ဆက်သွယ်ရေးကုမ္ပဏီ ATOM တွင် ရှယ်ယာပါဝင်ထားသည့် ရွှေဗျိုင်းဖြူလုပ်ငန်းစု၏ ရင်းနှီးမြှုပ်နှံမှုကို ပယ်ဖျက်

ဆက်သွယ်ရေးကုမ္ပဏီ ATOM တွင် ရှယ်ယာပါဝင်ထားသည့် ရွှေဗျိုင်းဖြူလုပ်ငန်းစု၏ ရင်းနှီးမြှုပ်နှံမှုကို ပယ်ဖျက်
ပုံစာ -  ၂၀၂၂ ခုနှစ် က ဆက်သွယ်ရေးကုမ္ပဏီ ATOM  မှ ပြုလုပ်ခဲ့သည့် အခမ်းအနားတစ်ခုကို တွေ့ရစဉ်
ပုံစာ -  ၂၀၂၂ ခုနှစ် က ဆက်သွယ်ရေးကုမ္ပဏီ ATOM  မှ ပြုလုပ်ခဲ့သည့် အခမ်းအနားတစ်ခုကို တွေ့ရစဉ်
Published 10 February 2024

ဆက်သွယ်ရေးကုမ္ပဏီ ATOM တွင် ရှယ်ယာပါဝင်ထားသည့် ရွှေဗျိုင်းဖြူလုပ်ငန်းစု၏ ရင်းနှီးမြှုပ်နှံမှုကို ပယ်ဖျက်လိုက်ကြောင်း ATOM က သတင်းထုတ်ပြန်သည်။

ဆက်သွယ်ရေးကုမ္ပဏီ ATOM ကို Investcom PTE Ltd. ကပိုင်ဆိုင်ပြီး ယင်းကုမ္ပဏီတွင် ရွှေဗျိုင်းဖြူလုပ်ငန်းစုမှ ရှယ်ယာများပါဝင်ထားခြင်းဖြစ်သည်။

ရွှေဗျိုင်းဖြူလုပ်ငန်းစု၏ ရင်းနှီးမြှုပ်နှံမှုကို ပယ်ဖျက်ပြီးနောက် ရွှေဗျိုင်းဖြူလုပ်ငန်းစုမှ သက်ဆိုင်သူများကို အက်တမ်(ATOM) ၏ ဒါရိုက်တာဘုတ်အဖွဲ့မှ ထုတ်ပယ်လိုက်ကြောင်း၊ ရွှေဗျိုင်းဖြူလုပ်ငန်းစု၏ ရှယ်ယာများကို Myancom Holding Ltd. သို့ အပြီးတိုင် လွှဲပြောင်းခဲ့ပြီး ဖြစ်ကြောင်း၊ ရှယ်ယာများ လွှဲပြောင်းခြင်းလုပ်ငန်းစဉ်ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလတွင် စတင်ခဲ့ပြီး ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် အပြီးသတ်ခဲ့သည်ဟု သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အက်တမ် (ATOM) အနေဖြင့် အရေးယူပိတ်ဆို့ခံရသော မည်သည့်ပုဂ္ဂိုလ်/အဖွဲ့အစည်းနှင့် မျှပတ်သက်ဆက်နွယ်ခြင်းမရှိကြောင်းနှင့် အရေးယူပိတ်ဆို့ခံရသော မည်သည့်ပုဂ္ဂိုလ်/အဖွဲ့အစည်းကိုမှ အစုရှယ်ယာရှင်/ အကျိုးခံစားခွင့်ရှိသူ သို့မဟုတ် အကြီးတန်းစီမံခန့်ခွဲမှုအဖွဲ့ဝင်အနေနှင့် ခန့်အပ်ထားရှိခြင်း မရှိကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ဦးသိန်းဝင်းဇော်၊ ဦးဝင်းပိုင်ကျော်၊ ဒေါ်တင်လတ်မင်းတို့သည် ဒါရိုက်တာဘုတ်အဖွဲ့ဝင်အဖြစ်မှ နှုတ်ထွက်ခဲ့ပြီး ဖြစ်ကြောင်း၊ ထို့ပြင် ဦးဝင်းပိုင်ကျော်သည်လည်း အက်တမ်မြန်မာ (ATOM Myanmar) ၏ ဒုတိယအမှုဆောင်အရာရှိချုပ်ရာထူးမှ နှုတ်ထွက်ခဲ့ကာ လက်ရှိအချိန်တွင် ယင်းရာထူးတွင် အသစ်ထပ်မံခန့်အပ်ထားခြင်း မရှိသေးကြောင်း ATOM က ထုတ်ပြန်သည်။

