ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်း ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံရ

ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်း ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံရ
၂၀၂၂ ခုနှစ် သြဂုတ် ၁၃ ရက်က လာဟိုးမြို့တွင် ထောက်ခံသူများကို မိန့်ခွန်းပြောနေသည့် ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်းကို တွေ့ရစဉ်(Photo: Reuters)
၂၀၂၂ ခုနှစ် သြဂုတ် ၁၃ ရက်က လာဟိုးမြို့တွင် ထောက်ခံသူများကို မိန့်ခွန်းပြောနေသည့် ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်းကို တွေ့ရစဉ်(Photo: Reuters)
Published 30 January 2024

ပါကစ္စတန်တွင် အထွေထွေရွေးကောက်ပွဲကျင်းပရန် သီတင်းနှစ်ပတ်နီးပါးသာလိုတော့စဉ် ဇန်နဝါရီ ၃၀ ရက်က ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်းသည် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံခဲ့ရသည်။

လူဦးရေ သန်း ၂၄၀ ရှိသည့် ပါကစ္စတန်တွင် ဖေဖော်ဝါရီ ၈ ရက်၌  ပြည်သူများက ဆန္ဒမဲပေးမည်ဖြစ်ကာ ရွေးကောက်ပွဲ မသမာမှုများ ရှိနေသည်ဟူသော စွပ်စွဲချက်များကြောင့် ရွေးကောက်ပွဲကျင်းပရန် နှောင့်နှေး ကြန့်ကြာလျက်ရှိသည်။

ပါကစ္စတန်၏ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပါလီမန်ဖျက်သိမ်းပြီး ရက် ၉၀ အတွင်း ရွေးကောက်ပွဲ ကျင်းပရမည်ဖြစ်သော်လည်း ပါလီမန်ကို သြဂုတ်လထဲတွင် ဖျက်သိမ်းခဲ့ခြင်းကြောင့် ငါးလကြာမြင့်ခဲ့ပြီဖြစ်သည်။

ယင်းသို့နှောင့်နှေးနေရခြင်းမှာ ၂၀၂၃ ခုနှစ် သန်းခေါင်စာရင်းအသစ်အရ မဲဆန္ဒနယ်များကို ပြန်လည်ရေးဆွဲရခြင်းကြောင့်ဖြစ်သည်ဟု ရွေးကောက်ပွဲကော်မရှင်က အကြောင်းပြခဲ့သည်။

လတ်တလောတွင် ပါကစ္စတန်စစ်တပ်က သဘောထားပျော့ပျောင်းသည်ဟု ယူဆသော အိမ်စောင့်အစိုးရက ပါကစ္စတန်ကိုယာ ယီအုပ်ချုပ်လျက်ရှိသည်။

အာဒီယာလာ အကျဉ်းထောင်အတွင်း၌ပင် အီမရန်ခန်းကို စီရင်ချက်ချခဲ့ခြင်းဖြစ်သည်။ ခန်းသည် ယမန်နှစ် သြဂုတ်လတွင် ဖမ်းဆီးခံရပြီးကတည်းက အချိန်အများစုကို အဆိုပါအကျဉ်းထောင်ထဲတွင် နေထိုင်ခဲ့ရပြီး အမှုအခင်းအများအပြားနှင့် ရင်ဆိုင်နေရသည်။ ခန်းကမူ ၎င်းရွေးကောက်ပွဲမဝင်နိုင်အောင် အကွက်ကျကျ စီစဉ်ထားခြင်းဖြစ်သည်ဟု ပြောဆိုထားသည်။

ခန်း၏ပါတီဖြစ်သည့် Pakistan Thereek-e-Insaf(PTI)ပါတီ ဒုတိယဥက္ကဋ္ဌ ရှားမာမွတ် ကူရီရှီကိုလည်း ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့ကြောင်း သိရသည်။ ၎င်းသည် ခန်းဝန်ကြီးချုပ်တာဝန်ထမ်းဆောင်စဉ်က နိုင် ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူဖြစ်သည်။

“ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်းနဲ့ PTI ပါတီ ဒုဥက္ကဋ္ဌ ကူရီရှီတို့ကို ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခဲ့တယ် ဟု ပါတီပြောခွင့်ရက AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။ နိုင်ငံပိုင်မီဒီယာကလည်း ယင်းစီရင်ချက်များနှင့် ပြစ်ဒဏ်ချမှတ်မှုများကို ဖော်ပြခဲ့သည်။

လျှို့ဝှက်အဆင့် သတ်မှတ်ထားသည့် အစိုးရစာရွက်စာတမ်းများ ပေါက်ကြားစေမှုဖြင့် ၎င်းတို့နှစ်ဦးကို ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။

ခန်းသည် ၂၀၁၈ မှ ၂၀၂၂ ခုနှစ်အထိ ဝန်ကြီးချုပ်တာဝန် ထမ်းဆောင်ခဲ့သော်လည်း ပါကစ္စတန်စစ်တပ်၏ ထောက်ခံမှုကို ဆုံးရှုံးခဲ့ပြီးနောက် လွှတ်တော်တွင် အယုံအကြည်မရှိ အဆို မဲခွဲဆုံးဖြတ်မှုဖြင့် ဖြုတ်ချခံရခြင်းဖြစ် သည်။

သူသည် အတိုက်အခံခေါင်းဆောင်အဖြစ် စစ်တပ်ထိပ်ပိုင်း အရာရှိကြီးများကို ဆန့်ကျင်အာခံသည့် မကြုံစဖူး စည်းရုံးလှုံ့ဆော်မှုများကို ပြုလုပ်ခဲ့ပြီး ၎င်းအရာရှိများသည် အမေရိကန်က ကျောထောက်နောက်ခံပေးထား သည့် လျှို့ဝှက်ကြံစည်မှုဖြင့် မိမိကိုလုပ်ကြံရန် ကြိုးပမ်းခဲ့သည်ဟုလည်း စွပ်စွဲခဲ့သည်။

ခန်း၏ Pakistan Thereek-e-Insaf(PTI) ပါတီသည် လာမည့်ရွေးကောက်ပွဲမတိုင်မီ၌ ဟန့်တားမှုများနှင့် အကြီးအကျယ်ရင်ဆိုင်နေရသည်။ ၎င်းပါတီသည် လူထုစုဝေးပွဲများ ပြုလုပ်ခွင့် ပိတ်ပင်ခံထားရပြီး ပါတီ အမှတ်တံဆိပ်ဖယ်ရှားခံရကာ ပါတီဝင် ဒါဇင်ပေါင်းများစွာသည်လည်း ရွေးကောက်ပွဲဝင်ခွင့် ပိတ်ပင်ခံထားရသည်။

ပါတီကိုယ်စား လှယ်လောင်းများသည်လည်း တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းများအဖြစ် ယှဉ်ပြိုင်ရန် ဖိအားပေးခံခဲ့ရသည်ဟု သိရသည်။               

Ref: AFP

Most Read

Most Recent