အင်ဒိုနီးရှားသမ္မတလောင်းများ နောက်ဆုံးအကြိမ် စကားစစ်ထိုးပွဲပြုလုပ်

အင်ဒိုနီးရှားသမ္မတလောင်းများ နောက်ဆုံးအကြိမ် စကားစစ်ထိုးပွဲပြုလုပ်
ဖေဖော်ဝါရီ ၄ ရက်က ဂျာကာတာမြို့ရှိ ဂျာကာတာကွန်ဗင်းရှင်းစင်တာတွင် ပြုလုပ်သည့် သမ္မတလောင်း စကားစစ်ထိုးပွဲတွင် သမ္မတလောင်းတစ်ဦးဖြစ်သူ ပရာဘိုဝို ဆူဘီယန်တို(ဝဲ)ကို တွေ့ရစဉ်(Photo: AFP)
ဖေဖော်ဝါရီ ၄ ရက်က ဂျာကာတာမြို့ရှိ ဂျာကာတာကွန်ဗင်းရှင်းစင်တာတွင် ပြုလုပ်သည့် သမ္မတလောင်း စကားစစ်ထိုးပွဲတွင် သမ္မတလောင်းတစ်ဦးဖြစ်သူ ပရာဘိုဝို ဆူဘီယန်တို(ဝဲ)ကို တွေ့ရစဉ်(Photo: AFP)
Published 5 February 2024

ဖေဖော်ဝါရီ ၄ ရက်က အင်ဒိုနီးရှားသမ္မတလောင်းများ၏ နောက်ဆုံးအကြိမ် စကားစစ်ထိုးပွဲ ပြုလုပ်ခဲ့ရာ ရွေးကောက်ပွဲတွင် အနိုင်ရရှိရန် ရေပန်းအစားဆုံး ဖြစ်နေသည့် သမ္မတလောင်း ပရာဘိုဝိုဆူဘီယန်တိုသည် အမျိုးသမီးများ၏ အခွင့်အရေးနှင့် မဲဆန္ဒရှင်များ၏ ဉာဏ်ရည်အပေါ် မှတ်ချက်ပြုပြောဆိုမှုများကြောင့် အပြင်းအထန်ဝေဖန်ခံခဲ့ရကြောင်း သိရသည်။

ကမ္ဘာ့တတိယအကြီးဆုံး ဒီမိုကရေစီနိုင်ငံဖြစ်သည့် အင်ဒိုနီးရှားတွင် လာမည့်ဖေဖော်ဝါရီ ၁၄ ရက်၌ သမ္မတရွေးကောက်ပွဲနှင့် ဥပဒေပြုလွှတ်တော် ရွေးကောက်ပွဲများကို ကျင်းပမည်ဖြစ်ကာမဲပေးခွင့်ရှိသူ ၂၀၅ သန်းနီးပါးရှိသည်။

ကာကွယ်ရေးဝန်ကြီး ပရာဘိုဝို ဆူဘီယန်တို၊ အလယ်ပိုင်းဂျာဗားပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း ဂန်ဂျာ ပရာနို၀ိုနှင့် ဂျာကာတာ အုပ်ချုပ်ရေးမှူးဟောင်း အနီးစ်ဘာစ်ဝီဒန်တို့က ရာထူးမှထွက်ခွာတော့မည့် အလွန်လူကြိုက်များသော သမ္မတဂျိုကိုဝီဒိုဒို၏ နေရာကိုဆက်ခံနိုင်ရန် အပြိုင်အဆိုင်ကြိုး ပမ်းသွားမည်ဖြစ်သည်။

ဝီဒိုဒိုသည် ကမ္ဘာပေါ်တွင် မွတ်စလင်လူဦးရေအများဆုံးဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံကို ဆယ်စုနှစ်တစ်ခုကြာ အုပ်ချုပ်ခဲ့ပြီးနောက်လာမည့်ရွေးကောက်ပွဲတွင် ထပ်မံယှဉ်ပြိုင်ခွင့်မရှိတော့ပေ။

