ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်းနှင့် ဇနီး အဂတိလိုက်စားမှုစွဲချက်ဖြင့် ထောင်ဒဏ် ၁၄ နှစ် ချမှတ်ခံရ

ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်းနှင့် ဇနီး အဂတိလိုက်စားမှုစွဲချက်ဖြင့် ထောင်ဒဏ် ၁၄ နှစ် ချမှတ်ခံရ
၂၀၂၃ ခုနှစ် မတ် ၁၅ ရက်က လာဟိုးမြို့ရှိ ၎င်း၏နေအိမ်တွင် အေအက်ဖ်ပီသတင်းဌာနနှင့် အင်တာဗျူးပြုလုပ်နေသည့် အီမရန်ခန်းကို တွေ့ရစဉ် (Photo:AFP)
၂၀၂၃ ခုနှစ် မတ် ၁၅ ရက်က လာဟိုးမြို့ရှိ ၎င်း၏နေအိမ်တွင် အေအက်ဖ်ပီသတင်းဌာနနှင့် အင်တာဗျူးပြုလုပ်နေသည့် အီမရန်ခန်းကို တွေ့ရစဉ် (Photo:AFP)
Published 31 January 2024

ပါကစ္စတန်နိုင်ငံတွင် ရွေးကောက်ပွဲများ မပြုလုပ်မီ သီတင်းတစ်ပတ်အလိုတွင် ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်းနှင့် ၎င်း၏ဇနီးသည် အဂတိလိုက်စားမှုစွဲချက်ဖြင့် ဇန်နဝါရီ ၃၀ ရက်က ထောင်ဒဏ် ၁၄ နှစ် ချမှတ်ခံခဲ့ရသည်။

အီမရန်ခန်းသည် နိုင်ငံတော်လျှို့ဝှက်ချက် ပေါက်ကြားစေမှုနှင့် ဆက်နွှယ်သည့် အမှုတစ်ခုဖြင့် ဇန်နဝါရီ ၂၉ ရက်တွင် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံခဲ့ရပြီးနောက် တစ်ရက်အကြာတွင် အဂတီလိုက်စားမှုစွဲချက်ဖြင့် ထောင်ဒဏ် ၁၄ နှစ် ထပ်မံချမှတ်ခံရခြင်းဖြစ်သည်။

ခန်းသည် ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ချိန်က တံစိုးလက်ဆောင်များ ရယူခဲ့မှုတွင် ၎င်းတို့ဇနီးမောင်နှံ ပါဝင်ပတ်သက်ကြောင်း ပြစ်မှုထင်ရှားတွေ့ရှိခဲ့သည်။

လူဦးရေ သန်း ၂၄၀ ရှိသည့် ပါကစ္စတန်တွင် ဖေဖော်ဝါရီ ၈ ရက်၌ ပြည်သူများက ဆန္ဒမဲပေးမည်ဖြစ်ကာ ရွေးကောက်ပွဲမသမာမှုများ ရှိနေသည်ဟူသော စွပ်စွဲချက်များကြောင့် ရွေးကောက်ပွဲကျင်းပရန် နှောင့်နှေး ကြန့်ကြာခဲ့ပြီး ခန်းနှင့် ၎င်း၏ PTI ပါတီသည်   ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခံခဲ့ရသည်။

“ဒါဟာ တစ်စတစ်စ ယိုယွင်းလာတဲ့ ကျွန်တော်တို့ တရားစီရင်ရေးစနစ်ရဲ့ သမိုင်းမှာ နောက်ထပ်ဝမ်းနည်းဖို့ကောင်းတဲ့ နေ့ရက်တစ်ခုဖြစ်ပါတယ်”ဟု PTI ပါတီ၏ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

ခန်းအနေနှင့် အဆိုပါ ထောင်ဒဏ်နှစ်ခုကို ပူးတွဲကျခံရမည် သို့မဟုတ် တစ်ခုပြီးမှ တစ်ခု ကျခံရမည်ဆိုခြင်းကိုမူ ရှင်းလင်းစွာ မသိရပေးပေ။

အာဒီယာလာ အကျဉ်းထောင်အတွင်း၌ပင် ခန်းကို စီရင်ချက်ချခဲ့ခြင်းဖြစ်ပြီး ခန်းသည် ပြီးခဲ့သည့်နှစ် သြဂုတ်လတွင် ဖမ်းဆီးခံရပြီးကတည်းက အချိန်အများစုကို အဆိုပါအကျဉ်း ထောင်ထဲတွင် နေထိုင်ခဲ့ရပြီး အမှုအခင်းအများအပြားနှင့် ရင်ဆိုင်နေရသည်။

