ပိုင်နက်အငြင်းပွား ကျောက်တန်းတစ်ခုရှိ တပ်ဖွဲ့ဝင်များဆီသို့ ဖိလစ်ပိုင်က ထောက်ပံ့ရေးပစ္စည်းများ ပေးပို့ခြင်းကို တရုတ် ခွင့်ပြု

ပိုင်နက်အငြင်းပွား ကျောက်တန်းတစ်ခုရှိ တပ်ဖွဲ့ဝင်များဆီသို့ ဖိလစ်ပိုင်က ထောက်ပံ့ရေးပစ္စည်းများ ပေးပို့ခြင်းကို တရုတ် ခွင့်ပြု
တောင်တရုတ်ပင်လယ်ရှိ Second Thomas သောင်ခုံတွင် ဆိုက်ကပ်ထားသည့် ဖိလစ်ပိုင်စစ်သင်္ဘော Sierra Madre ကို ၂၀၁၄ ခုနှစ် မတ်လ ၂၉ ရက်က တွေ့ရစဉ်(Photo: AFP)
တောင်တရုတ်ပင်လယ်ရှိ Second Thomas သောင်ခုံတွင် ဆိုက်ကပ်ထားသည့် ဖိလစ်ပိုင်စစ်သင်္ဘော Sierra Madre ကို ၂၀၁၄ ခုနှစ် မတ်လ ၂၉ ရက်က တွေ့ရစဉ်(Photo: AFP)
Published 29 January 2024

ပိုင်နက်အငြင်းပွား ကျောက်တန်းတစ်ခုတွင် ဆိုက်ကပ်ထားသည့် ဒုတိယကမ္ဘာစစ်လက်ကျန် သင်္ဘောတစ်စင်းပေါ်ရှိ တပ်ဖွဲ့ဝင်များအား ဖိလစ်ပိုင်ကထောက်ပံ့ရေးပစ္စည်းများ ပေးပို့ခြင်းကို ခွင့်ပြုသည့် အထူးအစီအမံတစ်ရပ်ကို ယာယီကျင့်သုံးခဲ့ကြောင်း တရုတ်ကမ်းခြေစောင့်တပ်က ပြောကြားခဲ့သည်။

ယခင်က ယင်းသင်္ဘောပေါ်ရှိ တပ်ဖွဲ့ဝင်များအတွက် ဖိလစ်ပိုင်က ထောက်ပို့မစ်ရှင်များ လုပ်ဆောင်ခြင်းကို တားမြစ်ရန်အတွက် တရုတ်ကမ်းခြေစောင့်တပ်သည် သင်္ဘောများဖြန့်ကြက်ချထားခဲ့သည်။ အဆိုပါ သင်္ဘော သည် ဖိလစ်ပိုင်၏ ပါလာဝမ်ကျွန်းနှင့် ၁၉၀ ကီလိုမီတာအကွာတွင်တည်ရှိသည့် Second Thomas သောင်ခုံတွင် အခြေစိုက်သည့် စစ်စခန်းတစ်ခု ဖြစ်လာခဲ့သည်။

ယင်းသင်္ဘောဆီသို့ မရှိမဖြစ်လိုအပ်သော ပစ္စည်းများပေးပို့ခြင်းကို ခွင့်ပြုခဲ့သည်ဟု တရုတ်ကမ်းခြေစောင့်တပ်က ဇန်နဝါရီ ၂၇ ရက် နှောင်းပိုင်းက ဆိုရှယ်မီဒီယာတစ်ခုဖြစ်သည့် WeChat တွင် ကြေညာချက်ထုတ်ပြန်ခဲ့ပြီး မိမိတို့အနေဖြင့် တရုတ်၏အချုပ်အခြာအာဏာ၊ Second Thomas သောင်ခုံနှင့် ဆက်စပ်နေသည့် ရေပြင်တစ်ဝိုက်တွင် ပင်လယ်ရေကြောင်းဆိုင်ရာ အခွင့်အရေးများကို ခိုင်ခိုင်မာမာ ကာကွယ်သွားမည်ဟုလည်း ပြောကြားခဲ့သည်။

“ဇန်နဝါရီ ၂၁ ရက်က ဖိလစ်ပိုင်ရဲ့ လေယာဉ်ငယ်တစ်စင်းဟာ တရားမဝင်ဆိုက်ကပ်ထားတဲ့ အဲဒီစစ်သင်္ဘောဆီကို လေကြောင်းကနေ ရိက္ခာနဲ့ တခြားထောက်ပံ့ရေးပစ္စည်းတွေပေးပို့ခဲ့တယ်”ဟု တရုတ်ကမ်းခြေစောင့်တပ်က ဆိုသည်။

