အလွန်ကြီးမားသော ဒုံးကျည်ထိပ်ဖူးများ တပ်ဆင်ထားသည့် ခရုစ်ဒုံးကျည်များနှင့် လေယာဉ်ပစ်ဒုံးကျည် အမျိုးအစားသစ်တို့ကို စမ်းသပ်ခဲ့ဟု မြောက်ကိုရီးယား ပြောကြား

အလွန်ကြီးမားသော ဒုံးကျည်ထိပ်ဖူးများ တပ်ဆင်ထားသည့် ခရုစ်ဒုံးကျည်များနှင့် လေယာဉ်ပစ်ဒုံးကျည် အမျိုးအစားသစ်တို့ကို စမ်းသပ်ခဲ့ဟု မြောက်ကိုရီးယား ပြောကြား
ဖေဖော်ဝါရီ ၂ ရက်က ကိုရီးယားပင်လယ် အနောက်ပိုင်းတွင် မြောက်ကိုရီးယားက လေယာဉ်ပစ်ဒုံးကျည်  စမ်းသပ်နေပုံကို နိုင်ငံပိုင်မီဒီယာက ထုတ်ပြန်သည့်ဓာတ်ပုံတွင် တွေ့ရစဉ်(Photo: AFP)
ဖေဖော်ဝါရီ ၂ ရက်က ကိုရီးယားပင်လယ် အနောက်ပိုင်းတွင် မြောက်ကိုရီးယားက လေယာဉ်ပစ်ဒုံးကျည်  စမ်းသပ်နေပုံကို နိုင်ငံပိုင်မီဒီယာက ထုတ်ပြန်သည့်ဓာတ်ပုံတွင် တွေ့ရစဉ်(Photo: AFP)
Published 3 February 2024

အလွန်ကြီးမားသော ဒုံးကျည်ထိပ်ဖူးအသစ်များ တပ်ဆင်ထားသည့် ခရုစ်ဒုံးကျည်များနှင့် လေယာဉ်ပစ်ဒုံးကျည်အမျိုးအစားသစ်တို့ကို စမ်းသပ်ခဲ့ကြောင်း မြောက်ကိုရီးယားက ဖေဖော်ဝါရီ ၃ ရက်တွင် ပြောကြားခဲ့သည်။

မြောက်ကိုရီးယားက စစ်လက်နက်အင်အား ပြသမှုများကို ဆက်တိုက်လုပ်ဆောင်လာခြင်းကြောင့် ပြိုင်ဘက် တောင်ကိုရီးယားကို စိုးရိမ်မှုများဖြစ်ပေါ်စေခဲ့သည်။

အနောက်ဘက်ကမ်းလွန် ရေပြင်ထဲသို့ မြောက်ကိုရီးယားက ခရုစ်ဒုံးကျည် အများအပြားပစ်လွှတ်ခဲ့သည်ကို ထောက်လှမ်းတွေ့ရှိခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ်က ပြောကြားခဲ့ပြီး တစ်ရက်အကြာ ဖေဖော်ဝါရီ ၃ ရက်တွင် မြောက်ကိုရီးယားနိုင်ငံပိုင်မီဒီယာ၏ ထုတ်ပြန်ချက် ပေါ်ပေါက်လာခြင်းဖြစ်သည်။

ယင်းသည် ၂၀၂၄ ခုနှစ်တွင် ၎င်းလက်နက်အမျိုးအစား စမ်းသပ်မှုကို စတုတ္ထအကြိမ်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ဇန်နဝါရီ ၃၀ ရက်ကလည်း မြောက်ကိုရီးယားသည် ၎င်းတို့၏ အနောက်ဘက်ကမ်းလွန် ရေပြင်ထဲသို့ ခရုစ်ဒုံးကျည်များ ထပ်မံပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ်က ပြောကြားခဲ့သည်။

