ရှမ်းမြောက်စစ်ပွဲများနှင့် မပြီးဆုံးနိုင်သေးသော စစ်ဘေးရှောင်သံသရာ

ရှမ်းမြောက်စစ်ပွဲများနှင့် မပြီးဆုံးနိုင်သေးသော စစ်ဘေးရှောင်သံသရာ
လားရှိုးမြို့၊ မန်ဆူရှမ်းကျောင်းတိုက်သို့ ရောက်ရှိလာသည့် တိုက်ပွဲရှောင်ပြည်သူအချို့ကို အောက်တိုဘာ ၃၀ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - ထွန်းနေလှိုင် (နောင်ပိန်)
လားရှိုးမြို့၊ မန်ဆူရှမ်းကျောင်းတိုက်သို့ ရောက်ရှိလာသည့် တိုက်ပွဲရှောင်ပြည်သူအချို့ကို အောက်တိုဘာ ၃၀ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - ထွန်းနေလှိုင် (နောင်ပိန်)
Published 5 November 2023

"မိမိတို့အပေါ် တိုက်ခိုက်မှုတွေ ဆောင်ရွက်လာတာကြောင့် မိမိတို့အနေနဲ့ တန်ပြန်ချေမှုန်းမှုများကို ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်" ထိုစကားကို ပြောကြားသူက နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဖြစ်သည်။ 

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ရှမ်းပြည် (မြောက်ပိုင်း) ဒေသနှင့် ကချင်ပြည်နယ်တွင် ကချင်အဖွဲ့ (KIA)၊ ကိုးကန့်အဖွဲ့ (MNDAA) နှင့် တအာင်းအဖွဲ့ (TNLA) ပူးပေါင်းအဖွဲ့များက နယ်မြေလုံခြုံရေးစခန်းများနှင့် ဌာနဆိုင်ရာ​ ရုံးဌာနများကို တိုက်ခိုက်လာခြင်းအပေါ် အောက်တိုဘာ ၂ ရက်တွင် ပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး၌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တုံ့ပြန်ပြောဆိုလိုက်ခြင်းလည်း ဖြစ်သည်။ 

နစကဥက္ကဋ္ဌက တန်ပြန်ချေမှုန်းမှုများ လုပ်ဆောင်မည်ဟု ပြောဆိုမှုကြောင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) နှင့် ကချင်ပြည်နယ်တို့တွင် စစ်ရေးပဋိပက္ခများ ပိုမိုကြီးထွားလာမည်ကို ဒေသခံများက စိုးရိမ်လျက်ရှိကြသည်။ 

အောက်တိုဘာ ၂၇ ရက်က စ၍ ရှမ်းပြည်နယ် (မြောက်ပိုင်း) တွင် စစ်ဆင်ရေးစပြီဖြစ်ကြောင်း မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဖြစ်သည့် ကိုးကန့်အဖွဲ့ (MNDAA)၊ တအာင်းအဖွဲ့ (TNLA) နှင့် ရခိုင်အဖွဲ့ (AA) တို့က ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့သည်။ 

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က ပူးတွဲကြေညာခဲ့သည့် စစ်ဆင်ရေးအမည်ကို "၁၀၂၇" ဟု ပေးထားသည်။ 

အောက်တိုဘာ ၂၇ ရက် မနက် ၄ နာရီမှစပြီး ရှမ်းပြည်မြောက်ပိုင်းနှင့် အရှေ့မြောက်ဒေသရှိ လားရှိုး၊ သိန္နီ၊ ကွတ်ခိုင်၊ မူဆယ်၊ ကြူကုတ်၊ မုံးကိုး၊ ဖောင်းဆိုင်ဒေသများ၊ ကွမ်းလုံ၊ ချင်းရွှေဟော်နှင့် လောက်ကိုင် စသည့် နယ်စပ်ဒေသများသို့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က အင်အားအလုံးအရင်းဖြင့် ဝင်ရောက်၍ နယ်မြေခံတပ်ရင်း ဌာနချုပ်နှင့် နယ်မြေလုံခြုံရေးစခန်းများအား တစ်ပြိုင်တည်း တိုက်ခိုက်ခဲ့ခြင်းလည်း ဖြစ်သည်။  

ကိုးကန့်အဖွဲ့ (MNDAA) က ချင်းရွှေဟော်၊ လောက်ကိုင်နှင့် ကွမ်းလုံတို့တွင် တိုက်ပွဲများ ဖော်ဆောင်ခဲ့ပြီး လားရှိုးနှင့် သိန္နီမြို့တစ်ဝိုက်တွင် တအာင်းအဖွဲ့ (TNLA) နှင့် ရခိုင်အဖွဲ့ (AA) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

