အခက်အခဲပေါင်းစုံကြားမှ ပြန်လည်ရုန်းထဖို့ကြိုးစားနေတဲ့ မြိတ်ကျွန်းစုခရီးသွားလုပ်ငန်း

အခက်အခဲပေါင်းစုံကြားမှ ပြန်လည်ရုန်းထဖို့ကြိုးစားနေတဲ့ မြိတ်ကျွန်းစုခရီးသွားလုပ်ငန်း
Published 28 October 2023

ခရီးသွားလုပ်ငန်းဝန်ဆောင်မှုပေးနေတဲ့ ကုမ္ပဏီတွေအနေနဲ့ မြိတ်ကျွန်းစုအတွင်းမှာရှိတဲ့လှပတဲ့ကျွန်းတွေကိုအားကိုးပြီး ခရီးသည်တွေကိုဆွဲဆောင်ဖို့စတင်လုပ်ဆောင်နေပါပြီ။ မြိတ်ကျွန်းစုလို့ဆိုလိုက်တာနဲ့ မြန်မာနိုင်ငံနေရာအနှံ့မှ ပြည်သူတွေအနေနဲ့ လှပတဲ့ကျွန်းတွေကိုပြေးမြင်ယောင်မိ ကြပါလိမ့်မယ်။

 ပွင့်လင်းရာသီဖြစ်တဲ့ သီတင်းကျွတ်ကာလအချိန်အခါမှာခရီးသွားလုပ်ငန်းကိုပြန်လည် ရုန်းထနိုင်ဖို့စတင်ကြိုးစားနေကြပါပြီ။ မြိတ်ကျွန်းစုဒေသမှာမုတ်သုံအားကောင်းတဲ့ဒေသဖြစ်တဲ့အတွက် သီတင်းကျွတ်ကာလမှ သင်္ကြန်ကလအထိသာ ခရီးသွားလုပ်ငန်းတွေအတွက်မျှော်လင့်ချက်ရှိတာပါ။ ခြောက်လကျော်သာကြာမြင့်တဲ့ပွင့်လင်းရာသီအချိန်အတွင်းမှာ ခရီးသည်တွေအတွက်အကောင်းဆုံးသော ဝန်ဆောင်မှုတွေကိုပေးပြီး လုပ်ငန်းရပ်တည်ကြရတာပါ။ တကယ်တော့မြိတ်ကျွန်းစုဟာနာမည်ကြီး ထမင်းငတ်ဖြစ်နေတာကြာပါပြီ။ 

လွန်ခဲ့တဲ့ သုံးနှစ်လောက်စတင်ပြီး ကပ်ရောဂါအနေအထားများကြောင့် ပထမဆုံးအထိနာသွားခဲ့တာက ခရီးသွားလုပ်ငန်းများပဲဖြစ်တယ်။ ’’ မြိတ်ကျွန်းစုမှာ ခရီးသွားလုပ်ငန်း ရပ်နားထားရတာ သုံးနှစ်လောက်ရှိပါပြီ။ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်မှာ နာလန်ပြန်ထဖို့ကြိုးစားကြပါသေးတယ်။ လမ်းခရီးမလုံခြုံမှုတွေကြောင့်ခရီးသွားလာမှု အတော်လေးနည်းသွားခဲ့တယ်။ အလုပ်ကိစ္စတွေနဲ့ လူမှုရေးကိစ္စတွေကြောင့်ရံဖန်ရံခါရောက်လာတဲ့ ခရီးသည်တချို့တော့ဘုတ်တွေငှားပြီးသွားကြတာမျိုးရှိ ခဲ့တယ်။ ဒါကလည်းတစ်လမှာ လေး ကြိမ်လောက်ပဲရှိခဲ့တယ်။

