ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွကျေးရွာရှိ အတ္ထရံတံတား (ချောင်းနှစ်ခွ) ဖျက်ဆီးခံရပြီး ပြိုကျ

ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွကျေးရွာရှိ အတ္ထရံတံတား (ချောင်းနှစ်ခွ) ဖျက်ဆီးခံရပြီး ပြိုကျ
Published 18 November 2023

ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွကျေးရွာရှိ အတ္ထရံတံတား (ချောင်းနှစ်ခွ) မှာ နိုဝင်ဘာ ၁၇ ရက်က ဖျက်ဆီးခံရပြီး ပြိုကျခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အတ္ထရံတံတား (ချောင်းနှစ်ခွ) အား  နိုဝင်ဘာ ၁၇ ရက် နံနက်အစောပိုင်းက ဖျက်ဆီးခဲ့သည်ဟုကြားသိရသော်လည်း ညနေပိုင်းမှသာ တံတားပြိုကျနေသည်ကို တွေ့ကြရကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။

ဒေသခံတစ်ဦးက “ပစ်ခတ်သံတွေက ဆက်တိုက်ကိုကြားနေရတော့ အပြင်မထွက်ရဲကြဘူး။ ညနေပိုင်းမှ အခြေအနေ နည်းနည်းငြိမ်တယ်ဆိုတော့မှ အိမ်ထဲကထွက်ကြည့်ကြတာ တံတားကတော့ ပြိုကျ ပျက်စီး သွားတာတွေ့ရတယ်” ဟု ပြောကြားသည်။

ချောင်းနှစ်ခွကျေးရွာ တစ်ဖက်ကမ်းရှိ တံတားချဉ်းကပ်လမ်းနှင့် ပင်မတံတားအဆက်နေရာအား မိုင်းခွဲဖြတ်တောက်သွားသည့်သဘောမျိုးတွေ့ရကြောင်းနှင့် ပင်မတံတားတစ်ခြမ်းမှာ အတ္ထရံမြစ်အတွင်းပြုတ်ကျသွားကြောင်း ၎င်းဒေသခံက ဆိုသည်။

ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွကျေးရွာရှိ အတ္ထရံတံတား (ချောင်းနှစ်ခွ) မှာ မုဒုံ - ကျွန်းရွာ - တောင်ကလေး - ချောင်းနှစ်ခွ - ကြာအင်းဆိပ်ကြီးလမ်းပေါ်ရှိတည်ရှိပြီး မွန်ပြည်နယ် နှင့် ကရင်ပြည်နယ်အား ချိတ်ဆက်ထားသည့် အဓိက တံတားတစ်စင်းဖြစ်ကြောင်း သိရသည်။

ဒီအတ္ထရံတံတား (ချောင်းနှစ်ခွ) က စစ်တိုက်နေသူတွေက အဓိက လမ်းကြောင်းလို့ သတ်မှတ်ထားကြသလို ကျွန်တော်တို့လိုဒေသခံတွေကလည်း ကုန်စည်ကူးသန်ရောင်းဝယ်ဖို့၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးအတွက် သွားလာဖို့အတွက်လည်း အရေးကြီးတဲ့တံတားတစ်ဆင်းပါဘဲ။ အခုတော့ ကျွန်းရွာဘက်ခြမ်းသွားမရတေ့ဘူး။ ကျိုက်မရောဘက်ကပတ်ပြီးသွားဖို့ကလည်း အခြေအနေတွေက ဘယ်လိုဖြစ်လာမလဲမသိရသေးဘူး ဟု ချောင်းနှစ်ခွကျေးရွာမှ တခြားဒေသခံတစ်ဦးက ပြောကြားသည်။

အဆိုပါ အတ္ထရံတံတား (ချောင်းနှစ်ခွ) အား (၂၀၁၄ - ၂၀၁၅) ဘဏ္ဍာနှစ် မွန်ပြည်နယ် ဒေသဖွံ့ဖြိုးရေးအတွက် ရရှိသည့် ဘဏ္ဍာငွေအနက် ကျပ်သန်း (၄၅၀၀) အကုန်အကျခံကာဆောက်လုပ်ခဲ့သောတံတားဖြစ်ကြောင်း နှင့် တံတားအမျိုးအစားမှာ သံကူကွန်ကရစ်တံတားအမျိုးအစားဖြစ်ပြီး တံတားအရှည်မှာ (၅၄၈) ပေ နှင့် ယာဉ်သွားလမ်းအကျယ်မှာ (၂၄) ပေရှိကြောင်း သိရသည်။

နိုဝင်ဘာ ၁၀ ရက် နံနက် ၄ နာရီမှစတင်ကာ ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွကျေးရွာရှိ ချောင်းနှစ်ခွနယ်မြေရဲစခန်း နှင့် အတ္ထရံတံတား (ချောင်းနှစ်ခွ) ရှိ လုံခြုံရေးဂိတ်များအား KNU/KNLA/PDF ပူးပေါင်းတပ်ဖွဲ့များကလာရောက်တိုက်ခိုက်ခဲ့ရာမှ စတင်ကာ တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်း သိရသည်။