လက်ရှိကာကွယ်ရေးဝန်ကြီးဖြစ်ပြီး သမ္မတလောင်းအဖြစ် တတိယအကြိမ်ရွေးကောက်ခံမည့် ဆူဘီယန်တိုသည် လူထုသဘောထား စစ်တမ်းများတွင် ထိပ်ဆုံးမှ ဦးဆောင်နေမှုသည် လက်ရှိသမ္မတ ဝီဒိုဒို၏သားဖြစ်သူ ဂီဘရန် ရာကာဘူမင် ရာကာကို ဒုသမ္မတလောင်းအဖြစ် ရွေးချယ်ခဲ့ပြီးနောက်တွင် ပိုမိုအားကောင်းလာခဲ့သည်။

သို့သော် စကားစစ်ထိုးပွဲ သုံးကြိမ်တွင် နောက်ဆုံးအကြိမ် ပြုလုပ်ခဲ့သည့် စကားစစ်ထိုးပွဲတွင် ဆူဘီယန်တိုကို ပြိုင်ဘက်များဖြစ်သည့် အနီးစ် ဘာစ်ဝီဒန်နှင့် ဂန်ဂျာပရာနို၀ို တို့က ပြင်းပြင်းထန်ထန် ဝေဖန်ထိုးနှက်ခဲ့သည်။

အလယ်ပိုင်းဂျာဗားပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း ဂန်ဂျာသည် ဆူဘီယန်တိုနှင့် မတိမ်းမယိမ်း အနေအထားတွင်ရှိနေသည့်အတွက် ဒုတိယအကျော့ ပြန်လည်ယှဉ်ပြိုင်ရဖွယ်ရှိကြောင်း လူထုစစ်တမ်းများအရ သိရသည်။

နေ့လယ်စာ အခမဲ့ရရှိခြင်းထက် အင်တာနက် အခမဲ့ရရှိခြင်းကိုသာ လိုလားနေသူများသည် ဉာဏ်ရည်မထက်မြက်သူများ ဖြစ်သည်ဟု ဆူဘီယန်တိုက ပြီးခဲ့သည့်လတွင် ပြောကြားခဲ့ခြင်းကို ပရာနိုဝိုက ဝေဖန်ခဲ့သည်။

“ဆင်းရဲနွမ်းပါးသူတွေအတွက် အင်တာနက် အခမဲ့ရရှိရေးနဲ့ အစားအသောက်တွေ အခမဲ့ရရှိရေး ဘယ်ဟာက ပိုအရေးကြီးပါသလဲ” ဟု ဆူဘီယန်တိုက မေးခွန်းထုတ်ခဲ့သည်။

နောက်ထပ်ပြိုင်ဘက် သမ္မတလောင်းတစ်ဦးဖြစ်သည့် ဘာစ်ဝီဒန်ကလည်း လက်ရှိအစိုးရလက်ထက်တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများမြင့်တက်နေခြင်းနှင့်ပတ်သက်၍ ဆူဘီယန်တိုကို မေးခွန်းထုတ်ခဲ့သည်။

“အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု အခြေအနေဟာတော်တော့်ကိုမြင့်တက်လာပါတယ်။ အဲဒီအခြေအနေအားလုံးကို ပြတ်ပြတ်သားသား ကိုင်တွယ်ရမှာဖြစ်တယ်”ဟုလည်း ၎င်းက ပြောကြားသည်။

ဆူဘီယန်တိုက ၎င်းရွေးကောက်ခံရမည်ဆိုလျှင် အမျိုးသမီးများကို အကာအကွယ်ပေးရန် ပိုမိုလုပ်ဆောင်မည်ဖြစ်ကြောင်းနှင့် အမျိုးသမီးအခွင့်အရေးဆိုင်ရာ NGO အဖွဲ့အစည်းများကို ပံ့ပိုးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

လက်ရှိအစိုးရသည် ဝင်ငွေနည်းပါးသည့် မဲဆန္ဒရှင်များကိုဆွဲဆောင်ရန်အတွက် ရွေးကောက်ပွဲမတိုင်မီ လူမှုရေးအထောက်အပံ့များကို တိုးမြှင့်နေသည်ဟု ဘာစ်ဝီဒန်ကစွပ်စွဲခဲ့သည်။ အင်ဒိုနီးရှား သမ္မတရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမှုများကို နိုဝင်ဘာ ၂၈ ရက်က တရားဝင်စတင်ပြုလုပ်ခဲ့သည်။

Ref: AFP

         

         

 

Most Read

Most Recent