ရှမ်းပြည်နယ်မှ မန္တလေးတိုင်းသို့ သယ်ဆောင်သည့် ကျပ် ၁ ဒသမ ၃၆ ဘီလျံကျော်တန်ဖိုးရှိ ဘိန်းဖြူများ သာစည်မြို့နယ်၌ ဖမ်းဆီးရမိ

ရှမ်းပြည်နယ်မှ မန္တလေးတိုင်းသို့ သယ်ဆောင်သည့် ကျပ် ၁ ဒသမ ၃၆ ဘီလျံကျော်တန်ဖိုးရှိ ဘိန်းဖြူများ သာစည်မြို့နယ်၌ ဖမ်းဆီးရမိ
Published 9 February 2024

ရှမ်းပြည်နယ်မှ မန္တလေးတိုင်းသို့ သယ်ဆောင်သည့် ကျပ် ၁ ဒသမ ၃၆ ဘီလျံကျော်တန်ဖိုးရှိ ဘိန်းဖြူများ သာစည်မြို့နယ်၌ ဖမ်းဆီးရမိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ထုတ်ပြန်ချက်အရ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သည် ဖေဖော်ဝါရီ ၂ ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ယင်းမာပင်ကျေးရွာမှ ပျော်ဘွယ်မြို့နယ်၊ တောင်ဂွကျေးရွာသို့သွားသည့် တောင်ကြားလမ်း၊ ကျွဲကျကျေးရွာချောင်းအနီး၌ သတင်းအရစောင့်ဆိုင်းနေစဉ် ညနေ ၆ နာရီအချိန်၌ ကြိုတင်သတင်းရရှိထားသည့် ကိုမျိုး၊ မျိုးမြင့်ထွန်းနှင့် ညွန့်ဝင်းတို့ သုံးဦးသည် မော်တော်ဆိုင်ကယ် သုံးစီးဖြင့် ရောက်ရှိလာ၍ ရှာဖွေခဲ့ကြောင်း သိရသည်။

ထိုသို့ရှာဖွေရာ ဆာလာအိတ် ၁၅ အိတ်အတွင်းမှ ဆပ်ပြာခွက် ၃၃၀၀ ခွက်ဖြင့်ထည့်လျက် ဘိန်းဖြူအလေးချိန် ၃၃ ကီလို သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ဘိန်းဖြူများသယ်ဆောင်ခိုင်းသူ ဆန်းဦးနှင့် ပူးပေါင်းပါဝင်သူ အောင်ထွန်းလင်း(ခ)ချစ်သဲတို့အား ယင်းနေ့ ည ၈ နာရီအချိန် သာစည်မြို့နယ်၊ ကျွဲတပ်ဆုံကျေးရွာတွင် မော်တော်ဆိုင်ကယ် တစ်စီးနှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထပ်မံစစ်ဆေးဖော်ထုတ်ချက်အရ ည ၈ နာရီခွဲအချိန် သာစည်မြို့နယ်၊ ယင်းမာပင်ကျေးရွာ၊ မြို့မကွက်သစ်ရပ်ရှိ ကိုမျိုး၏ နေအိမ်မှ ဆပ်ပြာခွက် ၂၁၇၈ ခွက်ဖြင့်ထည့်လျက် ဘိန်းဖြူအလေးချိန် ၂၁ ဒသမ ၇၈ ကီလိုအား ထပ်မံဖော်ထုတ်သိမ်းဆည်းရမိခဲ့သဖြင့် စုစုပေါင်းကျပ် ၁ ဒသမ ၃၆၉၅ ဘီလျံတန်ဖိုးရှိ ဘိန်းဖြူ ၅၄ ဒသမ ၇၈ ကီလို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဆက်လက်ဖော်ထုတ်ချက်အရ ဖေဖော်ဝါရီ ၅ ရက် မွန်းလွဲ ၂ နာရီအချိန် ဘိန်းဖြူများသယ်ဆောင်ခဲ့သည့် ၂၂ ဘီးတွဲယာဉ် မောင်းနှင်သူ လွင်မိုးသူ(ခ)မိုးသူအောင်အား တောင်ကြီးမြို့နယ်၊ အေးသာယာမြို့တွင် ၎င်းယာဉ်နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိ ဘိန်းဖြူများအား ရှမ်းပြည်နယ်မှ မန္တလေးတိုင်းဒေသကြီးသို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဖမ်းဆီးရမိသူများအား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

Most Read

Most Recent