လောက်ကိုင်တွင် စေတီတစ်ဆူကို MNDAA အဖွဲ့ဝင်တစ်ဦးက ဖျက်ဆီးနေသော ဗီဒီယိုဖိုင် အွန်လိုင်းတွင် ပျံ့နှံ့နေမှုနှင့်ပတ်သက်၍ MNDAA အဖွဲ့က လွန်စွာတောင်းပန်ကြောင်း ထုတ်ပြန်

လောက်ကိုင်တွင် စေတီတစ်ဆူကို MNDAA အဖွဲ့ဝင်တစ်ဦးက ဖျက်ဆီးနေသော ဗီဒီယိုဖိုင် အွန်လိုင်းတွင် ပျံ့နှံ့နေမှုနှင့်ပတ်သက်၍ MNDAA အဖွဲ့က လွန်စွာတောင်းပန်ကြောင်း ထုတ်ပြန်
Published 9 January 2024

လောက်ကိုင်တွင် စေတီတစ်ဆူကို MNDAA အဖွဲ့ဝင်တစ်ဦးက ဖျက်ဆီးနေသော ဗီဒီယိုဖိုင်အွန်လိုင်းတွင် ပျံ့နှံ့နေမှုနှင့်ပတ်သက်၍ MNDAA အဖွဲ့က လွန်စွာတောင်းပန်ကြောင်း ဇန်နဝါရီ ၉ ရက်တွင် ထုတ်ပြန်သည်။

ဇန်နဝါရီ ၈ ရက်က MNDAA စစ်ယူနီဖောင်းဝတ်ဆင်ထားသော လူငယ်တစ်ဦးက ဗုဒ္ဓဘာသာစေတီတစ်ဆူကို သံတူဖြင့် ထုရိုက်နေသော ဗီဒီယိုဖိုင်သည် အွန်လိုင်းပေါ်တွင် ပျံ့နှံ့ခဲ့ကြောင်း ယင်းဗီဒီယိုဖိုင်ကြောင့် ပြည်သူများအနေဖြင့် MNDAA အပေါ်ကို နားလည်မှုလွဲမှားခြင်းနှင့် ပြစ်တင်ရှုတ်ချခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း၊ ထို့အပြင် ဘာသာရေးနှင့် လူမျိုးရေး ပဋိပက္ခများကို ရည်ရွယ်ချက်ရှိရှိဖြင့် လှု့ံဆော်မှုများကို တားမြစ်ရန်နှင့် ဗုဒ္ဓဘာသာဝင်များက ယင်းဗီဒီယိုကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုင်နစ်နာမှုများ မဖြစ်ပေါ်စေရန် အချက်လေးချက်ကို ထုတ်ပြန်လိုက်ကြောင်း MNDAA က ကြေညာခဲ့သည်။

ပထမအချက်တွင် သံတူဖြင့် ဘုရားစေတီတော်ကို ရိုက်ထုခြင်းသည် MNDAA က အမိန့်ပေးခြင်းမဟုတ်ဘဲ ပုဂ္ဂိုလ်ရေးအရ လုပ်ရပ်သာဖြစ်ကြောင်း၊ ဒုတိယအချက်တွင် မိမိတို့အဖွဲ့အစည်းအနေဖြင့် လက်အောက်ငယ်သား၏ တပ်စည်းမျဉ်းစည်းကမ်း ညံ့ဖျင်းမှုနှင့် အရည်အချင်းမရှိသော လုပ်ဆောင်မှုအတွက် လွန်စွာတောင်းပန်အပ်ကြောင်းနှင့် တတိယအချက်တွင် MNDAA အဖွဲ့အနေဖြင့် လွတ်လပ်သော ဘာသာရေးကိုးကွယ်မှုကို လေးစားလိုက်နာပြီး အခြားဘာသာများအား ဆန့်ကျင်ခြင်းနှင့် ဘာသာရေးအဆောက်အဦများ ဖျက်ဆီးရန် အမိန့်ပေးခြင်းများ လုံးဝမရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် စတုတ္ထအချက်တွင် ယင်းကိစ္စနှင့်ပတ်သက်၍ MNDAA စစ်ရေးကော်မတီမှ သက်ဆိုင်ရာဌာနကို တာဝန်ပေးထားပြီး တရားခံအား အရေးယူအပြစ်ပေးရန် ညွှန်ကြားထားကြောင်းနှင့် MNDAA အရာရှိစစ်သည်များအနေဖြင့် ဘာသာရေးလွတ်လပ်မှုကို လေးစားရန်နှင့် ဘာသာရေးအဆောက်အဦများကို အလေးထားအကာအကွယ်ပေးရန်လည်း ညွှန်ကြားထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လောက်ကိုင် ပွိုင့် ၂၂၀၂ တောင်ကုန်း (ဆင်ဦးကင်းကုန်း) အပေါ်ရှိ ဗုဒ္ဓဘာသာဝင်တို့၏ အထွတ်အမြတ် စေတီတစ်ဆူကို MNDAA အဖွဲ့ဝင်တစ်ဦးက သံတူဖြင့် ထုရိုက်ဖြိုဖျက်နေသည့် ရုပ်သံဖိုင်မှာ ဇန်နဝါရီ ၈ ရက်တွင် လူမှုကွန်ရက်စာမျက်နှာ၌ ပျံ့နှံ့ထွက်ပေါ်လာခဲ့သည်။

Most Read

Most Recent