ကမ္ဘောဒီးယား တက်ကြွလှုပ်ရှားသူ သုံးဦးကို ဖမ်းဆီးထားသည့်အတွက် ထိုင်းနိုင်ငံကို ကျေးဇူးတင်ကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ် ပြောကြား

ကမ္ဘောဒီးယား တက်ကြွလှုပ်ရှားသူ သုံးဦးကို ဖမ်းဆီးထားသည့်အတွက် ထိုင်းနိုင်ငံကို ကျေးဇူးတင်ကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ် ပြောကြား
ဖေဖော်ဝါရီ ၇ ရက်က ဘန်ကောက်မြို့တော်ရှိ အစိုးရအိမ်တော်တွင် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲ၌ စကားပြောနေသည့် ဟွန်မာနက် (ဝဲ) နှင့် ဆရီထာတို့အား တွေ့ရစဉ်(Photo:AFP)
ဖေဖော်ဝါရီ ၇ ရက်က ဘန်ကောက်မြို့တော်ရှိ အစိုးရအိမ်တော်တွင် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲ၌ စကားပြောနေသည့် ဟွန်မာနက် (ဝဲ) နှင့် ဆရီထာတို့အား တွေ့ရစဉ်(Photo:AFP)
Published 7 February 2024

ထိုင်းနိုင်ငံတွင် ထိုင်းရဲတပ်ဖွဲ့က ကမ္ဘော ဒီးယားနိုင်ငံသား တက်ကြွလှုပ်ရှားသူ သုံးဦး ကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးနောက် ရက်ပိုင်းအကြာတွင် ကမ္ဘောဒီးယား၏ နိုင်ငံရေးကို ဝင်ရောက်စွက်ဖက်မှုအား တားဆီးပေးခဲ့သည့်အတွက် ထိုင်းနိုင်ငံကို ကျေးဇူးတင်ကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်က ဖေဖော်ဝါရီ ၆ ရက်တွင် ပြောကြားခဲ့သည်။

ကမ္ဘောဒီးယားအစိုးရသည် နိုင်ငံရေး အတိုက်အခံများကို မရပ်မနား ဖိနှိပ်နေသည်ဟု လူ့အခွင့်အရေးအဖွဲ့များက စွပ်စွဲခဲ့ပြီး ထိုင်းနိုင်ငံကိုလည်း ကမ္ဘောဒီးယား အတိုက်အခံများအား ၎င်း၏မြေပေါ်တွင် ဖမ်းဆီးခဲ့သည့်အတွက် ဝေဖန်ခဲ့ကြသည်။

ဟွန်မာနက်သည် ဖေဖော်ဝါရီ ၇ ရက်က ဘန်ကောက်မြို့တော်တွင် ထိုင်းဝန်ကြီးချုပ် ဆရီထာထာဝီဆင်းနှင့် ဆွေးနွေးခဲ့ပြီး ကမ္ဘောဒီးယားနိုင်ငံရေးကို ဝင်ရောက်စွက်ဖက်မှုအတွက် မည်သည့်လှုပ်ရှားမှုမျိုးကိုမဆို ထိုင်း နယ်နိမိတ်အား အသုံးချခွင့်မပြုခဲ့သည့်အတွက် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

ကမ္ဘောဒီးယားအစိုးရအနေနှင့်လည်း မိမိတို့နိုင်ငံ၏ နယ်မြေပေါ်တွင် ထိုင်းနိုင်ငံရေးကို ဝင်ရောက်စွက်ဖက်သည့် လှုပ်ရှားမှုများကို လုပ်ဆောင်ခွင့်ပြုမည် မဟုတ်ကြောင်း ဟွန်မာနက်က ဆရီထာနှင့် ပူးတွဲပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ထိုအစီအစဉ်သည် အိမ်နီးချင်းနိုင်ငံအကြား တည်ငြိမ်မှုနှင့် ယုံကြည်မှုတို့ကို မြှင့်တင်ပေးနိုင်ကြောင်း ဟွန်မာနက်က ပြောကြားခဲ့သည်။

