အလုံးစုံအောင်ပွဲ မရမချင်း အစ္စရေးစစ်သားများကို ဂါဇာမှ ရုပ်သိမ်းမည်မဟုတ်ဟု အစ္စရေးဝန်ကြီးချုပ်က ထပ်လောင်းပြောကြား

အလုံးစုံအောင်ပွဲ မရမချင်း အစ္စရေးစစ်သားများကို ဂါဇာမှ ရုပ်သိမ်းမည်မဟုတ်ဟု အစ္စရေးဝန်ကြီးချုပ်က ထပ်လောင်းပြောကြား
အစ္စရေးအစိုးရအဖွဲ့အစည်းအဝေးတွင် ဝန်ကြီးချုပ် နေတန်ယာဟု ရှင်းလင်းပြောကြားနေပုံကို ဇန်နဝါရီ ၇ ရက်တွင် တွေ့ရစဉ် (Photo:Reuters)
အစ္စရေးအစိုးရအဖွဲ့အစည်းအဝေးတွင် ဝန်ကြီးချုပ် နေတန်ယာဟု ရှင်းလင်းပြောကြားနေပုံကို ဇန်နဝါရီ ၇ ရက်တွင် တွေ့ရစဉ် (Photo:Reuters)
Published 31 January 2024

အလုံးစုံအောင်ပွဲမရမချင်း အစ္စရေးစစ်သားများကို ဂါဇာမှ ရုပ်သိမ်းသွားမည်မဟုတ်ဟု အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ထပ်လောင်းပြောကြားလိုက်သည်ဟု ရိုက်တာသတင်းဌာနက ဖော်ပြခဲ့သည်။

ကြားဝင်စေ့စပ်ပေးသော နိုင်ငံများနှင့် အစ္စရေးတို့ ဆွေးနွေးခဲ့ကြပြီးနောက် ကြားဝင်ဖျန်ဖြေပေးသူများက တင်ပြလာသော အဆိုပြုချက်ကို မိမိတို့ လက်ခံရရှိသည်ဟု ဇန်ဝါရီ ၃၀ ရက်တွင် ဟားမာ့စ်က ပြောကြားခဲ့သည်။ 

ဂါဇာ၌ အပစ်အခတ်ရပ်စဲရေးနှင့် အစ္စရေး ဓားစာခံများ ပြန်လည်လွတ်မြောက်ရေးတို့အတွက် အဆိုပြုချက်ကို ဟားမာ့စ်ထံပေး ပို့လိုက်သည်ဟု ကြားဝင်ဖျန်ဖြေပေးနေသော ကာတာက ဇန်နဝါရီ ၂၉ ရက်တွင်ပြောကြားခဲ့သည်။

အီဂျစ်၊ ကာတာ၊ အစ္စရေးတာဝန်ရှိသူများသာမက စီအိုင်အေ အကြီးအကဲသည်လည်း ဂါဇာ၌ အပစ်အခတ်ရပ်စဲရေးအတွက်  ဇန်နဝါရီ ၂၈ ရက်တွင် ပြင်သစ်မြို့တော်ပါရီတွင် ဆွေးနွေးခဲ့ကြသည်ဟု ယင်းဆွေးနွေးပွဲကို တက်ရောက်ခဲ့သူများနှင့်နီးစပ်သည့် တာဝန်ရှိသူများက ထုတ်ဖော်ပြောကြားခဲ့သည်။

မော့ဆက်ထောက်လှမ်းရေးအဖွဲ့၏အကြီးအကဲနှင့်ရှင်းဘက် လုံခြုံရေးဌာနက အကြီးအကဲတို့ တက်ရောက်ခဲ့သော ပါရီဆွေးနွေးပွဲသည်အပြုသဘောဆောင်သည်ဟု အစောပိုင်းတွင် အစ္စရေးက ပြောကြားခဲ့သည်ဆိုသော်လည်း အလုံးစုံအောင်ပွဲ မရမချင်း အစ္စရေးစစ်သားများကို ဂါဇာမှ ရုပ်သိမ်း သွားမည်မဟုတ်ဟု အစ္စရေးဝန်ကြီးချုပ်က ထပ်လောင်းပြောကြားခဲ့သည်။

