အချိန်ခါမဟုတ် မိုးရွာသွန်းခြင်းကြောင့် မြဝတီဒေါနတောင်ကျော် ထို့ကော်ကိုးလမ်း၌ ယာဉ်သွားလာရန် ခက်ခဲလာ၍ ယာဉ်သွားလာခွင့် ယာယီရပ်ဆိုင်း

အချိန်ခါမဟုတ် မိုးရွာသွန်းခြင်းကြောင့် မြဝတီဒေါနတောင်ကျော် ထို့ကော်ကိုးလမ်း၌ ယာဉ်သွားလာရန် ခက်ခဲလာ၍ ယာဉ်သွားလာခွင့် ယာယီရပ်ဆိုင်း
Published 30 January 2024

အချိန်ခါမဟုတ် မိုးရွာသွန်းခြင်းကြောင့် မြဝတီဒေါနတောင်ကျော် ထို့ကော်ကိုးလမ်း၌ ယာဉ်သွားလာရန် ခက်ခဲလာ၍ ယာဉ်သွားလာခွင့် ဇန်နဝါရီ ၂၉ ရက်က ယာယီရပ်ဆိုင်းလိုက်ကြောင်း သိရသည်။

၂၀၂၃ ခုနှစ် ဒီဇင်ဘာ  ၁ ရက်က စတင်ဖြစ်ပွားခဲ့သော ကော့ကရိတ်မြို့တွင်း တိုက်ပွဲများကြောင့် မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရာ၌ သွားလာနေသည့် မြဝတီဒေါနတောင်ကျော် အာရှလမ်းသစ်အား ယာဉ်သွားလာခွင့် ရပ်ဆိုင်းခဲ့ခြင်းကြောင့် မြဝတီနယ်စပ်သို့လာသော ခရီးသွားကားများ၊ ကုန်စည်ပို့ဆောင်ရေးကားများမှာ ထို့ကော်ကိုးလမ်းမှ သွားလာခဲ့ကြကြောင်း သိရသည်။

ယခုအခါ ရာသီဥတုဖောက်ပြန်ကာ အချိန်ခါမဟုတ် မိုးရွာသွန်းခြင်းကြောင့် ယာဉ်များ သွားလာရခက်ခဲခြင်း၊ တိမ်းမှောက်ခြင်း စသည့်အန္တရာယ်များလွန်းသည့်အတွက် မော်တော်ယာဉ်သွားလာခွင့် ယာယီပိတ်လိုက်ကြောင်း ယာဉ်ငယ်မောင်းသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“မြို့ထဲမှာ မိုးသိပ်မရွာပေမဲ့ တောင်ပေါ်မိုးတွေ အရမ်းရွာနေတယ်၊ ကားတွေ သွားမရတော့ဘူး၊ ယခင်ဖုန်ထူတာကနေ ယခုဘွတ်ဖြစ်နေပြီလေ၊ ခုတော့တောင်ခြေဂိတ်က စပြီးပိတ်ထားတယ်၊ ပေးမသွားတော့ဘူး၊ ကျွန်တော်တို့ကတော့ မြဝတီကို ပြန်လှည့်လာပါတယ်၊ တချို့ကားတွေကလည်း တောင်ခြေမှာ စောင့်ဆိုင်းနေကြပါတယ်” ဟု မြဝတီ-မော်လမြိုင်ယာဉ်ငယ်မောင်းသူတစ်ဦးက ပြောကြားသည်။

လက်ရှိတွင် နေ့စဉ်ရက်ဆက် မိုးရွာသွန်ခြင်းများရှိနေ၍ မြေသားလမ်းဖြစ်သော ထို့ကော်ကိုး ဒေါနတောင်ကျော်လမ်း၌ မည်မျှကြာကြာ သွားလာမရဘဲ ဖြစ်နေမည်ကို မခန့်မှန်းနိုင်ကြောင်း အဆိုပါယာဉ်ငယ်မောင်းသူက ဖြည့်စွက်ပြောကြားခဲ့သည်။

Most Read

Most Recent