“အဲဒီနေ့မှာပဲ ဖောင်ဆိပ် လုံခြုံရေးစခန်း တိုက်ခိုက်ခံရတယ်။ ဖောင်ဆိပ်တံတား မိုင်းထောင်ဖျက်ဆီးခြင်း ခံရတယ်။ အောက်တိုဘာလ ၂၈ ရက်နေ့မှာလည်း အဲဒီနေရာတွေမှာ ဆက်လက်တိုက်ပွဲဖြစ်ပွားတာ တွေ့ရတယ်။ အောက်တိုဘာလ ၂၉ ရက်နေ့မှာတော့ သိန္နီ၊ လားရှိုး၊ နောင်ချို၊ နမ္မတူ၊ ဟိုပန်၊ အဲဒီဘက်တွေမှာ တိုက်ပွဲလေးတွေ ဖြစ်ပွားခဲ့တာရှိတယ်။ ဒါအောက်တိုဘာလ ၃၀ ရက်နေ့မှာတော့ နမ့်ခန်းတို့၊ မွန်းဂိုးတို့၊ ကွတ်ခိုင်၊ လားရှိုးတို့၊ နမ္မတူမှာ ဖြစ်ပွားခဲ့တာရှိတယ်။ အောက်တိုဘာ ၃၁ ရက်နေ့မှာတော့ လားရှိုးဘက်မှာ ပစ်ခတ်မှု အနည်းငယ်ရှိခဲ့တယ်” ဟု နစကပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။ 

ရှှမ်းပြည်နယ်မြောက်ပိုင်း ချင်းရွှေဟော်၊ လောက်ကိုင်၊ လားရှိုး၊ ကွမ်းလုံ၊ သိန္နီမြို့တို့တွင် တိုက်ပွဲများဖြစ်ပွားမှုအပေါ် လုံခြုံရေးအရ တန်ပြန်ဆောင်ရွက်မှုများ လုပ်ဆောင်နေကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။ 

"တပ်မတော်အနေနဲ့ကတော့ ပြည်သူ့အသက် အိုးအိမ်စည်းစိမ် လုံခြုံရေးအတွက်ကိုတော့ ကျွန်တော်တို့အနေနဲ့ ပြန်လည်ပြီးတော့ လုံခြုံရေးအရ တန်ပြန်ဆောင်ရွက်မှုများကို ဆောင်ရွက်သွားမှာ ဖြစ်တယ်။ အခုလည်း ပြုလုပ်လျက်ရှိပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။ 

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့၏ "၁၀၂၇" စစ်ဆင်ရေး တစ်ပတ်အကြာတွင် ရှမ်းပြည်နယ် (မြောက်ပိုင်း) ချင်းရွှေဟော်၊ ဖောင်းဆိုင်နှင့် ကြူကုတ် စသည့် နေရာသုံးခုကို အုပ်ချုပ်ရေးနှင့် လုံခြုံရေးအဖွဲ့အစည်းများအနေဖြင့် လက်လွှတ်ခဲ့ရကြောင်း နစကဘက်က ထုတ်ပြန်လာသည်။ 

“ဒီအချိန်မှာတော့ အစိုးရရဲ့ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေ၊ လုံခြုံရေးအဖွဲ့အစည်းတွေ လက်လွှတ်ခဲ့ရတဲ့နေရာ ရှိပါတယ်။ ဒါကတော့ ချင်းရွှေဟော်ရယ်၊ ဖောင်းဆိုင်ရယ်၊ ကြူကုတ် ဒီသုံးခုတော့ရှိပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

သို့သော် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့၏ "၁၀၂၇" စစ်ဆင်ရေး ကိုးရက်အကြာတွင် တပ်စခန်းပေါင်း ၉၀ ကျော်ကို သိမ်းပိုက်နိုင်ခဲ့ကြောင်း ကိုးကန့်အဖွဲ့ (MNDAA) ဘက်က ထုတ်ပြန်ခဲ့သည်။ 

ထိုသို့ ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းဒေသတွင် ကိုးကန့်အဖွဲ့ (MNDAA) က လုံခြုံရေးစခန်းများကို တိုက်ခိုက်မှုအခြေအနေများနှင့်ပတ်သက်ပြီး နစကဥက္ကဋ္ဌနှင့် တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးတို့ အောက်တိုဘာ ၃၁ ရက်က တွေ့ဆုံဆွေးနွေးခဲ့သည်။ 

