သံဖြူဇရပ်မြို့နယ် ဝဲကလိကျေးရွာ ဝဲကလိတံတားညီနောင်ထိပ်တွင် ထော်လာဂျီယာဉ်ပေါ်မှ ဘိန်းစာရွက်အစို ပိဿာ ၁၂၀ ဖမ်းဆီးရမိ

သံဖြူဇရပ်မြို့နယ် ဝဲကလိကျေးရွာ ဝဲကလိတံတားညီနောင်ထိပ်တွင် ထော်လာဂျီယာဉ်ပေါ်မှ ဘိန်းစာရွက်အစို ပိဿာ ၁၂၀ ဖမ်းဆီးရမိ
Published 29 January 2024

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ဝဲကလိကျေးရွာ ဝဲကလိတံတားညီနောင်ထိပ်တွင် ဇန်နဝါရီ ၂၈ ရက် ညနေပိုင်းက ထော်လာဂျီယာဉ်တစ်စီးပေါ်မှ ဘိန်းစာရွက်အစို ပိဿာ ၁၂၀ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ လုံခြုံရေးရဲတပ်ဖွဲ့က ဘိန်းစာရွက်များ သယ်ဆောင်လာကြောင်း သတင်းအရ အဆိုပါ ဝဲကလိတံတားညီနောင်ထိပ် စခန်းကြီးကျေးရွာဘက်တွင် စောင့်ဆိုင်းနေစဉ် သံဖြူဇရပ်မြို့ဘက်သို့ ထွန်းဇော်ဆိုသူ မောင်းနှင်လာပြီး အောင်သန်းဝင်းဆိုသူ လိုက်ပါလာသည့် ထော်လာဂျီယာဉ်အား တားဆီးစစ်ဆေးစဉ် ထော်လာဂျီယာဉ်ပိုင်ရှင်ဖြစ်သူ ဦးမြင့်ငွေ ဆိုသူမှာလည်း ရောက်ရှိလာသည့်အတွက် ၎င်းတို့သုံးဦးအား စစ်ဆေးမှုများလုပ်ဆောင်ခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။

“ထော်လာဂျီယာဉ်ပေါ်ကိုတက်ပြီး စစ်ဆေးရှာဖွေမှုတွေ လုပ်ဆောင်ခဲ့တဲ့အခါမှာ ရော်ဘာထင်းချောင်းတွေအောက်မှာ တစ်အိတ်ကို ဘိန်းစာရွက်အစို ၅၀ ကျပ်သားထုပ် ၂၀  ထုပ်ပါ အဝါရောင်ဆာလာအိတ် ၁၂ လုံး၊ စုစုပေါင်းအလေးချိန် ပိဿ ၁၂၀ ကို ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ဘိန်းစာရွက်များနှင့်အတူ ဖမ်းဆီးရမိသူသုံးဦးအား သံဖြူဇရပ်မြို့မရဲစခန်း၌ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

Most Read

Most Recent