အထောက်အထား မလုံလောက်ဟုဆိုကာ မြန်မာလုပ်ငန်းရှင် ဦးထွန်းမင်းလတ်ကို ထိုင်းတရားရုံးက အမှုမှ တရားသေလွှတ်

အထောက်အထား မလုံလောက်ဟုဆိုကာ မြန်မာလုပ်ငန်းရှင် ဦးထွန်းမင်းလတ်ကို ထိုင်းတရားရုံးက အမှုမှ တရားသေလွှတ်
■ ပုံစာ - ဘန်ကောက်မြို့ရှိ  ပြစ်မှုဆိုင်ရာ တရားရုံး။ (ဓာတ်ပုံ - Nutthawat Wicheanbut - Bangkok Post )
■ ပုံစာ - ဘန်ကောက်မြို့ရှိ ပြစ်မှုဆိုင်ရာ တရားရုံး။ (ဓာတ်ပုံ - Nutthawat Wicheanbut - Bangkok Post )
Published 31 January 2024
Ref: Reuters၊ BBC

ထိုင်းတရားရုံးတစ်ရုံးသည် လွန်ခဲ့သောတစ်နှစ်ကျော်က ဘန်ကောက်မြို့တွင် ဖမ်းဆီးခံရသော မြန်မာလုပ်ငန်းရှင်ဦးထွန်းမင်းလတ်ကို ဇန်နဝါရီ ၃၀ ရက်တွင် တရားသေ လွှတ်ပေးလိုက်သည်ဟု ရိုက်တာသတင်းဌာန က ဖော်ပြခဲ့သည်။

နစကနှင့် နီးစပ်သော စီးပွားရေးလုပ်ငန်းရှင် ဦးထွန်းမင်းလတ်သည် မူးယစ်ဆေးဝါး  မှောင်ခိုကူးမှု၊ ငွေမည်းကို ငွေဖြူပြောင်းလဲမှု၊ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတို့နှင့်သက်ဆိုင် သော စွပ်ချက်များဖြင့် ဘန်ကောက်တွင် ဖမ်း ဆီးခံရခြင်းဖြစ်သည်။

 မူးယစ်ဆေးဝါးမှောင်ခိုမှုအပါအဝင် သက်ဆိုင်ရာ စွဲချက်များဖြင့် ဥပဒေ ချိုးဖောက်မှု ၃၂ ကြိမ်ပြုလုပ်ထားသည်ဟု ယူဆရသော အသက် ၅၄ နှစ်အရွယ် ဦးထွန်းမင်းလတ်နှင့် အခြားလူသုံးဦးတို့ကို တရားစွဲ ဆိုရန် ရဲတပ်ဖွဲ့က စုဆောင်းထားသော အထောက်အထားများသည် အမှားတစ်စုံတစ်ရာ လုပ်ထားကြောင်း သက်သေပြရန် မလုံလောက်ဟု သဘာပတိတရားသူကြီးက တရားခွင်ကို ပြောကြားခဲ့သည်။

အစိုးရရှေ့နေသည် တရားရုံး၏ဆုံးဖြတ် ချက်ကို အယူခံဝင်နိုင်သည်ဟု ဆိုသည်။

ထိုင်းရဲတပ်ဖွဲ့သည် ၂၀၂၂ ခုနှစ် စက် တင်ဘာလထဲတွင် ဘန်ကောက်မြို့၌ ဦးထွန်း မင်းလတ်ကို ဖမ်းဆီးခဲ့သည်။ ရှမ်းပြည်နယ် ရှိ တာချီလိတ်နှင့် ထိုင်းနယ်စပ်မြို့မဲဆောက် တို့တွင် လျှပ်စစ်ဓာတ်အား ရောင်းဝယ်ခြင်း မှ တစ်ဆင့် ငွေကြေးခဝါချသည်ဟု ထိုင်းရဲ တပ်ဖွဲ့က စွပ်စွဲခဲ့သည်။

ဟိုတယ်များ၊ စွမ်းအင်၊ သတ္တုလုပ်ငန်း တို့တွင် အကျိုးစီးပွားများ ပိုင်ဆိုင်ထားပြီး မြန်မာတပ်မတော်အတွက် ပစ္စည်းများ ဝယ် ယူပေးထားသည်ဆိုသည့် သ ဦးထွန်း မင်းလတ်သည် နစက ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ရင်းနှီးသူဖြစ်သည် ဟု သတင်းအရင်းအမြစ်သုံးခုက ရိုက်တာကို ပြောကြားသည်။

ဦးထွန်းမင်းလတ်အနေဖြင့် မြန်မာ့တပ်မတော်ကိုလက်နက်ထောက်ပံ့ပေးနေသူဖြစ်သည်ဆိုသည့်  စွပ်စွဲချက်များကို ငြင်းဆိုခဲ့ကြောင်း BBC သတင်းဌာန၏ သတင်းဖော်ပြချက်တွင်ပါရှိသည်။

‘‘အဲဒီစွပ်စွဲချက်တွေက မဟုတ်ပါဘူး။ အဲဒီစွပ်စွဲချက်တွေကို အခုလို တရားရုံးနဲ့ ကျွန်တော်တို့ လာပြီး ဖြေရှင်းပေးနိုင်တယ်။ တရားမျှမျှတတသာ ဖြစ်ပါစေ။ ကျွန်တော်တို့ အကုန်ဖြေရှင်းပေးနိုင်တယ်။ ကျွန်တော် မှန်မှန်ကန်ကန်နဲ့လုပ်ခဲ့တာတွေအတွက် မကျေနပ်တဲ့သူတွေ၊ မနာလိုတဲ့သူတွေက ပြောဆိုချက်တွေဖြစ်ပါတယ်။ လူကြီးနဲ့ ရင်းနှီးတယ်ဆိုတာလည်း သန့်သန့်လေး ရင်းနှီးတာဖြစ်ပါတယ်’’ဟု ဦးထွန်းမင်းလတ်က စက်တင်ဘာလက ပြုလုပ်သည့်တရားခွင်ကြားနာမှုတစ်ခုအပြီးတွင် BBC သတင်းဌာနကို ပြောကြားခဲ့သည်ဟုဆိုသည်။

 

 

 

Most Read

Most Recent