ထို့ပြင် ရှမ်းပြည်နယ် (မြောက်ပိုင်း) တွင် ဖြစ်ပွားနေသော တိုက်ပွဲများ အပစ်အခတ်ရပ်စဲရန် တရုတ်အစိုးရက နိုဝင်ဘာ ၂ ရက်က တိုက်တွန်းခဲ့သည်။ 

တရုတ်နယ်စပ်ရှိ မြို့သုံးမြို့ကို လက်လွှတ်ခဲ့ရကြောင်း မြန်မာတပ်မတော်က ထုတ်ပြန်ခဲ့ပြီးနောက် အပစ်အခတ်ရပ်စဲရန် တရုတ်နိုင်ငံက တိုက်တွန်းလိုက်ခြင်းဖြစ်သည်။

“ချက်ချင်း အပစ်ရပ်ဖို့နဲ့ တိုက်ပွဲတွေ ရပ်ဖို့ သက်ဆိုင်ရာအဖွဲ့အားလုံးကို တရုတ်က တိုက်တွန်းပါတယ်” ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်းက နေ့စဉ်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

တိုက်ပွဲဖြစ်ပွားနေသော အဖွဲ့များသည် မတူကွဲပြားမှုများကို စေ့စပ်ညှိနှိုင်းခြင်း၊ ဆွေးနွေးတိုင်ပင်ခြင်းတို့ကို အသုံးပြု၍ ငြိမ်းချမ်းသော နည်းလမ်းများဖြင့် ဖြေရှင်းကြရန် တရုတ်အစိုးရက တိုက်တွန်းကြောင်း ဝမ်ဝင်ပင်းက ပြောကြားသည်။

ထို့ပြင် “ဝ” ပြည် သွေးစည်းညီညွတ်ရေးပါတီ၊ “ဝ” ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSP/UWSA) ကလည်း ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ တိုက်ပွဲများအတွင်း မည်သည့်ဘက်ကမျှ ပါဝင်မည်မဟုတ်ကြောင်း နိုဝင်ဘာ ၁ ရက်တွင် ထုတ်ပြန်သည်။ 

ရှမ်းပြည်နယ် အရှေ့မြောက်ဒေသတွင် တိုက်ပွဲများ ဖြစ်ပွားနေမှုနှင့်ပတ်သက်၍ ၎င်းတို့ထိန်းချုပ်ရာဒေသများအတွင်းသို့ လေကြောင်း၊ ကြည်းကြောင်းမှ နယ်မြေကျူးကျော်လာသော စစ်ရေးဆိုင်ရာ လှုပ်ရှားမှုမှန်သမျှကို ပြန်လည်တိုက်ထုတ်သွားမည်ဖြစ်ကြောင်း UWSA က ဆိုသည်။ 

UWSA အနေဖြင့် ရှမ်းပြည်နယ် အရှေ့မြောက်ဒေသတွင် တိုက်ပွဲများ ဖြစ်ပွားနေမှုနှင့်ပတ်သက်၍ ဘက်မလိုက်ရေးမူကို ကျင့်သုံးပြီး မည်သည့်ဘက်ကမျှ ပါဝင်သွားမည်မဟုတ်ကြောင်းနှင့် လက်ရှိဖြစ်နေသည့် လက်နက်ကိုင်ပဋိပက္ခအတွင်း ပါဝင်နေသည့် အင်အားစုအသီးသီးအနေဖြင့် အပစ်အခတ်ရပ်စဲရေးကို အမြန်ဆုံးဆွေးနွေးလုပ်ဆောင်ကြရန် တိုက်တွန်းထားသည်။ 

“ဝ”ဒေသအတွင်း နယ်မြေလုံခြုံရေးနှင့် ပြည်သူ့အသက်အိုးအိမ်စည်းစိမ်ကို ခြွင်းချက်မရှိ ကာကွယ်ပေးသွားမည်ဖြစ်ကြောင်းနှင့် “ဝ” ဒေသအတွင်းသို့ စစ်ဘေးရှောင်ရန် ဝင်ရောက်လာသည့် ပြည်သူများကိုလည်း လူသားချင်းစာနာထောက်ထားမှုအရ အခမဲ့ကူညီစောင့်ရှောက်မှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း UWSA က ထုတ်ပြန်သည်။