အောက်တိုဘာ ၇ ရက်တွင် ဟားမာ့စ်ကအစ္စရေးကို နယ်စပ်ဖြတ်ကျော်ပြီး အလစ် အငိုက်တိုက်ခိုက်ခဲ့ခြင်းကြောင့် အစ္စရေးတွင် အရပ်သားအများစုဖြစ်သည့်လူ ၁,၂၀၀ သေဆုံးခဲ့ပြီးလူ ၂၅၃ဦး ပြန်ပေးဆွဲခံခဲ့ရသည်ဟု အစ္စရေးဘက်က ပြောကြားထားသည်။ သို့ရာတွင် စစ်ပွဲအပြီးတိုင် ရပ်ရေးအတွက် ပိုမိုကျယ်ပြန့်သော အပေးအယူတစ်ရပ်အဖြစ်သာ ကျန်ရှိနေသော ဓားစာခံများကို ပြန် လွှတ်ပေးမည်ဟု ဟားမာ့စ်က ပြောကြားသည်။

ဂါဇာစစ်ပွဲစတင်ပြီးနောက်ပိုင်း အစ္စရေးတိုက်ခိုက်မှုများကြောင့် ဂါဇာတွင် သေဆုံးသူ စုစုပေါင်းသည် ၂၆,၆၃ရဦးရှိသည်ဟု ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ ဂါဇာတွင် သေဆုံးသူအများစုမှာ အမျိုးသမီးများနှင့် ကလေးများဖြစ်သည်ဟု ဂါဇာကျန်းမာရေးတာဝန်ရှိသူများက ထုတ်ပြန် ချက်တွင်ဖော်ပြထားသည်။ ၂၀၀၇ ခုနှစ်ကတည်းက ဂါဇာကို အုပ်ချုပ်နေသော ဟားမာ့စ်  စစ်သွေးကြွအုပ်စု အမြစ်ပြုတ်သွားသည်အထိ တိုက်ခိုက်မှုများကို ရပ်သွားမည်မဟုတ်ဟု အစ္စရေးက ပြောကြားခဲ့သည်။

ကြားဝင်စေ့စပ်ပေးသူများက ပေးပို့လာသော အဆိုပြုချက်ကို လက်ခံရရှိခဲ့သည်ဟု ဟားမာ့စ်အကြီးတန်းတာဝန်ရှိသူက ဇန်နဝါ ရီ ၃၀ ရက်တွင် ရိုက်တာသတင်းဌာနကို ပြောကြားခဲ့သည်။ အဆိုပြုချက်သည် အဆင့်သုံးဆင့်ပါဝင်သာ အပစ်အခတ်ရပ်စဲမှု ပါဝင်သည်ဟု ဆိုသည်။

အဆိုပါအဆင့်များသည် အချိန်မည်မျှ ကြာမြင့်မည် သို့မဟုတ် နောက်ဆုံးအဆင့်တွင် ပါဝင်လာမည့် အရာတို့ကို အမည်မဖော်လိုသူ ဟားမာ့စ်အကြီးတန်းတာဝန်ရှိသူက ပြောကြားခြင်းမရှိပေ။

အခြားဟားမာ့စ် အကြီးတန်းတာဝန်ရှိသူ တာဟာအယ်လ်နူနူက ၎င်းသည် ယာယီအပစ်အခတ်ရပ်စဲရေးကို အလိုမရှိဘဲလုံးဝအ ပစ်ရပ်စဲရေးကို အလိုရှိသည်ဟုပြောကြားခဲ့သည်။ တိုက်ပွဲရပ်သွားသည်နှင့် တစ်ပြိုင် တည်း  ဓားစာခံများ ပြန်လွှတ်ပေးရေးအပါအဝင် အသေးစိတ်ကိစ္စများထဲက ကျန်သောအချက်များကို ဆွေးနွေးနိုင်သည်ဟု ၎င်းက ပြောကြားခဲ့သည်။      

အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုသည် စစ်ပွဲပြီးဆုံးရေး လမ်းကြောင်းကိုလိုက်ရန် မဟာမိတ်အမေရိကန်၏ဖိအားပေးခြင်းကို ခံနေရသည့်အပြင် ဓားစာခံများ ပြန်လည် လွတ်မြောက်ရေးအတွက် ဆောင်ရွက်ပေးရန် ဓားစာခံမိသာစုများ၏ ဖိအားပေးမှုကိုလည်း ရင်ဆိုင်နေရသည်။                 Reuters

Most Read

Most Recent