အချုပ်အခြာအာဏာ ခြိမ်းခြောက်ခံရမည်ဆိုပါက နျူကလီးယားလက်နက်များအသုံးပြုရန် အသင့်ရှိကြောင်း ရုရှားသမ္မတ ပူတင် ပြောကြား

အချုပ်အခြာအာဏာ ခြိမ်းခြောက်ခံရမည်ဆိုပါက နျူကလီးယားလက်နက်များအသုံးပြုရန် အသင့်ရှိကြောင်း ရုရှားသမ္မတ ပူတင် ပြောကြား
မတ် ၁၂ ရက်က ကရင်မလင်နန်းတော်တွင် ရုရှားနိုင်ငံပိုင် ရုပ်သံနှင့် အင်တာဗျူးပြုလုပ်နေသည့် ရုရှားသမ္မတ ဗလာဒီမာပူတင်ကို တွေ့ရစဉ်(Photo:AFP)
မတ် ၁၂ ရက်က ကရင်မလင်နန်းတော်တွင် ရုရှားနိုင်ငံပိုင် ရုပ်သံနှင့် အင်တာဗျူးပြုလုပ်နေသည့် ရုရှားသမ္မတ ဗလာဒီမာပူတင်ကို တွေ့ရစဉ်(Photo:AFP)
Published 14 March 2024

ရုရှားအနေဖြင့် မိမိတို့၏ အချုပ်အခြာအာဏာ သို့မဟုတ် လွတ်လပ်မှုကို ခြိမ်းခြောက်ခံရမည်ဆိုပါက နျူကလီးယားလက်နက်များအသုံးပြုရန် အသင့်ရှိကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က မတ် ၁၃ ရက်က ပြောကြားခဲ့သည်။

ပူတင်သည် နောက်ထပ် ခြောက်နှစ်သက်တမ်းကို အနိုင်ရရှိရန် သေချာသလောက်ရှိနေသည့် ရွေးကောက်ပွဲမတိုင်မီ ရက်ပိုင်းအလိုတွင် အနောက်နိုင်ငံများကို နောက်ထပ်ပွင့်လင်းသည့် သတိပေးချက်တစ် ခု ထုတ်ပြန်ခဲ့ခြင်းလည်းဖြစ်သည်။

ရုရှားသည် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်က ယူကရိန်းကို အင်ပြည့်အားပြည့် စစ်ပွဲဆင်နွှဲခဲ့ပြီးကတည်းက နျူကလီးယား လက်နက်များ အသုံးပြုရန် အသင့်ရှိကြောင်း ပူတင်က ထပ်တလဲလဲပြောကြားခဲ့သည်။

ပြီးခဲ့သည့်လကလည်း ပူတင်သည် နိုင်ငံတော်မိန့်ခွန်းအတွင်း အလားတူ ခြိမ်းခြောက်မှုပြုလုပ်ခဲ့ပြီး အနောက်နိုင်ငံများအနေဖြင့် ယူကရိန်းတွင် တိုက်ပွဲများ၌ ပိုမိုပါဝင်လာမည်ဆိုပါက နျူကလီးယား စစ်ပွဲဖြစ်ပွားမည့် အန္တရာယ်ရှိလာနိုင်ကြောင်း သတိပေးခဲ့သည်။

မတ် ၁၃ ရက်တွင် နိုင်ငံပိုင် ရုပ်သံက ထုတ်လွှင့်ခဲ့သည့် အင်တာဗျူးတွင် ပူတင်အနေဖြင့် ယူကရိန်းတွင် နျူကလီးယားလက်နက်များကို အသုံးပြုရန် စဉ်းစားခဲ့ခြင်းရှိမရှိ မေးမြန်းခံရချိန်တွင် ပူတင်က ထိုသို့ လုပ်ဆောင် ရန် မလိုအပ်ခဲ့ကြောင်း ဖြေကြားခဲ့သည်။

ကမ္ဘာကြီးသည် နျူကလီးယားစစ်ပွဲဆီသို့ ဦးတည်နေသည်ဟု ၎င်းအနေဖြင့် မယူဆကြောင်း ပူတင်က ပြောကြားခဲ့ပြီး အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် တင်းမာမှုများမြင့်တက်မှု၏ ဖြစ်လာနိုင်ခြေရှိသည့် အန္တရာယ်များကို အပြည့်အဝနားလည်သည့် ၀ါရင့်နိုင် ငံရေးသမားတစ်ဦးဖြစ်ကြောင်း ပြောကြားခဲ့သည်။

ပူတင်၏ မှတ်ချက်စကားများနှင့်ပတ်သက်ပြီး ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က တုံ့ပြန်ရာတွင် ယခုကဲ့သို့ ပြောဆိုမှုများသည် နားလည်မှုလွဲမှားစေခြင်း သို့မဟုတ် တင်းမာမှုများကိ မြင့်တက် စေခြင်းတို့ ဖြစ်စေနိုင်ပြီး ကမ္ဘာက ရှောင်လွှဲရ မည့် ကြီးမားသော အကျိုးသက်ရောက်မှုများကို ဖြစ်စေနိုင်သည်ဟု ပြောကြားခဲ့ကြောင်း ၎င်း၏ ပြောရေးဆိုခွင့်ရှိသူ စတီဖန်ဒူဂျာရစ်က ဆိုသည်။

ပူတင်၏ မှတ်ချက်စကားများအရ သူသည် ယူကရိန်းတွင် အသာစီးရထားသည့် နေရာများကို ကာကွယ်ရန် နည်းလမ်းအားလုံး အသုံးပြုရန် ပြင်ဆင်ထားသည့်အကြောင်းကို အနောက်နိုင်ငံများအား အမှာစကားပါးခဲ့ခြင်းဖြစ်နိုင်သည်ဟု ကျွမ်းကျင်သူများက ပြောသည်။

နိုင်ငံ၏ လုံခြုံရေးမူဝါဒနှင့်အညီ ရုရှားအစိုးရသည် မိမိတို့၏ အချုပ်အခြာအာဏာ၊ လွတ်လပ်ခွင့်နှင့် ရုရှားနိုင်ငံ၏ တည်ရှိမှုအပေါ် ခြိမ်းခြောက်ခံရသည့် အခြေအနေမျိုးတွင် နျူကလီးယားလက်နက်များကို အသုံးပြုရန် အသင့်ရှိကြောင်း ပူတင်က ပြောကြားခဲ့သည်။

“ကျွန်တော်တို့ရဲ့ မဟာဗျူဟာထဲမှာ ဒါတွေအားလုံး ရေးဆွဲပြီးပါပြီ။ ဒါကို ကျွန်တော်တို့ ပြောင်းလဲခဲ့ခြင်းမရှိပါဘူး”ဟု ပူတင်က ပြောသည်။

ထို့ပြင် ရုရှားနှင့်ပတ်သက်ပြီး နောက်ဆုံး စည်းသတ်မှတ်ချက်များ မရှိကြောင်း ပြောကြားထားသည့် နိုင်ငံများအနေဖြင့် ရုရှားကလည်း ယင်းနိုင်ငံများနှင့်ပတ်သက်ပြီး နောက်ဆုံးစည်း သတ်မှတ်ချက်များ ရှိမည်မဟုတ်ကြောင်း ပူတင်က နေတိုးမဟာမိတ်နိုင်ငံများကို ရည်ညွှန်းဖွယ်ရှိသည့်အနေဖြင့် ပြောကြား ခဲ့သည်။                Ref:AP

Most Read

Most Recent