းကို ထောက်ခံသူများ၏ အ့ံအားသင့်ဖွယ် ခိုင်မာမြဲမြံသော စိတ်ပိုင်းဖြတ်မှုကို ပြသနေခြင်းဖြစ်သည်။

ပါကစ္စတန် လူ့အခွင့်အရေးအဖွဲ့က ပြီးခဲ့သည့် ပါကစ္စတန်ရွေးကောက်ပွဲသည် ရှရစ်ဖ်အား အလေးသာစေရန် အကွက်ချစီစဉ်ထားခြင်းဖြစ်သည်ဟု ပြောဆိုထားသည်။

သွေးထွက်သံယိုများသောရွေးကောက် ပွဲမဲဆွယ်စည်းရုံးရေးကာလနှင့် ကြုံတွေ့ခဲ့ပြီး နောက် တရားဥပဒေစိုးမိုးမှုကို ထိန်းသိမ်းရန် ဖေဖော်ဝါရီ ၈ ရက် ရွေးကောက်ပွဲနေ့တွင် နိုင်ငံတစ်ဝန်း မိုဘိုင်းဖုန်းဆက်သွယ်ရေး ကွန်ရက်များကို ယာယီဖြတ်တောက်ကြောင်းအာဏာပိုင်များက ကြေညာခဲ့သည်။

ဝန်ကြီးချုပ်ဟောင်း ရှရစ်ဖ်က ၎င်း၏ ပါတီသည် ပါလီမန်ရွေးကောက်ပွဲတွင် အလွယ်တကူ အနိုင်ရရှိကာ ၎င်းသည်လည်းဝန် ကြီးချုပ်ရာထူးကို စတုတ္ထအကြိမ်ရယူနိုင်မည်ဟု မျှော်လင့်ခဲ့သော်လည်း လတ်တလောတွင် အာဏာရရှိရန် အခက်အခဲများနှင့် ကြုံတွေ့နေရခြင်းကြောင့် ညွန့်ပေါင်းအစိုးရဖွဲ့ရန်ကြိုးပမ်းမည်ဟု ဖေဖော်ဝါရီ ၉ ရက်က ပြောကြားခဲ့သည်။

နာမည်ကြီး ခရစ်ကတ်ကစားသမားဟောင်းနှင့် ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်းသည် ပြစ်ဒဏ်ကျခံနေရခြင်းကြောင့် ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခွင့်မရသကဲ့သို့ ၎င်း၏ပါတီဖြစ်သည့် Pakistan Tehreek-e-Insaf(PTI)မှ ကိုယ်စားလှယ်လောင်းများသည်လည်း တစ်သီးပုဂ္ဂလကိုယ် စားလှယ်လောင်းများအဖြစ် ယှဉ်ပြိုင်ခဲ့ရသည်။

သို့သော် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၂၆၆ နေရာအနက် ၉၉ နေရာတွင် ခန်း၏ပါတီက ကျောထောက်နောက်ခံပြုထားသည့် ကိုယ်စားလှယ်လောင်းများက အနိုင်ရရှိခဲ့သည်။

ရှရစ်ဖ်၏ ပါကစ္စတန် မွတ်စလင်အဖွဲ့ချုပ်ပါတီကမူ မဲဆန္ဒနယ် ၇၁ နေရာတွင် အနိုင်ရခဲ့သည်။ ပါကစ္စတန် ပြည်သူ့ပါတီကမူ မဲဆန္ဒနယ် ၅၃ ခုတွင် အနိုင်ရခဲ့သည်။

ကိုယ်စားလှယ်လောင်းတစ်ဦး လုပ်ကြံသတ်ဖြတ်ခံရခြင်းကြောင့် မဲဆန္ဒနယ်တစ်ခုတွင် ရွေးကောက်ပွဲကျင်းပခြင်းကို ရွှေ့ဆိုင်းခဲ့ ရကာ အမျိုးသားလွှတ်တော်၏အမတ်နေရာ ၂၆၆ နေရာနက် ၁၅ နေရာ၏ မဲရလဒ်များကို ကြေညာနိုင်ခြင်းမရှိသေးပေ။

အခြားပါတီများ၏ ထောက်ခံမှုမပါဘဲ အစိုးရတစ်ရပ်ဖွဲ့စည်းရန် လုံလောက်သည့် ရလဒ်မျိုးမရရှိခဲ့ကြောင်းနှင့် ပါကစ္စတန်ကို ပြဿနာများထဲမှ ဆွဲထုတ်နိုင်အောင် အတူတကွ ကြိုးပမ်းရေးအတွက် ညွန့်ပေါင်းအစိုးရတစ်ရပ် ဖွဲ့စည်းရန် ဖိတ်ခေါ်ကြောင်း ၎င်းကိုထောက်ခံသူများအား ပြောကြားခဲ့သည်။

သို့သော် ပါကစ္စတန်၏ နက်နက်ရှိုင်းရှိုင်း သဘောထားကွဲလွဲနေသည့် နိုင်ငံရေးအခြေ အနေကြောင့်ခိုင်မာသည့် ညွန့်ပေါင်းအစိုးရ တစ်ရပ်ဖွဲ့စည်းနိုင်ရန် အလားအလာနည်းနေသည်။                           

Ref: AP

Most Read

Most Recent