ပုဂံရှိ ရွှေဆံတော်ဘုရားတွင် မိုးကြိုးလွှဲ တပ်ဆင်ရန် တူးဖော်ထားသော ကြမ်းခင်းများသည် ခေတ်သစ် အုတ်များနှင့် ကျောက်ပြားများဖြင့် ပြန်လည်စီခင်းထားသည့် ကြမ်းခင်းများ ဖြစ်ဟုဆို

ပုဂံရှိ ရွှေဆံတော်ဘုရားတွင် မိုးကြိုးလွှဲ တပ်ဆင်ရန် တူးဖော်ထားသော ကြမ်းခင်းများသည် ခေတ်သစ် အုတ်များနှင့် ကျောက်ပြားများဖြင့် ပြန်လည်စီခင်းထားသည့် ကြမ်းခင်းများ ဖြစ်ဟုဆို
■ ပုံစာ - လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည့် ရွှေဆံတေ်ာဘုရားတွင် မိုးကြိုးလွှဲတပ်ဆင်ရန် တူးဖော်ထားနေပုံအားတွေ့ရစဉ်
■ ပုံစာ - လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည့် ရွှေဆံတေ်ာဘုရားတွင် မိုးကြိုးလွှဲတပ်ဆင်ရန် တူးဖော်ထားနေပုံအားတွေ့ရစဉ်
Published 31 January 2024

ပုဂံမြို့ရှိ ရွှေဆံတော်ဘုရားတွင် မိုးကြိုးလွှဲ တပ်ဆင်ရန် တူးဖော်ထားသော ကြမ်းခင်းများသည် မူလကြမ်းခင်းများ မဟုတ်ဘဲ ခေတ်သစ်အုတ်များနှင့် ကျောက်ပြားများဖြင့် ပြန်လည်စီခင်းထားသည့် ကြမ်းခင်းများဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။

ပုဂံ ကမ္ဘာ့ အမွေအနှစ်ဒေသတွင် ၂၀၂၃ ခုနှစ် ဇွန် ၆ ရက်တွင် မိုးရွာသွန်းမှုကြောင့် ဗူးဘုရားစေတီတော်မြတ်ကြီး မိုးကြိုးစက်ကွင်း ထိမှန်ခဲ့သဖြင့် အရေးပေါ်ထိန်းသိမ်းမှုလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် မိုးကြိုးလွှဲ တပ်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း၊ အလားတူ ၂၀၂၃ ခုနှစ် စက်တင်ဘာ ၁၇ ရက်တွင် ဓမ္မရာဇက စေတီတော်မြတ်ကြီးအား မိုးကြိုးစက်ကွင်း ထိမှန်ခဲ့မှုများ ထပ်မံဖြစ်ပေါ်ခဲ့ကြောင်း နစက မှ ထုတ်ပြန်သည်။

ထို့ကြောင့် ပုဂံ ကမ္ဘာ့ အမွေအနှစ်ဒေသအတွင်းရှိ ရှေးဟောင်းအဆောက်အအုံများအား မိုးကြိုးစက်ကွင်းထိမှန်ခြင်းမှ ကာကွယ်နိုင်ရန် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲနှင့် ဆက်စပ်ဌာနများ ပူးပေါင်း၍ ကွင်းဆင်းလေ့လာချက်အရ ရှေးဟောင်းလက်ရာ ထူးခြားကျန်ရှိမှုအဆင့်နှင့်ဉာဏ်တော်မြင့်မားသည့် ဘုရား (၁၁)ဆူ၌ မိုးကြိုးစက်ကွင်းဒဏ်မှ ကြိုတင်ကာကွယ်ရန်အတွက် မိုးကြိုးလွှဲတပ်ဆင်ရန် လိုအပ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့ခြင်းကြောင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်မှစ၍ အဆိုပါ ဘုရား (၁၁)ဆူအား မိုးကြိုးလွှဲတပ်ဆင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း နစကမှ ထုတ်ပြန်သည်။

