ကမ်းခြေစောင့်တပ်အချင်းချင်း ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးနှင့် တောင်တရုတ်ပင်လယ်တွင် ပဋိပက္ခများကို တားဆီးရေးအတွက် ဗီယက်နမ်နှင့် ဖိလစ်ပိုင် သဘောတူညီ

ကမ်းခြေစောင့်တပ်အချင်းချင်း ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးနှင့် တောင်တရုတ်ပင်လယ်တွင် ပဋိပက္ခများကို တားဆီးရေးအတွက် ဗီယက်နမ်နှင့် ဖိလစ်ပိုင် သဘောတူညီ
ဇန်နဝါရီ ၃၀ ရက်က ဟနွိုင်းမြို့ရှိ သမ္မတအိမ်တော်တွင် ဧည့်သည်တော် ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ် ဂျူနီယာ (ဝဲ)ကို ကြိုဆိုနေသည့် ဗီယက်နမ်သမ္မတ ဗိုဗန်သွန်(ယာ) ကိုတွေ့ရစဉ် (Photo: AFP)
ဇန်နဝါရီ ၃၀ ရက်က ဟနွိုင်းမြို့ရှိ သမ္မတအိမ်တော်တွင် ဧည့်သည်တော် ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ် ဂျူနီယာ (ဝဲ)ကို ကြိုဆိုနေသည့် ဗီယက်နမ်သမ္မတ ဗိုဗန်သွန်(ယာ) ကိုတွေ့ရစဉ် (Photo: AFP)
Published 30 January 2024

ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ်ဂျူနီယာ ဗီယက်နမ်သို့ နိုင်ငံတော်အဆင့် ခရီးစဉ်အဖြစ် သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း နှစ်နိုင်ငံကမ်းခြေစောင့်တပ်အချင်းချင်း ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးနှင့် တောင်တ ရုတ်ပင်လယ်တွင် ပဋိပက္ခများကို တားဆီးရေးအတွက် သဘောတူညီမှုရရှိခဲ့သည်။

နှစ်စဉ်ကုန်သွယ်မှုပမာဏ ဒေါ်လာသုံးထရီလျံကျော် ဖြတ်သန်းသယ်ဆောင်ရာ ရေလမ်းကြောင်း တစ်ခုဖြစ်သည့် သယံဇာတအရင်းအမြစ်ကြွယ်ဝသော တောင်တရုတ်ပင်လယ်၏ တစ်စိတ်တစ်ဒေသကို ပိုင်ဆိုင်သည်ဟု ဖိလစ်ပိုင်နှင့် ဗီယက်နမ်တို့က အခိုင်အမာ ကြွေကြော်ထားသည်။ တရုတ်က တောင်တ ရုတ်ပင်လယ် တစ်ခုလုံးနီးပါးကို ၎င်းတို့ပိုင် ဆိုင်သည်ဟု ပြောဆိုထားပြီး ဖိလစ်ပိုင်၊ ဘရူနိုင်း၊ မလေးရှား၊ ထိုင်ဝမ်၊ ဗီယက်နမ်တို့နှင့် အငြင်းပွားလျက်ရှိသည်။

ဇန်နဝါရီ ၃၀ ရက်က ဖိလစ်ပိုင်နှင့် ဗီယက်နမ်တို့သည် နားလည်မှုစာချွန်လွှာနှစ်စောင်တွင် လက်မှတ်ရေးထိုးခဲ့ပြီး တောင်တရုတ်ပင်လယ်တွင် ပဋိပက္ခများကို တားဆီးရေးနှင့် ကမ်းခြေစောင့်တပ်အချင်းချင်း ပင်လယ်ရေကြောင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးတို့ ပါဝင်ကြောင်း ဗီယက်နမ်သမ္မတ အိမ်တော်တွင် ပြုလုပ်သည့် အခမ်းအနားတွင် ဗီယက်နမ်အစိုးရ တာဝန်ရှိသူတစ်ဦးကကြေ ညာခဲ့သည်။

