ပါကစ္စတန်တွင် ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်းအား ထောက်ခံသူများ၏ စုဝေးပွဲကို ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးအသုံးပြုကာဖြိုခွင်း

ပါကစ္စတန်တွင် ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်းအား ထောက်ခံသူများ၏ စုဝေးပွဲကို ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးအသုံးပြုကာဖြိုခွင်း
ဇန်နဝါရီ ၂၈ ရက်က ပါကစ္စတန်နိုင်ငံ ကရာချိမြို့တွင် ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်းနှင့် PTI ပါတီထောက်ခံသူများ စုဝေးပွဲပြုလုပ်နေစဉ်(Photo: AP)
ဇန်နဝါရီ ၂၈ ရက်က ပါကစ္စတန်နိုင်ငံ ကရာချိမြို့တွင် ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်းနှင့် PTI ပါတီထောက်ခံသူများ စုဝေးပွဲပြုလုပ်နေစဉ်(Photo: AP)
Published 29 January 2024

လာမည့်ဖေဖော်ဝါရီလတွင်ကျင်းပမည့် ရွေးကောက်ပွဲမတိုင်မီ ပါကစ္စတန်နိုင်ငံ၏အကြီးဆုံးမြို့ဖြစ်သည့် ကရာချိတွင် ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်းကို ထောက်ခံသူများက လူထုစုဝေးပွဲပြုလုပ်ရန် ကြိုးပမ်းမှုကို ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံး အသုံးပြုကာလူစုခွဲခဲ့ပြီး လူနှစ်ဒါဇင်ထက်မနည်း ဖမ်းဆီးခံခဲ့ရသည်။

လူဦးရေ သန်း ၂၄၀ ရှိသည့် ပါကစ္စတန်တွင် ဖေဖော်ဝါရီ ၈ ရက်၌  ပြည်သူများက ဆန္ဒမဲပေးမည်ဖြစ်ကာ ရွေးကောက်ပွဲ မသမာမှုများ ရှိနေသည်ဟူသော စွပ်စွဲချက်များကြောင့် ရွေးကောက်ပွဲကျင်းပရန် နှောင့်နှေး ကြန့်ကြာခဲ့ရပြီး လူကြိုက်များသည့် အတိုက်အခံခေါင်းဆောင် အီမရန်ခန်းသည်လည်း ထောင်ဒဏ်ချမှတ်ခံထားရကာ ရွေးကောက်ပွဲဝင်ခွင့် ပိတ်ပင်ခံထားရသည်။

ခန်း၏ Pakistan Tehreek-e-Insaf(PTI) ပါတီသည် လာမည့်ရွေးကောက်ပွဲမတိုင်မီ၌ ဟန့်တားမှုများနှင့် အကြီးအကျယ်ရင်ဆိုင်နေရသည်။ ၎င်းပါတီသည် လူထုစုဝေးပွဲများပြုလုပ်ခွင့် ပိတ်ပင်ခံထားရပြီး ပါတီ အမှတ်တံဆိပ် ဖယ်ရှားခံရကာ ပါတီဝင် ဒါဇင်ပေါင်းများစွာသည်လည်း ရွေးကောက်ပွဲဝင်ခွင့် ပိတ်ပင်ခံထားရသည်။

နိုင်ငံလုံးဆိုင်ရာ ရွေးကောက်ပွဲများနှင့် ပြည်နယ်အဆင့် ရွေးကောက်ပွဲများသည် အများယုံကြည်လက်ခံနိုင်စွမ်း ကင်းမဲ့နေသည်ဟု လူ့အခွင့်အရေး အဖွဲ့အစည်းများက သတိပေးထားပြီး သြဇာကြီးသော စစ်တပ်သည် ရွေးကောက်ပွဲကို သြဇာလွှမ်းမိုးရန် ကြိုးပမ်းနေသည်ဟုလည်း စွပ်စွဲထားသည်။