အပစ်အခတ်ရပ်စဲရန် တိုက်တွန်းမှုများရှိသော်လည်း ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် အရှေ့မြောက်ဒေသတို့တွင် တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့အကြား တိုက်ပွဲများက ဆက်လက်ပြင်းထန်လျက်ရှိသည်။ 

ရှမ်းပြည်နယ် (မြောက်ပိုင်း) တွင် တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် အောက်တိုဘာ ၂၇ ရက်မှ နိုဝင်ဘာ ၁ ရက်အထိ ခြောက်ရက်အတွင်း စစ်ဘေးရှောင်ဦးရေ နှစ်သောင်းနီးပါးရှိလာကြောင်း စစ်ဘေးရှောင်အရေး ကူညီနေသူများထံမှ သိရသည်။ 

လားရှိုးမြို့ရှိ ဘုန်းကြီးကျောင်းနှင့် ဘုရားကျောင်း ၁၃ ကျောင်းတွင် စစ်ဘေးရှောင်ဦးရေ ၆၇၇၂ ဦး၊ သိန္နီမြို့တွင် ကယ်ဆယ်ရေးစခန်း ခြောက်ခုတွင် စစ်ဘေးရှောင်ဦးရေ ၆၀၂၃ ဦး၊ မူဆယ်ခရိုင် ပန်ဆိုင်း (ကြူကုတ်) မြို့ရှိ ကယ်ဆယ်ရေးစခန်းသုံးခုတွင် စစ်ဘေးရှောင်ဦးရေ ၁၆၆၀ ကျော်၊ ကွတ်ခိုင်မြို့နယ် မုံးစီးဒေသရှိ ကယ်ဆယ်ရေးစခန်းသုံးခုတွင် စစ်ဘေးရှောင်ဦးရေ ၇၆၀၊ ကျောက်မဲမြို့ရှိ ကယ်ဆယ်ရေးစခန်းနှစ်ခုတွင် စစ်ဘေးရှောင်ဦးရေ ၄၄၀၊ မန္တလေးတိုင်း မိုးကုတ်မြို့တွင် စစ်ဘေးရှောင်ဦးရေ ၂၅၀ နှင့် မန်တုံမြို့နယ်တွင် စစ်ဘေးရှောင်ဦးရေ ၁၀၀ စုစုပေါင်း ၁၆၀၀၅ ဦးရှိကြောင်း စစ်ဘေးရှောင်အရေး ကူညီပေးနေသည့် တအာင်းအမျိုးသမီးအဖွဲ့အစည်းထံမှ သိရသည်။ 

လားရှိုးမြို့အနီးရှိ ကျေးရွာအချို့တွင် တိုက်ပွဲများ ဖြစ်ပွားခြင်းကြောင့် လားရှိုးမြို့သို့ ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ဘေးရှောင် အများအပြား ရှိနေသည်။ 

တိုက်ပွဲဖြစ်ပွားမှုအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များ ကျေးရွာအနီးကျရောက်ပေါက်ကွဲမှုများ ရှိလာခြင်းကြောင့် ဒေသခံများအနေဖြင့် ရွာလုံးကျွတ် လာရောက်တိမ်းရှောင်ကြခြင်းဖြစ်ကြောင်း လားရှိုးမြို့နယ် မတ်ချိနုကျေးရွာနေသူ တစ်ဦးက ပြောသည်။ 

“ဒီကနေ့ မနက်ကတည်းက သေနတ်သံတွေ လက်နက်ကြီးသံတွေ  အကျယ်ကြီး ကြားနေရတယ်။ တချို့အိမ်တွေ လက်နက်ထိမှန်မှုတွေ ရှိတယ်။ လူတွေကိုတော့ မထိဘူး။ ဒါနဲ့ ကျွန်မတို့လည်း အိမ်မှာမနေရဲတော့ ထွက်ပြေးလာကြတယ်။ ရွာကလူ အားလုံးနီးပါး ထွက်ပြေးလာကြတာ။ တချို့ ပရဟိတကားတွေနဲ့ တိမ်းရှောင်လာကြသလို တချို့လည်း ဆိုင်ကယ်တွေ ကိုယ်ပိုင်ကားတွေနဲ့ ထွက်လာကြတာ”ဟု ၎င်းက ပြောကြားသည်။

လားရှိုးမြို့ အရှေ့ဘက် မိုင်းယော်-မိုင်းကျက်ကျေးရွာသွားလမ်း အနီးတစ်ဝိုက်တွင် တိုက်ပွဲများ ဖြစ်ပွားနေခြင်းကြောင့် အနီးအနားကျေးရွာများမှ ဒေသခံများကလည်း တိမ်းရှောင်လာရခြင်းဖြစ်ကြောင်း သိရသည်။ 