ခန်း၏ ရှေ့နေဖြစ်သူ ဆယ်လ်မန်ဆက်ဖ်ဒါက ခန်းကို ၎င်း၏ဇနီးဖြစ်သည့် ဘူရှရာဘီဘီနှင့်အတူ ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု အေအက်ဖ်ပီသတင်းဌာနကို အတည်ပြုခဲ့သည်။

ဘီဘီသည် အာဏာပိုင်များထံတွင် သွားရောက်အဖမ်းခံခဲ့ခြင်းဖြစ်ကြောင်း ခန်း၏ တရားရေးအဖွဲ့ဝင်တစ်ဦးဖြစ်သူ အင်တာဇာဟူစိန်ပန်ဂျူသာက ပြောကြားခဲ့သည်။

ဘီဘီသည် ပြည်သူ့မြင်ကွင်းသို့ ထွက်ပေါ်လေ့မရှိဘဲ လူမြင်ကွင်းသို့ ထွက်သည့်အခါတိုင်းတွင်လည်း မျက်နှာတစ်ခုလုံးကို ဖုံးအုပ်ထားသည့် ဝတ်ရုံကို ဝတ်ဆင်လေ့ရှိသည်။

ခန်း ဝန်ကြီးချုပ်အဖြစ် ရွေးကောက်မခံရမီ လပိုင်းအလို ၂၀၁၈ ခုနှစ်တွင် ခန်းနှင့်ဘီဘီတို့ လက်ထပ်ခဲ့ခြင်းဖြစ်သည်။

ပါကစ္စတန်တွင်ပြုလုပ်မည့် ရွေးကောက်ပွဲတွင် ခန်းနှင့် ၎င်း၏ပါတီသည် ဝင်ရောက် ယှဉ်ပြိုင်ခွင့်မရှိသော်လည်း ထိုအကြောင်း အရာနှင့်ပတ်သက်ပြီး ငြင်းခုံမှုများ ရှိနေဆဲ ဖြစ်သည်။

ဇန်နဝါရီ ၂၉ ရက်က ဘာလိုချီစတန်ပြည်နယ် ကွက်တာမြို့တွင် PTI ပါတီထောက်  ခံသူများစုရုံးပွဲအနီးတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သဖြင့် လူလေးဦးသေဆုံးကာ ခြောက်ဦး ဒဏ်ရာရရှိခဲ့သည်။ ထိုတိုက်ခိုက်မှုကို ၎င်းတို့ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း အိုင်အက်စ်အဖွဲ့က ပြောကြားခဲ့သည်။

ခန်းကို စီရင်ချက်မချမီ နာရီပိုင်းအလိုတွင်ဖြစ်ပွားခဲ့သည့် ထိုပေါက်ကွဲမှုတွင် ၎င်းတို့ ၏ တက်ကြွလှုပ်ရှားသူ သုံးဦးသေဆုံးခဲ့ကြောင်း PTI ပါတီက ပြောကြားခဲ့သည်။

ခန်းသည် ၂၀၁၈ မှ ၂၀၂၂ ခုနှစ်အထိ ဝန်ကြီးချုပ်တာဝန် ထမ်းဆောင်ခဲ့သော်လည်း ပါကစ္စတန်စစ်တပ်၏ ထောက်ခံမှုကို ဆုံးရှုံးခဲ့ပြီးနောက် လွှတ်တော်တွင် အယုံအကြည်မရှိ အဆိုမဲခွဲဆုံးဖြတ်မှုဖြင့် ဖြုတ်ချခံခဲ့ရသည်။

သူသည် အတိုက်အခံခေါင်းဆောင်အဖြစ် စစ်တပ်ထိပ်ပိုင်း အရာရှိကြီးများကို ဆန့်ကျင်အာခံသည့် မကြုံစဖူး စည်းရုံးလှုံ့ဆော်မှုများကို ပြုလုပ်ခဲ့ပြီး ၎င်းအရာရှိများသည် အမေရိကန်က ကျောထောက်နောက်ခံပေးထားသည့် လျှို့ဝှက်ကြံစည်မှုဖြင့် မိမိကို လုပ်ကြံရန် ကြိုးပမ်းခဲ့သည်ဟုလည်း စွပ်စွဲခဲ့သည်။

Ref:AFP

Most Read

Most Recent