ဒဏ်ခတ်ပိတ်ဆို့မှုအပါအဝင် နည်းဥပဒေနှင့် စည်းမျဉ်းစည်းကမ်းများကို တစ်သဝေမတိမ်း ဆက်လက်လိုက်နာသွားမည်ဖြစ်ကြောင်း၊ စားသုံးသူနှင့် လူ့အခွင့်အရေးကို အစဉ်ထောက်ခံအားပေးကြောင်း၊ အရေးယူပိတ်ဆို့မှုနှင့် ကင်းလွတ်ပြီး အလုံးစုံသောတည်ဆဲဥပဒေများနှင့် စည်းမျဉ်းများကို လိုက်နာဆောင်ရွက်သည့် လွတ်လပ်သောအဖွဲ့အစည်းတစ်ရပ်အဖြစ် ဆက်လက်ရပ်တည်မည် ဖြစ်ကြောင်း အက်တမ် (ATOM) က ထုတ်ပြန်သည်။

ရွှေဗျိုင်းဖြူကုမ္ပဏီကို ဒဏ်ခတ်အရေးယူကြောင်း အမေရိကန်အစိုးရ ယခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ပြီးနောက် ATOM က ရွှေဗျိုင်းဖြုကုမ္ပဏီပိုင်ဆိုင်သည့် ရှယ်ယာများ၊ ဒါရိုက်တာအဖွဲ့ဝင်များ နှုတ်ထွက်ကြောင်း ကြေညာခဲ့ခြင်းလည်းဖြစ်သည်။

ယင်းသို့ ရှယ်ယာ ပယ်ဖျက်ခြင်း နှင့် ရွှေဗျိုင်းဖြူလုပ်ငန်းစုမှ ပုဂ္ဂိုလ်များ ဒါရိုက်တာအဖြစ်မှ နှုတ်ထွက်ခဲ့ခြင်းများမှ လွဲ၍ အခြားသောပြောင်းလဲမှုများ မရှိကြောင်း၊ မြန်မာနိုင်ငံရှိ ပြည်သူများအတွက် မရှိမဖြစ်လိုအပ်သော ဆက်သွယ်ရေးအခြေခံအုတ်မြစ်ဖြစ်သည့် တယ်လီကွန်းဆက်သွယ်ရေးနှင့် ဝန်ဆောင်မှုများကို ဆက်လက်ပံ့ပိုးပေးနိုင်ရန်အတွက် စားသုံးသူနှင့် လူ့အခွင့်အရေးကို ထောက်ခံအားပေးကာ ပိတ်ဆို့အရေးယူမှုများမှ ကင်းလွတ်ပြီး အလုံးစုံသောတည်ဆဲဥပဒေများနှင့် စည်းမျဉ်းများကို လိုက်နာဆောင်ရွက်သည့် လွတ်လပ်သောအဖွဲ့အစည်းအဖြစ် အခိုင်အမာ ဆက်လက်ရပ်တည်သွားမည် ဖြစ်ကြောင်း ATOM က ထုတ်ပြန်သည်။

၂၀၂၂ ခုနှစ်တွင် တယ်လီနောမြန်မာကို ATOM Myanmar အဖြစ် အမည်ပြောင်းလဲခဲ့ပြီး ယခင်ပိုင်ရှင်ဖြစ်သည့် နော်ဝေနိုင်ငံအခြေစိုက် Telenor Group က ၂၀၂၂ ခုနှစ် မတ်လတွင် လက်ဘနွန်နိုင်ငံမှ M1 Group သို့ အမေရိကန်ဒေါ်လာ ၁၀၅ သန်းဖြင့် ရောင်းချခဲ့သည်။

Most Read

Most Recent