“တစ်မိသားစုလုံး ရွာကနေ ထွက်လာကြတယ်။ တိရစ္ဆာန်တွေ၊ စပါးတွေ၊ ပြောင်းတွေ အကုန် ဒီအတိုင်းထားခဲ့ကြရတယ်။ အိမ်စောင့်တောင်မထားခဲ့ရဲဘူး။ သေနတ်သံတွေက ရွာနားမှာ အရမ်းနီးနေတော့ မနေရဲကြတော့ဘူး” ဟု နားဖကျေးရွာမှ ဒေသခံတစ်ဦးက ဆိုသည်။

“ကျွန်မတို့က အောင်သစ္စာကွက်သစ်မှာနေတာ။ သူက တိုက်ပွဲဖြစ်တဲ့နေရာနဲ့အင်မတန်နီးတဲ့ နေရာပေါ့။ ဒါကြောင့် ကျွန်မတို့လည်း အိမ်မှာမနေရဲကြတော့ဘူး။ အိမ်တံခါးတွေ ပိတ်ပြီး လားရှိုးကို ပြေးလာကြတာ။ ဒီရောက်တော့ ကျွန်မတို့ရပ်ကွက်နဲ့ နီးစပ်တဲ့ ရွာတွေက ဒေသခံတွေ အများအပြားလည်း ရောက်နေကြတာတွေ့ရတယ်” ဟု အောင်သစ္စာကွက်သစ်တွင် နေထိုင်သူတစ်ဦးက ဆိုသည်။

လားရှိုးမြို့သို့ လာရောက် စစ်ဘေးရှောင်ကြသူများမှာ မန်မွန်း၊ ကောင်းဖြူ၊ မတ်ချိနု၊ ပန်စိမ်း၊ နားဖ၊ မိုင်းတင်၊ ကုန်းစုံ၊ တာပုံနှင့် အောင်သစ္စာကွက်သစ်တို့မှ ဒေသခံများလည်း ဖြစ်သည်။ 

သိန္နီမြို့နယ်တွင်လည်း နိုဝင်ဘာ ၁ ရက်အထိ စစ်ဘေးရှောင်ဦးရေ ၆၀၀၀ ကျော်သာ ရှိသော်လည်း နိုဝင်ဘာ ၃ ရက်တွင် ၈၀၀၀ ကျော်အထိ မြင့်တက်လာခဲ့သည်။

တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့အကြား ပြင်းထန်နေသည့်တိုက်ပွဲများကြောင့် သိန္နီမြို့ပေါ်ရှိ ဘုန်းကြီးကျောင်း ခုနစ်ကျောင်းနှင့် ကျေးရွာလက်ရှိ ဘုန်းကြီးကျောင်း ခြောက်ကျောင်းတွင် စစ်ဘေးရှောင်များက လာရောက်ခိုလှုံနေကြကြောင်း စစ်ဘေးရှောင်အရေး ကူညီနေသူများထံမှ သိရသည်။ 

သိန္နီမြို့ပေါ်ရှိ နားဆော့ဘုန်းကြီးကျောင်းတွင် စစ်ဘေးရှောင်ဦးရေ ၃၅၀၊ ကွန်ခန်စန့်စုတ်ကျောင်းတွင် စစ်ဘေးရှောင်ဦးရေ ၇၀၀ ၊ ကျောင်းခမ်းဘုန်းကြီးကျောင်းတွင် စစ်ဘေးရှောင်ဦးရေ ၂၇၀၀၊ ကျောင်းဆိုင်ဘုန်းကြီးကျောင်းတွင် စစ်ဘေးရှောင်ဦးရေ ၃၅၀၊ မြို့လယ် မင်္ဂလာရုံကျောင်းတွင် စစ်ဘေးရှောင်ဦးရေ ၇၅၀၊ ရွှေမြင်သာဘုန်းကြီးကျောင်းတွင် စစ်ဘေးရှောင်ဦးရေ ၆၅၀၊ ပိန်းအွယ်ဘုန်းကြီးကျောင်းတွင် စစ်ဘေးရှောင်ဦးရေ ၁၅၀၀၊ ဝေဠုဝန်မန်နောင်ဘုန်းကြီးကျောင်းတွင် စစ်ဘေးရှောင်ဦးရေ ၃၅၀၊ ဓမ္မာရုံမန်နောင်ဘုန်းကြီးကျောင်းတွင် စစ်ဘေးရှောင်ဦးရေ ၃၅၀၊ ဓာတ်တော်စေတီဘုန်းကြီးကျောင်းတွင် စစ်ဘေးရှောင်ဦးရေ ၃၅၀ ရှိပြီး ဘုန်းကြီးကျောင်း ၁၀ ကျောင်းတွင် လာရောက်ခိုလှုံသည့် စစ်ဘေးရှောင်ဦးရေ စုစုပေါင်း ၈၀၅၀ ရှိကြောင်း သိရသည်။