မိုးကြိုးလွှဲတပ်ဆင်မည့် ဘုရား (၁၁)ဆူတွင် ရွှေဆံတော်ဘုရားလည်း ပါဝင်ပြီး မိုးကြိုးလွှဲအား ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ တပ်ဆင်ခြင်းဖြစ်ကြောင်း၊ မိုးကြိုးလွှဲအား ဘုရား၏ အပေါ်ဘက်ဆုံး ပန်းလယ်တိုင်၌ တွဲဖက်တပ်ဆင်ခြင်းဖြစ်ပြီး ၅၀ မီလီမီတာ ကြေးကြိုးကို အသုံးထားရာ ယင်းကြေးကြိုးအား ဘုရားနှင့်လွတ်ကင်းရာတွင် အပ်ကြိုးအဖြစ် ထားရှိရမည်ဖြစ်ကြောင်း၊ ယခုတူးဖော်ထားသော ရွှေဆံတော်ဘုရား၏ ကြမ်းခင်းများသည် မူလကြမ်းခင်းများ မဟုတ်ဘဲ ခေတ်သစ်အုတ်များနှင့် ကျောက်ပြားများဖြင့် ပြန်လည်စီခင်းထားသည့် ကြမ်းခင်းများဖြစ်ကြောင်း နစကမှ ထုတ်ပြန်သည်။

မိုးကြိုးလွှဲ တပ်ဆင်ခြင်းလုပ်ငန်း မဆောင်ရွက်မီ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန အနေဖြင့် Assessment ကောက်ယူ၍ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း၊ ရွှေဆံတော်ဘုရားတွင် မိုးကြိုးလွှဲတပ်ဆင်ခြင်း လုပ်ငန်းကို အဆောက်အဦဦးစီးဌာနက ဇန်နဝါရီ ၂၁ ရက်မှစတင် ဆောင်ရွက်လျက်ရှိပြီး အဆိုပါကြိုးအား မြေမြှုပ်ရန်အတွက် အကျယ် (၆)လက်မ၊ အနက် (၈)လက်မ၊ ဘုရားရင်ပြင်တွင် အလျား (၂၄)ပေ၊ မြေပြင်တွင် အလျား (၆)ပေ လိုင်းကျင်း တူးခဲ့ခြင်းဖြစ်ကြောင်း နစကမှ ထုတ်ပြန်သည်။

လူမှုကွန်ရက်တွင် ဖော်ပြထားသည့် ဓာတ်ပုံနေရာတွင် လိုင်းကျင်းတူးခြင်းကို ဇန်နဝါရီ ၂၁ ရက် ၉ နာရီအချိန်ခန့်တွင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ဘုရားဖူးဧည့်သည် အများအပြား မရှိမီ လုပ်ငန်းမြန်ဆန်စေရေး လုပ်ငန်းခွင် အကာအရံမပြုလုပ်ဘဲ တူးဖော်ခဲ့ခြင်းဖြစ်ကြောင်း၊ ဇန်နဝါရီ ၃၀ ရက်တွင် ကွင်းဆင်းစစ်ဆေးချက်အရ လိုင်းကျင်းတွင် အပ်ကြိုး (ကြေးကြိုး)အား မြေမြှုပ်ပြီးဖြစ်၍ နဂိုမူလကြမ်းခင်းအတိုင်း အုတ်များ ပြန်လည်စီထားပြီးဖြစ်ကြောင်း နစကမှ ထုတ်ပြန်သည်။ 

ရွှေဆံတော်ဘုရား မိုးကြိုးလွှဲတပ်ဆင်ခြင်းလုပ်ငန်း ၁၀၀ ရာခိုင်နှုန်း ပြီးစီပြီဖြစ်ကြောင်းနှင့် ဘုရားတစ်ဆူလုံး မိုးကြိုးစက်ကွင်းမှ လွတ်ကင်းစေရန်အတွက် ကြိုတင်ကာကွယ်သည့်အနေဖြင့် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ လုပ်ငန်းဆောင်ရွက်ရာတွင် ဌာနမှ အတွေ့အကြုံရှိ ဒုတိယဦးစီးမှူး နှစ်ဦးကို တာဝန်ပေး၍ မူလရှေးဟောင်းအုတ်၊ အင်္ဂတေ၊ အင်္ဂတေပန်းများ မထိခိုက်အောင် ဆောင်ရွက်စေခဲ့ကြောင်း နစကမှ ထုတ်ပြန်သည်။

Most Read

Most Recent