ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အတွင်းရေးမှူး အဖွဲ့အား ထပ်မံတိုးချဲ့ ဖွဲ့စည်းမည်

ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အတွင်းရေးမှူး အဖွဲ့အား ထပ်မံတိုးချဲ့ ဖွဲ့စည်းမည်
Published 27 December 2016
ဝီရနေမိုး

ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အတွင်းရေးမှူး အဖွဲ့အား မူလက အတွင်းရေးမှူး ကိုးဦး ရှိရာမှ ၁၅ ဦးအထိ ထပ်မံတိုးချဲ့ ဖွဲ့စည်းမည်ဖြစ်ကြောင်း UPDJC အတွင်းရေးမှူး အဖွဲ့ဝင် ဦးလှမောင်ရွှေက ဒီဇင်ဘာ ၂၇ ရက်တွင် ပြောကြားသည်။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) အရ ပေါ်ပေါက်လာသည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ကို အစိုးရ၊ တပ်မတော်၊ လွှတ်တော်တို့မှ ကိုယ်စားလှယ်များ ပါဝင်သည့် အစိုးရ အစုအဖွဲ့၊ NCA လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် ကိုယ်စားလှယ်များ ပါဝင်သည့် တိုင်းရင်းသား လက်နက်ကိုင်များ အစုအဖွဲ့နှင့် နိုင်ငံရေး ပါတီများမှ ကိုယ်စားလှယ်များ ပါဝင်သည့် နိုင်ငံရေး ပါတီများ အစုအဖွဲ့တို့ဖြင့် ဖွဲ့စည်းထားသည်။
ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပြီး၊ ဒုတိယ ဥက္ကဋ္ဌ သုံးဦးအဖြစ် အထက်ပါ အစုအဖွဲ့ သုံးခုမှ အစုအဖွဲ့ တစ်ခုလျှင် တစ်ဦးစီဖြင့် လည်းကောင်း၊ အတွင်းရေးမှူး ကိုးဦးအဖြစ် အစုအဖွဲ့ တစ်ခုလျှင် အတွင်းရေးမှူး သုံးဦးစီဖြင့် လည်းကောင်း တာဝန်ယူထားသည်။
ဦးလှမောင်ရွှေက “အတွင်းရေးမှူး အဖွဲ့ဝင်က လုပ်ငန်းကော်မတီ ငါးခုအတွက် အတွင်းရေးမှူး တစ်စုကို ငါးယောက်စီ သုံးစုကို ၁၅ ယောက်ဆိုတဲ့ ပုံစံ၊ အဲဒီအတွက်ကို ဒီအောက်တိုဘာ ၂၈၊ ၂၉ UPDJC အစည်းအဝေး ဆုံးဖြတ်ချက်မှာ ဒါက ပါတယ်။ ဒါပေမဲ့ အတည်ပြုတာကိုတော့ နောက်လာမယ့် UPDJC အစည်းအဝေးကျမှပဲ အတည်ပြုပေးမှာပေ့ါ” ဟု ပြောကြားသည်။
ဒေသအလိုက်၊ လူမျိုးအလိုက်၊ အကြောင်းအရာအလိုက် ကျင်းပမည့် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများအတွက် နိုင်ငံရေးကဏ္ဍ၊ လုံခြုံရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ လူမှုရေးကဏ္ဍ၊ မြေယာနှင့် သဘာ၀ သယံဇာတ ကဏ္ဍတို့မှ ခေါင်းစဉ်များအား ဆွေးနွေးရမည်ဖြစ်သည်။ အဆိုပါ ကဏ္ဍ ငါးရပ်အတွက် သက်ဆိုင်ရာ ကဏ္ဍအလိုက် လုပ်ငန်းကော်မတီများ ဖွဲ့စည်းရန် လိုအပ်ပြီး အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများမှ ရရှိလာသည့် သဘောထား ဆန္ဒများအား စုစည်းကာ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစု ပင်လုံသို့ တင်သွင်းရမည်ဖြစ်သည်။
ယင်းကဏ္ဍ ငါးခုအနက် လုံခြုံရေး ကဏ္ဍကိုမူ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများတွင် ဆွေးနွေးစေမည် မဟုတ်ဘဲ ပြည်ထောင်စု အဆင့်တွင်သာ ဆွေးနွေးမည်ဟု UPDJC က သတ်မှတ်ထားသည်။
ကဏ္ဍအလိုက် လုပ်ငန်းကော်မတီ တစ်ခုလျှင် UPDJC အတွင်းရေးမှူး သုံးဦးစီ ပါဝင်မည်ဟု UPDJC တာဝန်ရှိသူများထံမှ သိရသည်။
အောက်တိုဘာ ၂၈ ရက်နှင့် ၂၉ ရက်များက နေပြည်တော်၌ ပြုလုပ်ခဲ့သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေးတွင် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ လုပ်ငန်းလမ်းညွှန်ကို အတည်ပြုခဲ့ပြီး၊ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပရန် နေရာဒေသ လျာထားခြင်းနှင့် အတွင်းရေးမှူးအဖွဲ့ တိုးချဲ့ ဖွဲ့စည်းရေး ကိစ္စတို့အား ဆွေးနွေးခဲ့သည်။
လက်ရှိတွင် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပနိုင်ရေးအတွက် ကြီးကြပ်ရေးကော်မတီများ ဖွဲ့စည်းခြင်း၊ ကဏ္ဍအလိုက် လုပ်ငန်းကော်မတီများ ဖွဲ့စည်းခြင်းနှင့် အတွင်းရေးမှူးအဖွဲ့ တိုးချဲ့ဖွဲ့စည်းခြင်း စသည်တို့ကို ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) က အတည်ပြုရန် လိုအပ်လျက် ရှိရာ UPDJC ပုံမှန် အစည်းအဝေးအား ၂၀၁၇ ဇန်နဝါရီ ဒုတိယပတ်တွင် ပြုလုပ်ရန် လျာထားကြောင်း UPDJC အတွင်းရေးမှူး အဖွဲ့ဝင် ဦးစိုင်းကျော်ညွန့်ထံမှ သိရသည်။
ရှေးဦးစွာ အစိုးရက ဦးဆောင်မည့် ဒေသအလိုက် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲကို တနင်္သာရီတိုင်း ဒေသကြီးတွင် လည်းကောင်း၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် တရားဝင် နိုင်ငံရေး ပါတီများက ဦးဆောင်မည့် လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲကို ကရင်ပြည်နယ်တွင် လည်းကောင်း ၂၀၁၇ ဇန်နဝါရီတွင် ကျင်းပရန် အစိုးရ၏ ငြိမ်းချမ်းရေး ကော်မရှင်နှင့် ဒေသခံ အဖွဲ့အစည်းများ အနေဖြင့် ဒီဇင်ဘာ တတိယပတ် အတွင်းက သဘောတူညီမှု ရရှိခဲ့ပြီး ဖြစ်သည်။
အကြောင်းအရာအလိုက် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲကို အရပ်ဘက် လူမှုအဖွဲ့အစည်းများက ဦးဆောင်မည်ဖြစ်ပြီး အစိုးရက နေပြည်တော်တွင် ပြုလုပ်ရန် အဆိုပြုထားကြောင်း သိရသည်။

Most Read

Most Recent