ရေငုပ်သင်္ဘောမှ ပစ်လွှတ်ရန် တီထွင်ထားသည်ဟုဆိုသော Pulhwasal-3-31 ခရုစ်ဒုံးကျည်စမ်းသပ်မှုများကို ဇန်နဝါရီ ၂၄ ရက်နှင့် ၂၈ ရက်တို့တွင် လုပ်ဆောင်ခဲ့ပြီးနောက် မြောက်ကိုရီးယားက ယင်းစမ်းသပ်မှုကို ထပ်မံပြုလုပ်ခဲ့ခြင်းဖြစ်သည်။

မြောက်ကိုရီးယားသည် မကြုံဖူးလောက်သည့် အရှိန်အဟုန်ဖြင့် လက်နက်တီထွင်မှုများ လုပ်ဆောင်လျက်ရှိပြီး တစ်ချိန်တည်းတွင် တောင်ကိုရီးယား၊ ဂျပန်နှင့် အမေရိကန်တို့အပေါ် ရန်လိုသည့် နျူကလီးယားခြိမ်းခြောက် မှုများ လုပ်ဆောင်ခဲ့ပြီးနောက် ကိုရီးယားကျွန်းဆွယ်တွင် နှစ်အတန်ကြာအတွင်း တင်းမာမှုများ အရှိန်အမြင့်ဆုံး ဖြစ်လာခဲ့သည်။

ကမ်းစပ်တွင် ပြုလုပ်ထားသည့် ပစ်မှတ်တစ်ခုကို အနိမ့်ပျံ ခရုစ်ဒုံးကျည်တစ်စင်းဖြင့် ပစ်ခတ်ချေမှုန်းခဲ့ပြီး နောက်ထပ်ဒုံးကျည်တစ်စင်းသည်လည်း မြေပြင်မှပစ်လွှတ်ပြီးနောက်  လေထဲသို့ပျံတက်သွားသည့် ဓာတ်ပုံများကို မြောက်ကိုရီးယားက ထုတ်ဖော်ပြသခဲ့သည်။

မြောက်ကိုရီးယားသည် ခရုစ်ဒုံးကျည်များတွင် တပ်ဆင်ပစ်ခတ်သည့် အရွယ်အစားပိုကြီးသော ဒုံးကျည်ထိပ်ဖူးများ တီထွင်နေမှုကို ထုတ်ဖော်ကြေညာလျက် ယင်းဒုံးကျည်များတွင် နျူကလီးယား လက်နက်များတပ်ဆင် အသုံးပြုရန် အလေးထားလုပ်ဆောင်လာဖွယ်ရှိသည်။

မြောက်ကိုရီးယား နိုင်ငံပိုင်မီဒီယာက စမ်းသပ်ခဲ့သည့် ဒုံးကျည်အရေအတွက်ကို အတိအကျ ဖော်ပြခြင်းမရှိသကဲ့သို့ ၎င်းတို့၏ စွမ်းဆောင်ရည်နှင့် ပတ်သက်၍လည်းအသေးစိတ် ဖော်ပြခဲ့ခြင်းမရှိဘဲ ယင်းသို့လက် နက်စမ်းသပ်မှုများသည် စစ်ဘက်ဆိုင်ရာတီထွင်မှုများအတွက် သာမန်လုပ်ဆောင်မှုများသာ ဖြစ်သည့်အလျောက် အိမ်နီးချင်းနိုင်ငံများ၏ လုံခြုံရေးကို ထိခိုက်စေခဲ့ခြင်းမရှိဟု ဆိုသည်။

ခရုစ်ဒုံးကျည်များသည် ဂျက်တွန်းကန်အားဖြင့် ပျံသန်းပြီး ပိုမိုအဆင့်မြင့်သည့် ပဲ့ထိန်းဒုံးကျည်များထက် အနိမ့်ပျံသန်းနိုင်သည့်အတွက် ကြားဖြတ်ပစ်ချရန် ပိုမိုခဲယဉ်းသည်။ ခရုစ်ဒုံးကျည်စမ်းသပ်ခြင်းကို ကုလသမဂ္ဂ၏ မြောက်ကိုရီးယားအပေါ် ဒဏ်ခတ်အရေးယူမှုများတွင် တားမြစ်ထားခြင်းမရှိပေ။

Ref: AP

Most Read

Most Recent