မဲမသမာမှုများ ရှိနိုင်သည့်အတွက် လာမည့်ဖေဖော်ဝါရီလတွင် ပါကစ္စတန်၌ လွတ်လပ်မျှတသည့် ပါလီမန်ရွေးကောက်ပွဲ ကျင်းပနိုင်ရန် အလားအလာ နည်းနေသည်ဟု ပါကစ္စတန်၏ အမှီအခိုကင်းသော လူ့အခွင့်အရေးကော်မရှင်က ဇန်နဝါရီ ၁ ရက်တွင် ပြောကြားခဲ့သည်။

ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်းနှင့်၎င်း၏ပါတီမှ အခြားပါတီဝင်အများစု၏ ကိုယ်စားလှယ်လောင်း လျှောက်ထားမှုကို အာဏာပိုင်များက ပယ်ချခဲ့သည့်အပေါ်စိုးရိမ်ကြောင်းလည်း ၎င်းကော်မရှင်က ပြော ကြားထားသည်။

အခြားနိုင်ငံရေးပါတီများသည်လည်း အလားတူ ပရိယာယ်အမျိုးမျိုးနှင့် ကြုံတွေ့နေရသည်ဟု ပါကစ္စတန် လူ့အခွင့်အရေးကော်မရှင် တွဲဖက်ဥက္ကဋ္ဌ မူနီဇေးဂျာဟန်ဂီယာက ဆိုသည်။

ရဲတပ်ဖွဲ့က လူစုခွဲခြင်းနှင့် လူစုဝေးခြင်းကို တားမြစ်မှုများ ရှိနေသော်လည်း ဇန်နဝါရီ ၂၈ ရက်တွင် PTI ပါတီတာဝန်ရှိသူများက နိုင်ငံတစ်ဝန်းလူထုစုဝေးပွဲများပြုလုပ်ရန် ထောက်ခံသူများကို လှုံ့ဆော်စည်းရုံးခဲ့သည်။

နိုင်ငံတောင်ပိုင်းရှိ ပျားပန်းခတ်မျှစည်ကားသော ကရာချိမြို့တွင် လူ ၂,၀၀၀ ခန့်စု ဝေးခဲ့သည်ကို မြင်တွေ့ရပြီး PTI ထောက်ခံသူ နှစ်ဒါဇင်ခန့်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးကာ ထရပ်ကားများဖြင့် ခေါ်ဆောင်သွားကြောင်း AFP သတင်းထောက်များက သတင်းပေးပို့ခဲ့သည်။

မြို့တော်အစ္စလမ္မာဘတ်အနီးရှိ ပြန့်ကြဲတည်ရှိနေသော ခံတပ်မြို့ဖြစ်သည့် ရာဝါလ်ပင်ဒီနှင့် ပန်ဂျပ်ပြည်နယ်ရှိ အခြားနေရာဒေသများတွင်လည်း ဖမ်းဆီးခံရမှုများရှိခဲ့သည်ဟု PTI ပါတီ၏ မီဒီယာအကြံပေး ဇူဖီကာ ဘူခါရီက ပြောကြားခဲ့သည်။ ရဲတပ်ဖွဲ့ကမူ ဖမ်းဆီးခံရမှုများနှင့် ပတ်သက်၍ သတင်းမရရှိဟုဆိုသည်။

လာမည့်ရွေးကောက်ပွဲတွင် အမတ်နေရာအများဆုံးရဖွယ်ရှိသည့် Pakistan Muslim League-Nawaz(PML-N) ပါတီမှဝန်ကြီးချုပ်အဖြစ် သုံးကြိမ်တာဝန်ယူခဲ့သည့် နဝပ်ဇ်ရှရစ်ဖ်ကို လှည့်လှည်မဲဆွယ်မှုများတွင် မြင်တွေ့ရမှုနည်းပါးကြောင်း သိရသည်။

Ref: AFP, AP

 

Most Read

Most Recent