ယခင်က ဗီယက်နမ်နှင့် ဖိလစ်ပိုင်တို့သည် တောင်တရုတ်ပင်လယ်တွင် တရုတ်ကမ်းခြေစောင့်တပ်နှင့် ထိပ်တိုက်တွေ့မှုများ ဖြစ်ပွားခဲ့သော်လည်း ယမန်နှစ်တွင် တရုတ်နှင့်အမေရိကန်၏မဟာမိတ် ဖိလစ်ပိုင်အကြား ထိပ်တိုက်တွေ့မှုများ မကြာခဏဖြစ်ပွားခဲ့ခြင်းကြောင့် ယိုယွင်းနေသည့် ဆက်ဆံရေးကို ပိုမိုဆိုးရွားစေခဲ့သည်။

တောင်တရုတ်ပင်လယ်ရှိ ပိုင်နက်အငြင်းပွား ကျောက်တန်းများအနီးတွင် တရုတ်နှင့် ဖိလစ်ပိုင်အကြားလနှင့်ချီ  လိပ်ခဲတည်းလည်း အခြေအနေဖြစ်ပွားခဲ့ကာ နှစ်ဖက်သင်္ဘောများဝင်တိုက်မိခြင်း၊ တရုတ်သင်္ဘောများက ဖိလစ်ပိုင်သင်္ဘောများကို မီးသတ်ပိုက်ဖြင့်ထိုးခြင်းတို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဗီယက်နမ်သည် အရှေ့တောင်အာရှ၌ ဖိလစ်ပိုင်၏တစ်ဦးတည်းသော မဟာဗျူဟာမြောက် မိတ်ဖက်ဖြစ်ကြောင်းနှင့် ပင်လယ်ရေကြောင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများသည် ယင်းဆက်ဆံရေး၏ အခြေခံအုတ်မြစ်ဖြစ်ကြောင်း ဗီယက်နမ်သမ္မတ ဗိုဗန်သွန်နှင့် မတွေ့ဆုံမီ မားကို့စ်က ပြောကြားခဲ့သည်။

“ကမ္ဘာလုံးဆိုင်ရာနဲ့ ဒေသတွင်းအခြေအနေဟာ လျင်လျင်မြန်မြန် ပြောင်းလဲဖြစ်ပေါ်နေပြီး ရှုပ်ထွေးနက်နဲတဲ့အတွက် မိမိတို့အနေနဲ့ ညီညီညွတ်ညွတ်နဲ့ ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ဖို့လိုအပ်တယ်” ဟု ဗီယက်နမ်ဝန်ကြီးချုပ် ဖမ်မင်ချင်းက ဆိုသည်။ ဖိလစ်ပိုင်သမ္မတ၏ ခရီးစဉ်သည် နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်ရာတွင် အထောက်အကူဖြစ်စေကြောင်း ၎င်းက ထပ်မံပြောကြားခဲ့သည်။

ကမ္ဘာပေါ်တွင် ဆန်တင်ပို့မှုအများဆုံးနိုင်ငံတစ်ခုဖြစ်သည့် ဗီယက်နမ်သည် ဆန်တင်ပို့မှုနှင့် စိုက်ပျိုးရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများနှင့် ပတ်သက်၍လည်း သဘောတူညီမှုများ ရရှိခဲ့သည်။

နှစ်ရက်ကြာ ဟနွိုင်းခရီးစဉ်တွင် မားကို့စ်သည် ဗီယက်နမ်ခေါင်းဆောင်များနှင့် တွေ့ဆုံမည်ဖြစ်သော်လည်း ဗီယက်နမ် ကွန်မြူနစ်ပါတီခေါင်းဆောင် ငုယင်ရွှမ်ဖူနှင့် တွေ့ဆုံမည်မဟုတ်ပေ။   

Ref: Reuters

Most Read

Most Recent