"ထွက်ပြေးလာတဲ့ လူတွေက ရှစ်ထောင်ကျော်ရှိတယ်။ တချို့ကျောင်းတော့ အသံကြားရင် လာနေကြပြီး အသံငြိမ်ရင်တော့ အိမ်ပြန်ကြတယ်။ အခု လောလောဆယ် သူတို့ စားဖို့သောက်ဖို့က ၁၀ ရက်စာလောက်တော့ ကျန်သေးတယ်။ ဆန်စျေးဆီစျေးတွေကလည်း တစ်ဟုန်ထိုးတက်နေတယ်။ ဝယ်ရတာလည်း မလွယ်ဘူး" ဟု သိန္နီစစ်ရှောင်စခန်းကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

၀ိန်းလှိုင်ဘုန်းကြီးကျောင်း၊ စယ်ဦးဘုန်းကြီးကျောင်းနှင့် ခမ်းတိန်ဘုန်းကြီးကျောင်းများတွင် ဒေသခံများအနေဖြင့် တိုက်ပွဲပြင်းထန်သည့် အချိန်မှသာ လာရောက်တိမ်းရှောင်သောကြောင့် စစ်ဘေးရှောင်ဦးရေ စာရင်းအတိအကျကို မရရှိပေ။

လက်ရှိ သိန္နီမြို့အခြေအနေနှင့်ပတ်သက်၍ ဒေသခံတစ်ဦးက "တိုက်ပွဲဖြစ်တော့ သိန္နီတံတား ကျိုးသွားတယ်။ မြို့ထဲမှာနေတဲ့ လူတွေလည်း လားရှိုးဘက်ကို သွားလို့လည်း မရဘူး။ ကွတ်ခိုင်ဘက်ကို သွားလို့လည်း မရဘူး။ ပိတ်မိနေတယ်။ အင်တာနက်၊ ဖုန်းလိုင်းတွေလည်း ဖြတ်ခံထားရတယ်။ မီးလည်း မလာဘူး။ Kpay တွေလည်း ထုတ်လို့ မရဘူး" ဟု ပြောသည်။ 

လက်ရှိတွင် ရှမ်းပြည် (မြောက်ပိုင်း) နှင့် အရှေ့မြောက်ဒေသရှိ လားရှိုး၊ သိန္နီ၊ ကွတ်ခိုင်၊ မူဆယ်၊ နမ့်ခမ်း၊ မုံးကိုး၊ ကွမ်းလုံနှင့် လောက်ကိုင် စသည့် နယ်စပ်ဒေသများတွင် တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့အကြား စစ်ရေးပဋိပက္ခ ပြင်းထန်လျက်ရှိသည်။ 

တပ်မတော်ဘက်ကလည်း ချင်းရွှေဟော်၊ ဖောင်းဆိုင်နှင့် ကြူကုတ် နေရာသုံးခုကို လက်လွှတ်ခဲ့ရသည့်အတွက် ပြန်လည်ချေမှုန်းသွားမည်ဖြစ်ကြောင်း အတိအလင်း ပြောကြားထားပြီး ဖြစ်သည်။ 

ထို့ကြောင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) တွင် တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့အကြား စစ်ရေးပဋိပက္ခ ပိုမိုပြင်းထန်လာမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။ 

ထို့ပြင် ၁၀၂၇ စစ်ဆင်ရေး၏ ကိုးရက်မြောက်နေ့တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း) ၌ စစ်ဘေးရှောင်ဦးရေ နှစ်သောင်းကျော် မြင့်တက်လာသည့်အတွက် ထပ်မံ၍ စစ်ရေးအရှိန်မြင့်တက်လာပါက စစ်ဘေးရှောင်ဦးရေ ပိုမိုမြင့်တက်လာဖွယ်ရှိကြောင်း စစ်ရေးလေ့လာသူများက သုံးသပ်လျက်ရှိသည်။ 

 

Most Read

Most Recent