ဟွန်မာနက်၏ ဖခင်ဖြစ်သူ ဟွန်ဆန်သည် ကမ္ဘောဒီးယားနိုင်ငံကို ဆယ်စုနှစ် လေးစုနီးပါးကြာ တင်းကျပ်စွာ အုပ်ချုပ်ခဲ့ပြီးနောက် ပြီးခဲ့သည့်နှစ်တွင် သားဖြစ်သူကို အာဏာလွှဲပြောင်းပေးခဲ့ပြီး ပြိုင်ဘက်နိုင်ငံရေးပါတီများ ကို ပိတ်ပင်ခြင်း၊ အဓိကစိန်ခေါ်သူများကို နိုင်ငံအတွင်းမှ ထွက်ပြေးရန် တွန်းအားပေးခြင်း၊ လွတ်လပ်စွာ ထုတ်ဖော်ခွင့်ကို ဖိနှိပ်မှု တို့နှင့်အတူ နိုင်ငံရေးပြိုင်ဘက်အားလုံးကို နှိမ်နင်းခဲ့သည်။

လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့၏ အာရှရေးရာ လက်ထောက်ညွှန်ကြားရေးမှူး ဖီးလ်ရောဘတ်ဆန်ကမူ ကမ္ဘောဒီးယားအစိုးရနှင့် ပူးပေါင်းသည့် ထိုင်းအစိုးရကို ရှုတ်ချခဲ့ပြီး ယင်းသည် ဆရီထာ၏ မှတ်တမ်းတွင် အမည်းစက်တစ်ခုဖြစ်သည်ဟု ပြောကြားခဲ့သည်။

“သူတို့တွေဟာ ထိုင်းနိုင်ငံမှာရှိတဲ့ ကမ္ဘောဒီးယားတက်ကြွ လှုပ်ရှားသူတွေနဲ့ ဒုက္ခသည်တွေကို ဆန့်ကျင်တဲ့ အစီအစဉ်ကို ကြေညာခဲ့ပါတယ်”ဟု ရောဘတ်ဆန်က အေအက်ဖ်ပီသတင်းဌာနကို ပြောကြားခဲ့သည်။

ဟွန်မာနက်သည် ကမ္ဘောဒီးယားနိုင်ငံအတွင်း သို့မဟုတ် အပြင်ဘက်တွင် ကျန်ရှိနေသည့် အတိုက်အခံများ၏ အသံကို ကျယ်လောင်သည့် အချက်ပြမှုတစ်ခု ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း ရောဘတ်ဆန်က ပြောသည်။

“သူပြောချင်တဲ့သဘောကတော့ သင်ပြေးနိုင်တယ်။ ဒါပေမယ့် သင်ပုန်းနိုင်မှာမဟုတ်ဘူးဆိုတဲ့ သဘောဖြစ်ပါတယ်”ဟု ရောဘတ်ဆန်က ဆိုသည်။

ဟွန်ဆန်၏ အာဏာရပါတီသည် ယခုသီတင်းပတ်အတွင်းက လူသိများထင်ရှားသည့် လူ့အခွင့်အရေးကာကွယ်စောင့်ရှောက် သူတစ်ဦးကို ၎င်းပါတီအား ဆန့်ကျင်သည့်  အသရေဖျက်မှုတစ်ခုဟု ယူဆရသော မှတ်ချက်စကားများပြောကြားခဲ့မှုအတွက် တရားစွဲဆိုခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်က ထိုင်းနိုင်ငံတွင် ဖမ်းဆီးခံခဲ့ရသည့် ကမ္ဘောဒီးယား တက်ကြွလှုပ်ရှားသူ သုံးဦးအနက် တစ်ဦးသည် ကုလသမဂ္ဂ၏ ဒုက္ခသည်အဖြစ် သတ်မှတ်ခံထားရသူဖြစ်ပုံရသော်လည်း ထိုအချက်သည် အတိတ်ကာလက ထိုင်းနိုင်ငံအား ဖမ်းဆီးရမိသူများကို နယ်နှင်ဒဏ်ပေးခြင်းအား တားဆီးနိုင်ခဲ့ခြင်းမရှိပေ။

၂၀၂၁ ခုနှစ်က ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ကမ္ဘောဒီးယား ဒုက္ခသည် သုံးဦးကို သီတင်းနှစ်ပတ်အတါင်း  ကမ္ဘောဒီးယားသို့ ပြန်လည်ပို့ဆောင်ခဲ့သည့် ထိုင်းနိုင်ငံကို ရှုတ်ချခဲ့သည်။

                             Ref:AFP

Most Read

Most Recent