ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်တွင် ထိုင်းနိုင်ငံသား နှစ်ဦးနှင့် မြန်မာနိုင်ငံသား ငါးဦးတို့အား လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်တွင် ထိုင်းနိုင်ငံသား နှစ်ဦးနှင့် မြန်မာနိုင်ငံသား ငါးဦးတို့အား လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ
ပုံစာ- ဖမ်းဆီးရမိသူများအား လက်နက်ခဲယမ်းများနှင့်အတူ တွေ့ရစဉ်။ (ဓာတ်ပုံ-CCDAC MYANMAR)
ပုံစာ- ဖမ်းဆီးရမိသူများအား လက်နက်ခဲယမ်းများနှင့်အတူ တွေ့ရစဉ်။ (ဓာတ်ပုံ-CCDAC MYANMAR)
Published 30 January 2024

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်တွင် ထိုင်းနိုင်ငံသား နှစ်ဦးနှင့် မြန်မာနိုင်ငံသား ငါးဦးတို့အား လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ထုတ်ပြန်ချက်အရ တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၂၆ ရက် ညနေ ၆ နာရီခွဲအချိန် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၊ ဆမ်ဆိုင်း(က)ရပ်ကွက်ရှိ မိုဘိုင်းဖုန်းဆိုင်တွင် တရားမဝင် လက်နက်ကိုင်ဆောင်သည့် အဖွဲ့တစ်ဖွဲ့ ရောက်ရှိနေကြောင်း သတင်းအရ သွားရောက်ရှာဖွေခဲ့ကြောင်း သိရသည်။

ထိုသို့ရှာဖွေရာ ထိုင်းနိုင်ငံသား နှစ်ဦးနှင့် မြန်မာနိုင်ငံသား ငါးဦးတို့အား ပစ္စတိုသေနတ် လေးလက်၊ ၎င်းကျည်အိမ် ခုနစ်ခု၊ ကျည် ၆၂ တောင့်နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း၊ ဖမ်းဆီးရမိ ထိုင်းနိုင်ငံသား နှစ်ဦးမှာ ပီကျိုင်း(ခ)ပန်နဝစ်ပက်ထွန်(ခ)ကိုးကယ်(ခ)စိုင်းအောင်မိုင်းနှင့် နိုင်းအာနုချေချဘာဂမ်းတို့ဖြစ်ပြီး ပီကျိုင်းသည် ထိုင်းနိုင်ငံပြစ်မှုဆိုင်ရာတရားရုံးမှ ၂၀၂၁ ခုနှစ်တွင် မူးယစ်အမှုဖြင့် အလိုရှိတရားခံပြေးဖြစ်သည့်အပြင် မြန်မာနိုင်ငံ၊ တာချီလိတ်ခရိုင်တရားရုံးမှလည်း မူးယစ်အမှုဖြင့် အလိုရှိတရားခံပြေးတစ်ဦးဖြစ်ကြောင်း သိရသည်။

အလားတူ ဖမ်းဆီးရမိ မြန်မာနိုင်ငံသား ငါးဦးမှာ ကျော်အေးထွန်း(ခ)ကျော်ထွန်းအေး၊ စံမိန်း၊ စိုင်းခမ်းလောင်၊ စိုင်းဆေခမ်းနှင့် ညီနပ်တို့ဖြစ်ပြီး ၎င်းတို့အနက် ကျော်အေးထွန်း(ခ)ကျော်ထွန်းအေးသည် ပအိုဝ့်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)မှ အဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဖမ်းဆီးရမိသူများအား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

Most Read

Most Recent