’’ အခုတော့သီတင်းကျွတ်ကာလမှာ ခရီးသွားအနည်းငယ်ရောက်လာဖို့ရှိတော့ ဒါကိုမှီပြီးကျွန်တော်တို့ပြန်စဖို့ကြိုးစားနေကြတာပါ။ လောင်စာဆီစျေး နှုန်းတွေနှင့်ကုန်စျေးနှုန်းတွေကြောင့်အရင်ကစျေးနှုန်းတွေထက်များသွားပါပြီ’’ လို့ ကျွန်းခရီးစဉ်များ ဝန်ဆောင်မှုပေးနေသူတစ်ဦးကပြောကြားခဲ့ပါတယ်။ ယခုနှစ်ခရီးသွားရာသီတွင်မြိတ်ခရိုင်ခရီးသွားလုပ်ငန်းရှင်များအသင်းက သတ်မှတ်ထားတဲ့ လူတစ်ဦးအတွက်ဝန်ဆောင်ပေးမှု နှုန်းထားများမှာ လေးကျွန်း၊ သမီးလှကျွန်း နှစ်သိန်းကျပ်၊ ဒုံးရေတံခွန်၊ ညောင်မှိုင်းကျွန်း (ဆလုံလူမျိုးရွာလေ့လာရေးပါဝင်)၊ စမတ်ကျွန်း နှစ်သိန်းငါးသောင်းကျပ်၊ စမတ်ကျွန်း၊ ပဒန်းကျွန်း သုံးသိန်းကျပ်၊ ကြယ်လိပ်၊ ဘေလီ၊ စမတ်ကျွန်းကျပ်သုံးသိန်းခွဲ အဖြစ်သတ်မှတ်ထားကြောင်းသိရပါတယ်။

’’ ကိုဗစ်ကာလမဖြစ်ခင်တုန်းက ဓာတ်ဆီတစ်လီတာကို ၅၀၀ ပဲရှိတယ်။ အခုတစ်လီတာကို ၂၀၀၀ ကျော်ရှိနေပြီ။ ရေမိုင် ၅၀ ကျော်ဝေးတဲ့ အဲဒီကျွန်းတွေ ကို စပိဘုတ်လောင်စာဆီဖို့သိန်းဆယ်ချီကုန်ကျပါတယ်။ အဲဒီနှုန်းတွေကေ န့ချင်းပြန်ခရီးစဉ်တွေပါ။ ညအိပ်ခရီးစဉ်တွေဆိုရင်ဒီထက်ပိုကုန်ကျပါမယ်။ ကျွန်တော်တို့အတွက်အကျိုးအမြတ်ကျန်လားဆိုတော့ ဘာမှကျန်မှာမဟုတ်ဘူး။ မြိတ်ကျွန်းစုရဲ့ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးလာဖို့၊ ကျွန်တော်တို့လုပ်ငန်းတွေ စတင် လည်ပတ်လာဖို့အကောင်းဆုံးဝန်ဆောင်မှုပေးဖို့ကြိုးစားနေကြတာပါ’’ လို့ Moe ခရီးသွားလုပ်ငန်းမှ MD ဦးမိုးဇော်က ပြောကြားခဲ့ပါတယ်။

 ၂၀၂၃ ခုနှစ်အတွက်ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ခရီးသွားအကြံပြုချက် ၈/ ၂၀၂၃ မှာလည်း ပြည်တွင်းပြည်ပခရီးသွားဧည့်သည် များသွားလာလည်ပတ်သင့်တဲ့ ခရီးစဉ်ဒေသ ၁၄ ခုမှာ မြိတ်ကျွန်းစုပါဝင်လာခြင်းမရှိတာကို တွေ့ရပါတယ်။ လာမယ့် ပွင့်လင်းရာသီကာလအတွင်းဦးစားပေးသွားလာလည်ပတ်သင့်တဲ့ ခရီးစဉ်ဒေသ ၁၄ ခုမှာနေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပုဂံ၊ ငွေဆောင်၊ ချောင်းသာ၊ ငပလီ၊ ပြင်ဦးလွင်၊ အင်းလေး၊ ကလော /တောင်ကြီး၊ ကော့သောင်း၊ ကျောက်ဖြူ၊ မာန်အောင်၊ ပူတာအိုတို့ပါဝင်နေတာတွေ့ရတယ်။ 

’’’အဓိကအခက်အခဲကဘာတွေသွားတွေ့ရသလဲဆိုတော့ ရန်ကုန်-မြိတ် လေယာဉ်ခရီးစဉ်တွေကကျပ်နေတာ။ လေယာဉ်လက်မှတ်တစ်စောင်တန်ဖိုးက ကျပ် ၁၉၀၀၀၀ ကနေ နှစ်သိန်းကျော်အထိကုန်ကျနေတယ်။ ကုန်းလမ်းခရီးကလည်း ပြည်သူတွေမသွားလာရဲသေးဘူး။ အဲဒီတော့ လူတစ်ယောက်မြိတ်ကျွန်းစုကိုလာ ရောက်လည်ပတ်မယ်ဆိုရင် လေယာဉ်လက်မှတ်အသွားအပြန်၊ ဟိုတယ်ခ၊ ကျွန်းခရီးစဉ်တွေပေါင်းလိုက်ရင် ငွေ ၁၀ သိ်န်းလောက်အကုန်ကျမခံနိုင်ဘဲ လည်ပတ်လို့မရတဲ့အနေအထားဖြစ်နေတယ်။ အဲဒါတွေ ကလည်းအဓိကအခက်အခဲဖြစ်နေတယ်။ ကျွန်တော်တို့ကတော့ ကျွန်းတွေပေါ်မှာ ခရီးသွားဧည့်သည် တွေအတွက် Activity တွေအကောင်းဆုံးဖြစ်အောင်ကြိုးစားနေတယ်။ ဝန်ဆောင်မှုအပိုင်းတွေကို အတတ်နိုင်ဆုံးပေးဖို့လုပ်နေတယ်။ ပင်လယ်စာတွေအစုံလင်ဆုံးဖြစ်အောင်ကျွေးမွေးနိုင်ဖို့လုပ်ဆောင်နေတယ်’’ လို့ Adman Beauty  Travel & Tour မှ တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့ပါတယ်။

