ကော့သောင်းရှိ သူဌေးကျွန်းဟိုတယ်နှင့် ရွှေဝက်ဝံတံတားကို တာဝန်ရှိသူများက စစ်ဆေးမှုများပြုလုပ်

ကော့သောင်းရှိ သူဌေးကျွန်းဟိုတယ်နှင့် ရွှေဝက်ဝံတံတားကို တာဝန်ရှိသူများက စစ်ဆေးမှုများပြုလုပ်
Published 6 February 2024

ထိုင်းနိုင်ငံတွင် သူဌေးကျွန်းဟိုတယ်ပိုင်ရှင်နှင့် လုပ်ငန်းရှင်အချို့၏ ပိုင်ဆိုင်မှုများ သိမ်ဆည်းခံရပြီးနောက် မြန်မာနိုင်ငံတွင်လည်း သူဌေးကျွန်းဟိုတယ်နှင့် ရွှေဝက်ဝံတံတားအား တာဝန်ရှိသူများက စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံဖွား ထိုင်းနိုင်ငံသားခံယူထားသူ သူဌေးကျွန်းဟိုတယ်ပိုင်ရှင် ဦးကျော်လွင် (ထိုင်းအမည် မစ္စတာဖု) အား ဖေဖော်ဝါရီ ၁ ရက်တွင် ထိုင်းနိုင်ငံတွင် ဖမ်းဝရမ်းထုတ်ပြီး ပိုင်ဆိုင်မှုများကို သိမ်းဆည်းခဲ့ကြောင်း သိရသည်။

ဦးကျော်လွင်အပါအဝင် လုပ်ငန်းရှင် ၁၈ ဦးမှာ အွန်လိုင်းလောင်းကစားမှု၊ လောင်စာဆီတင်ပို့မှုမှ အခွန်လိမ်လည်မှု၊ ငွေမည်းကိစ္စများဖြင့် ဖမ်းဝရမ်းထုတ်ခံရပြီး လက်ရှိတွင် လုပ်ငန်းရှင်ခုနစ်ဦးအား ဖမ်းဆီးရမိထားသည်ဟု ထိုင်းသတင်းဌာနများ၌ ဖော်ပြထားသည်။

“ဖေဖော်ဝါရီ ၄ ရက်နေ့က စတင်ပြီး ကော့သောင်းမြို့မှာရှိတဲ့ ရွှေဝက်ဝံတံတားကို မြန်မာနိုင်ငံက တာဝန်ရှိသူတွေစစ်  ဆေးနေပါတယ်။ သူဌေးကျွန်းကိုလည်း ကော့သောင်း-ရနောင်းချစ်ကြည်ရေး ခရီးသွားပွဲတော် ကျင်းပနေတဲ့အချိန်မှာပဲ မြန်မာတာဝန်ရှိသူတွေ သွားရောက်စစ်ဆေးခဲ့တယ်။ ဟိုတယ်ကို ချိပ်ပိတ်ထားတာလား လုပ်ငန်းလည်ပတ်နေတာ လားဆိုတာကတော့ မပြောတတ်ဘူး။ လက်ရှိကော့သောင်းမှာ သူဌေးကျွန်းဟိုတယ်ဝန်ထမ်း နှစ်ထောင်ကျော်လောက်ရှိတယ်။ သူတို့အလုပ်လက်မဲ့ဖြစ်တော့မယ်။ အဲဒီကနေ ဆက်နွှယ်နေတဲ့ တက္ကစီသမားတွေ စျေးသည်တွေ အကုန်အခက်အခဲဖြစ်နေပြီ။ ဆီသင်္ဘောတွေ ငါးဖမ်းလှေတွေ ကပ်နေတဲ့ ရွှေဝက်ဝံတံတားကိုလည်း စစ်ဆေးနေပါတယ်” ဟု  ကော့သောင်းမြို့မှလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

လက်ရှိတွင် သူဌေးကျွန်းဟိုတယ်တွင် လုံခြုံရေးဝန်ထမ်းများ၊ ဟိုတယ်အခန်းဝန်ဆောင်မှုများနှင့်ပတ်သက်ပြီး ဝန်ထမ်းများရှိနေကြောင်း၊ အွန်လိုင်းကာစီနိုနှင့် တခြားအပန်းဖြေနေရာများရပ်ထားကြောင်း ဒေသခံများက ပြောကြားသည်။

“သူဌေးကျွန်းဟိုတယ်ပိုင်ရှင်က ထိုင်းနိုင်ငံသားခံယူထားသူပါ။ သူဌေးကျွန်းဟိုတယ်ကလည်း သူ့အမည်နဲ့မဟုတ်ဘူးလို့ သိရတယ်။ ဆီကျော်လွင်လို့ ကျွန်တော်တို့ သိထားတဲ့သူက ကော့သောင်းဒေသခံ တွေအတွက် အလုပ်အကိုင်အများအပြား ဆောင်ရွက်ပေးထားတယ်” ဟု ကော့သောင်းမြို့မှ ဒေသခံတစ်ဦးက ပြောကြားသည်။

ထိုင်းနိုင်ငံတွင် အထူးစုံစမ်းစစ်ဆေးရေးတပ်ဖွဲ့များက တစ်နိုင်ငံလုံးရှိနေရာ ၂၇ ခုအား တစ်ပြိုင်နက်တည်း ဝင်ရောက်စီးနင်း ရှာဖွေခဲ့ပြီး ထိုင်းဘတ်ငွေဘီလျံနှင့်ချီသည့်ငွေသားများ၊ လက်ဝတ်ရတနာများ၊ ကားများကို သိမ်းဆည်းထားပြီး လက်ရှိတွင် ဦးကျော်လွင် (ခ) မစ္စတာဖုဆိုသူအား ဖမ်းဆီးရမိခြင်းမရှိသေးကြောင်း ထုတ်ပြန်ထားသည်။

Most Read

Most Recent