ရန်ကုန်-နေပြည်တော် အမြန်လမ်းမကြီး မိုင်တိုင် ၁၅၈ တွင် ခရီးသည်တင်ယာဉ်နှစ်စီးအပါအဝင် ယာဉ်ငါးစီးဆင့်တိုက်မှုဖြစ်ပွားပြီး အမျိုးသားနှစ်ဦးသေဆုံး

ရန်ကုန်-နေပြည်တော် အမြန်လမ်းမကြီး မိုင်တိုင် ၁၅၈ တွင် ခရီးသည်တင်ယာဉ်နှစ်စီးအပါအဝင် ယာဉ်ငါးစီးဆင့်တိုက်မှုဖြစ်ပွားပြီး အမျိုးသားနှစ်ဦးသေဆုံး
Published 10 February 2024

ရန်ကုန်-နေပြည်တော် အမြန်လမ်းမကြီး မိုင်တိုင် ၁၅၈ တွင် ခရီးသည်တင်ယာဉ်နှစ်စီးအပါအဝင် ယာဉ်ငါးစီးဆင့်တိုက်မှုဖြစ်ပွားပြီး အမျိုးသားနှစ်ဦးသေဆုံးမှု ဖေဖော်ဝါရီ ၉ ရက်၊ ညပိုင်းက ဖြစ်ပွားခဲ့သည်။

ဖေဖော်ဝါရီ ၉ ရက်၊ ည ၁၂ နာရီကျော်ခန့်တွင် ရန်ကုန်-နေပြည်တော်အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၁၅၈/၈)ဖာလုံတွင် ယာဉ်ငါးစီးဆင့်တိုက်မှုဖြစ်ပွားကြောင်း သတင်းရသဖြင့် မီးသတ်တပ်ဖွဲ့နှင့် လူမှုကူညီရေးအဖွဲ့များမှ သွားရောက်ခဲ့သည်။

သစ်ဆန်းခရီးသည်တင်ယာဉ်၊ခိုင်မန္တလေးခရီးသည်တင်ယာဉ်၊Toyota RAV 4၊ Super Custom နှင့် Toyota Caldina အမျိုးအစားယာဉ်များ တိုက်မိခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ယာဉ်ငါးစီးဆင့်တိုက်မှုကြောင့် Toyota RAV 4 ယာဉ်ပေါ်မှ အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးသုံးဦးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယင်းအပြင် Super Custom ယာဉ်အမျိုးအစားပေါ်မှ အမျိုးသားတစ်ဦးမှာ သေဆုံးခဲ့ကာ အမျိုးသမီးနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ Toyota Caldina အမျိုးအစားယာဉ်ပေါ်မှ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရိှခဲ့ကြောင်း သိရသည်။

ယာဉ်တိုက်မှုကြောင့် အမျိုးသားနှစ်ဦးသေဆုံးခဲ့ပြီး ရှစ်ဦးဒဏ်ရာရရှိခဲ့ကာ အဆိုပါ ရှစ်ဦးအနက် နှစ်ဦးမှာ စိုးရိမ်ရဒဏ်ရာများဖြစ်ကြောင်း သိရသည်။

သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရရှိသူများအား ဆွာလူမှုကူညီရေးအသင်းနှင့် မြို့သစ်လူမှုကူညီရေးအသင်းမှ လူနာတင်ယာဉ်များဖြင့် တောင်ငူပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း မီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။

ယာဉ်တိုက်မှုဖြစ်ပွားရာသို့ သာဂရအမြန်လမ်းမီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်တစ်စီးနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

■ ဓာတ်ပုံ- MFSD

Most Read

Most Recent