ကမ္ဘာပေါ်မှာရှိတဲ့ခရီးသွားဧည့်သည်တွေအများဆုံးသွားရောက်လေ့ရှိတဲ့နေရာတွေကလည်း Marine Tourism ဖြစ်ပြီး ခရီးသွားအားလုံးရဲ့ ၆၀ ရာခိုင်နှုန်းက Marine Tourism ပဲဖြစ်တယ်။ မြန်မာနိုင်ငံမှာ မြိတ်ကျွန်းစု တစ်ခုတည်းကသာလျှင် Marine Tourism ကိုစွဲမြဲစွာဝန်ဆောင်မှုပေးနေတဲ့အတွက်နို်င်ငံတော်အနေ နဲ့လည်းအားပေးကူညီသင့်ပါတယ်။

’’ မြိတ်ကျွန်းစုမှာတော့ ခရီးသွားလုပ်ငန်းစတင်လည်ပတ်ဖို့လုပ်ဆောင်နေပါပြီ။ ကျွန်းတွေကိုခရီးသွားလုပ်ငန်းရှင်များအသင်းကသွားရောက်ပြီး လေ့လာမှုတွေလုပ်ထား ပြီးပါပြီ။ ခရီးစဉ်တွေလည်း ရေးဆွဲဝန်ဆောင်မှုပေးနေပါပြီ။ အခက်အခဲကဘာရှိသလဲဆိုတော့မြိတ်ကျွန်းစု ကိုလာရောက်ဖို့လေယာဉ်လက်မှတ်အကုန်ကျစရိတ်တွေ၊ ကားလမ်းခရီးသွားလာဖို့ပြည်သူတွေမဝံ့မရဲ ဖြစ်နေတာတွေရှိနေတယ်’’ လို့ ဟိုတယ်နှင့်ခရီးသွားလာရေးဦးစီးဌာနမှတာဝန်ရှိသူတစ်ဦးကပြောကြား ခဲ့ပါတယ်။

လက်ရှိမှာပြည်တွင်းခရီးသွားတွေကိုပဲအဓိကဝန်ဆောင်မှုပေးမှာဖြစ်ပြီး ညအိပ်ခရီးစဉ်များကိုလည်း သွားရောက်လည်ပတ်နိုင်မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ လက်ရှိဆောင်ရွက်နေတဲ့ခရီးစဉ်ဒေ သကြီး လေးခုရှိပါတယ်။ ရန်ကုန်၊ မန္တလေး၊ ပုဂံ၊ တောင်ကြီးဆိုတဲ့ လေးခုရှိပြီး ငါးခုမြောက်ခရီးစဉ်ဒေသကြီး မှာ Marine Tourism အဖြစ်မြိတ်ကျွန်းစုကိုထည့်သွင်းနိုင်ဖို့ဆောင်ရွက်ပေးသင့်ပါတယ်။ မြိတ်ကျွန်းစုခရီးသွားလုပ်ငန်းဖွံ့ဖြိုးဖို့အခြေခံကျတဲ့ကဏ္ဍတွေကိုဖြည့်ဆည်းဆောင်ရွက်ပေးသင့်ပါတယ်။ မြိတ်ကျွန်းစုခရီးသွားလုပ်ငန်းကတော့အခက်အခဲပေါင်းစုံရှိနေပါတယ်။ ဒါပေမဲ့ အခက်အခဲပေါင်းစုံကြားမှပြန်လည်ရုန်းထလာနိုင်မလားဆိုတာကတော့ စောင့်ကြည့်ကြရမှာပဲဖြစ်ပါတယ်။

                                                                                        ဇော်မိုးဦး ( မြိတ် )

Most Read

Most Recent