တရုတ်ကမ်းခြေစောင့်တပ်သည် အခြေအနေကို ထပ်ကြပ်မကွာ စောင့်ကြည့်ခဲ့ပြီး ဥပဒေများ၊ စည်းမျဉ်းများနှင့်အညီ ကိုင်တွယ်ထိန်းချုပ်ကာ အဆိုပါသင်္ဘောဆီသို့ ဖိလစ်ပိုင်က နေ့စဉ်လိုအပ်သော ထောက်ပံ့ရေး ပစ္စည်းများ ပြန်လည်ဖြည့်တင်းနိုင်ရေးအတွက် အထူးအစီအမံများကို လုပ်ဆောင်ခဲ့သည်ဟု တရုတ်ကမ်းခြေစောင့်တပ်က ပြောကြားခဲ့သည်။

သယံဇာတ အရင်းအမြစ်ကြွယ်ဝသော တောင်တရုတ်ပင်လယ် တစ်ခုလုံးနီးပါးကိုပိုင်ဆိုင်ကြောင်း တရုတ်က အခိုင်အမာပြောဆိုထားပြီး ဖိလစ်ပိုင်၊ ဘရူနိုင်း၊ မလေးရှား၊ ထိုင်ဝမ်၊ ဗီယက်နမ်တို့နှင့် အငြင်းပွားလျက်ရှိသည်။ တောင်တရုတ်ပင်လယ်ကိုဖြတ်သန်း၍ နှစ်စဉ်ကုန်သွယ်မှု ပမာဏသည် ဒေါ်လာသုံးထရီလျံကျော်ရှိသည်။

တောင်တရုတ်ပင်လယ်ရှိ Second Thomas သောင်ခုံအနီးတွင် ကျောက်ချရပ်နားထားသည့် စစ်သင်္ဘောကို ကတိအတိုင်း ဖယ်ရှားပေးရန် တရုတ်က ဖိလစ်ပိုင်ကို အကြိမ်ကြိမ်တိုက်တွန်းထားသော်လည်း ဖိလစ် ပိုင်သမ္မတ ဖာဒီနန် မားကို့စ်ဂျူနီယာက ယင်းနှင့်ပတ်သက်၍ ငြင်းဆန်ထားသည်။

ဖိလစ်ပိုင်ဘက်မှ တာဝန်ရှိအဖွဲ့အစည်းများသည် နိုင်ငံတကာက အထင်အမြင်လွဲမှားလာအောင် လုပ်ဆောင်နေပြီး အမှန်တရားကို လျစ်လျူရှုနေသည်ဟု တရုတ်ကမ်းခြေစောင့်တပ်က ဇန်နဝါရီ ၂၇ ရက်တွင် WeChat မှ ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင်ဖော်ပြထားသည်။ ယင်းလုပ်ရပ်သည် တောင်တရုတ်ပင်လယ်၌ တင်းမာမှုများ ပြေလျော့လာအောင် လုပ်ဆောင်ရာတွင် အထောက်အကူဖြစ်စေမည်မဟုတ်ဟုလည်း ဖော်ပြခဲ့သည်။

ဖိလစ်ပိုင်သည် Second Thomas သောင်ခုံကိုပိုင်ဆိုင်ကြောင်း ကြေညာထားခြင်းကို ပိုမိုခိုင်မာစေရန်အတွက် ၁၉၉၉ ခုနှစ်က ၎င်းသောင်ခုံအနီးတွင် အဆိုပါ စစ်သင်္ဘောကို ရည်ရွယ်ချက်ရှိရှိ ဆိုက်ကပ်ထားခဲ့ခြင်းဖြစ်သည်။ ယင်းသည် တောင်တရုတ်ပင်လယ်ရှိ စပရတ်တလေကျွန်းစုတွင် ပါဝင်သည့် ရေဖုံးလွှမ်းနေသော သောင်ခုံတစ်ခုဖြစ်သည်။

အပြင်းအထန် အငြင်းပွားနေသည့် Second Thomas သောင်ခုံအပါအဝင် တောင်တရုတ်ပင်လယ်ဒေသ၌ ပင်လယ်ရေကြောင်းဆိုင်ရာ အရေးပေါ်ကိစ္စရပ်များကို ဖြေရှင်းရန်အတွက် ပိုမိုနီးကပ်စွာဆွေးနွေးမှု များပြုလုပ်ရန် မကြာသေးမီက တရုတ်နှင့်ဖိလစ်ပိုင်တို့ သဘောတူညီခဲ့သည်။

Ref: AFP

Most Read

Most Recent